စပိန်နိုင်ငံ အနောက်မြောက်ပိုင်း ကာရယ်ဒေသတွင် ကျင်းပသော ကားမောင်းပြိုင်ပွဲတွင် လမ်းချိုးတစ်နေရာ၌ အရှိန်မထိန်းနိုင်သည့် ပြိုင်ကားတစ်စီးက ပရိသတ်များကို ၀င်တိုက်မိရာ လူခြောက်ဦး သေဆုံးသွားကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
သေဆုံးသူများတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့် အသက် (၈) နှစ်အရွယ် ကလေးငယ်တစ်ဦးပါဝင်ပြီး ဒဏ်ရာရသူ ၁၆ ဦးအနက် ပြင်းထန်စွာ ဒဏ်ရာရရှိသူ ခြောက်ဦးကို ဆေးရုံသို့ တင်ပို့ထားသည်။
ယင်းပြိုင်ပွဲကို ချက်ချင်းရပ်တန့်ထားပြီး သေဆုံးသူအရေအတွက် မြင့်တက်လာနိုင်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
ပါဝင်ယှဉ်ပြိုင်သည့် ကားပေါင်း ၁၀၀ အနက် ကားတံခါးပေါ်တွင် နံပါတ် ၃၉ ဟု ဖော်ပြသော Peugeot 206 အမျိုးအစား ကားသည် လမ်းအချိုးကွေ့ တစ်နေရာ၌ အရှိန်မထိန်းနိုင်ဖြစ်ကာ လမ်းဘေးတွင် ကြည့်နေသော ပရိသတ်များကို ၀င်တိုက်ခြင်းဖြစ်သည်။
ယင်းကားကို ဒေသခံ ဆာဂျီ ယိုတာဘီယာယိုဆန်ဒီဆိုသူနှင့် တွဲဖက်ယာဉ်မောင်း လူးဝစ်မီ ဂွေးလ်ပရီဂိုတို့က မောင်းနှင်ခဲ့ကြောင်း စပိန်သတင်းဌာနများက ဖော်ပြသည်။
သေဆုံးသူများတွင် အမျိုးသမီးလေးဦးနှင့် အမျိုးသားနှစ်ဦး ပါဝင်ပြီး ၎င်းတို့တွင် အသက် (၈) နှစ်အရွယ် ကလေးငယ်တစ်ဦး ပါဝင်သည်။
ဒဏ်ရာရသူများတွင်လည်း ကလေးငယ်လေးဦးပါဝင်ကြောင်း ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိ အမျိုးသမီးတစ်ဦးက အတည်ပြု ပြောကြားသည်။
La Coruna Rally ဟု အမည်ပေးထားသော ယင်းကားမောင်းပြိုင်ပွဲကို ၁၉၈၂ တွင် စတင်ကျင်းပခဲ့ခြင်းဖြစ်သည်။
ယင်းကားမောင်းပြိုင်ပွဲ ကျင်းပရာ လမ်းတစ်လျှောက်တွင် ပွဲကြည့်သူများနှင့် ကားလမ်းကို ခြားထားသော ဘေးကင်းလုံခြုံရေး အတားအဆီးမရှိပေ။
ယင်းဖြစ်ရပ်ဆိုးနှင့် ပတ်သက်၍ ကိုယ်တိုင်ကြုံခဲ့သည့် ပရိသတ်များက ဓာတ်ပုံများကို လူမှုကွန်ရက်တွင် ဖော်ပြခဲ့ကြသည်။
ဓာတ်ပုံ-ရိုက်တာ
Post a Comment