၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ဗဟန်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်၌ တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက် ယှဉ်ပြိုင်မည့် ဒေါက်တာညိုညိုသင်းက ရွေးကောက်ပွဲအောင်နိုင်ရေး ရုံးခန်းကို စက်တင်ဘာလ ၈ ရက်နေ့တွင် စတင် ဖွင့်လှစ်လိုက်သည်။
အဆိုပါ အောင်နိုင်ရေးရုံးခန်းကို ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ရေတာရှည်လမ်းသစ် အမှတ် ၃၂ ၊ ၅ လွှာတွင် လှစ်ခဲ့ခြင်းဖြစ်သည်။
ရုံးခန်းဖွင့်ပွဲ အခမ်းအနားကို ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီး၊ အောင်နိုင်ရေး ရန်ပုံငွေထောက်ပံ့သူများ၊ မြို့နယ်အတွင်းရှိ ဒေသခံများ တက်ရောက်ခဲ့သည်။
ဒေါက်တာဒေါ်ညိုညိုသင်းသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ ဝင်ရောက် ရွေးချယ်ခံခဲ့ရပြီး ၂၀၁၂ တွင် ပါတီမှ နုတ်ထွက်ခဲ့ပြီး တစ်သီးပုဂ္ဂလအဖြစ် ဆက်လက်ရပ်တည်ခဲ့သည်။
၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာကို ပြောင်းလဲ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ခြင်းနှင့် ပတ်သက်ပြီး ဒေါက်တာဒေါ်ညိုညိုသင်းက “ပြင်သင့်ပြင်ထိုက်တဲ့ ဥပဒေ တွေကို ထိထိရောက်ရောက် ပြင်နိုင်မယ် ထင်တဲ့အတွက် လက်တွေ့ကျကျ ပြောင်းလဲနိုင်တဲ့ ဥပဒေပြုခြင်းတွေ လုပ်ပေးချင်တဲ့အတွက် ပြည်သူ့လွှတ်တော်နေရာမှာ ဝင်ရောက်ရခြင်း ဖြစ်ပါတယ်” ဟုပြောသည်။
ယခုလက်ရှိ ကျင့်သုံးနေသော ဥပဒေပေါင်း ၅၀၀ ကျော်တွင် ပြည်သူလူထုကို ဖိနှိပ် ချုပ်ချယ်ထားသည့် ဥပဒေများကို လွှတ်တော်တွင် ထိထိရောက်ရောက် ပြင်ဆင်နိုင်ခြင်း မရှိသေးကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။
၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD ပါတီ) မှ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းခဲ့သော်လည်း ယင်းပါတီက ရွေးချယ်ခြင်း မရှိသောကြောင့် တစ်သီးပုဂ္ဂလကိုယ် စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ် ပြိုင်ရန် မှတ်ပုံတင်ခဲ့ခြင်း ဖြစ်သည်။
Post a Comment