မက္ကဆီကိုနိုင်ငံက အပန်းဖြေစခန်းတစ်ခုအတွင်းက မီးသင်္ဂြိုလ်စက်ရုံဟောင်းအတွင်းမှာ သေဆုံးနေတဲ့ ရုပ်အလောင်း(၆၀)ကို တွေ့ရှိထားတယ်လို့ ဒေသခံတာဝန်ရှိသူတွေက သတင်းထုတ် ပြန်ပါတယ်။ စွန့်ပစ်ထားတဲ့ ရုပ်အလောင်း (၆၀)ခန့်ကို ဖေဖော်ဝါရီလ(၆)ရက်က မက္ကဆီကိုနိုင်ငံ အက်ကာပယ်ကို အပန်းဖြေနေရာအတွင်းက မီးသင်္ဂြိုလ်စက်ရုံဟောင်းတစ်ခုအတွင်းမှာ တွေ့ရှိထားတယ်လို့ တာဝန်ရှိသူတွေက သတင်းထုတ်ပြန်ပါတယ်။ မီးသင်္ဂြိုလ် စက်ရုံအနီးတစ်ဝိုက်မှာ နေထိုင်တဲ့ အိမ်နီးချင်းတွေဟာ အနံ့ရတာကစပြီး မသင်္ကာလို့ ရဲခေါ်ပြီး နောက်မှာတော့ အဆိုပါ အလောင်းတွေကို တွေ့ရှိခဲ့တာဖြစ်တယ်လို့ ဒေသတွင်းမီဒီယာတွေက သတင်းထုတ်ပြန်ပါတယ်။
စွန့်ပစ်ခံထားတဲ့ ရုပ်အလောင်းတွေအနက် အမျိုးသား၊ အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေလည်းပါဝင်ပြီး အလောင်းတွေကို ဆေးစီရင်ထားတာကို တွေ့ရှိရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ရဲတွေက အခုလို အလောင်းတွေကို စွန့်ပစ်ထားတာ အပါအ၀င် မြှုပ်နှံထားတာနဲ့ ပတ်သက်ပြီး လုပ်ထုံးလုပ်နည်းတွေအရ အလောင်းတွေပြန်ဖော်ပြီး စစ်ဆေးမှာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါမီးသင်္ဂြိုလ်တိုက်ဟာ ကြွေးမြီတွေမပေးနိုင်ဘဲ ဒေ၀ါလီခံထားရတာကြောင့် ပြီးခဲ့တဲ့တစ်နှစ်က ပိတ်ထားတာဖြစ်တယ်လို့ ရဲတွေက ပြောပါတယ်။
မီးသင်္ဂြိုလ်စက်ရုံဟာ စက်တင်ဘာလတုန်းက ကျောင်းသား(၄၃)ယောက် ပျောက်ဆုံးနေတဲ့ နေရာလည်းဖြစ်တဲ့ အီဂွာလာမြို့နဲ့ (၁၂၄)မိုင်အကွာက ဂွါရာရှိ ပြည်နယ်အတွင်းမှာ ရှိတာဖြစ်ပါတယ်။ တာဝန်ရှိသူတွေကတော့ ဒီအဆောက်အဦးထဲမှာ အလောင်းတွေရှိနေတာ ဘယ်လောက်ကြာ သွားပြီလဲဆိုတာ စစ်ဆေးဖော်ထုတ်သွားမှာဖြစ်တယ်လို့ ရဲအရာရှိချုပ် မီဂွါအန်ဂယ်ဂိုဒီနပ်က ပြောပါတယ်။
MRTV-4
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.