|| ဆောင်းပါး - မင်းဒင် ||
( ၁ )
အင်း တကယ်တော့ ဖူးခက်-ဘန်ကောက် ခရီးဆိုတာ ကျုပ်အတွက်တော့ အိမ်ဦးနဲ့ကြမ်း ပြင်လို ဖြစ်နေတာ ကြာပါပြီ။ ဟိုးအရင်နှစ် တွေကဆို တစ်ပတ် တစ်ခေါက်လောက်တောင် ရွှတ်ခနဲရွှတ်ခနဲ ရောက်နေကျမို့ ဘန်ကောက် ကို သွားတဲ့အခါ လေယာဉ်ပျံရယ်၊ ဘတ်စ်ကားရယ်လို့ စိတ်ထဲ ထွေထွေထူးထူး ထားမ နေတော့ဘဲ ကြုံရာနဲ့ စခန်းသွားနေခဲ့တာ ကြာ ပါပြီလေ။
ဒါပေမဲ့ အခုတစ်ခေါက် ဘန်ကောက်ခရီးကိုတော့ ဟိုင်းဝေးဘတ်စ်ကားနဲ့ သွားဖို့စိတ် ကူးခဲ့မိသဗျ။ဟုတ်ပါ့ဗျာ။ ခုတလော လေယာဉ် ခရီးစဉ်တချို့ ပြေးလမ်းချော်တာ၊ ကောင်း ကင်ယံမှာ ငှက်အုပ်နဲ့ တိုက်မိတာ၊ လေယာဉ် ကွင်းကနေ ပျံတက်သွားပြီး တစ်နာရီသာသာ အကြာမှာ ဗြုန်းဆို ရေဒါမြင်ကွင်းကနေ ပျောက်သွားပြီး အခုအချိန်အထိတောင် သ တင်းသဲ့သဲ့ မကြားရသေးတာ၊ ဘယ်ကနေ ဘယ်လို ပျက်ကျသွားမှန်းမသိဘဲ ခုနစ်ရက် တစ်ပတ်လောက်ကြာပါမှ သမုဒ္ဒရာထဲ ထိုး ကျသွားမှန်း သိခဲ့ရတာ၊ စတဲ့စတဲ့ သတင်း တွေက ဆက်တိုက်ဆိုသလို ဖြစ်နေတာမို့ လေယာဉ်နဲ့ခရီးသွားဖို့ရာ စိတ်ထဲမှာ သရိုး သရီဖြစ်မိတာ အမှန်ပဲ။ အများသိတော်မူကြ တဲ့အတိုင်း လေကြောင်းလိုင်းထဲမှာ အဆိုး ဆုံးကတော့ အဲအေးရှားပေါ့ဗျာ။
ဒါကြောင့် သတ္တိကြောင်တယ်ပဲ ပြောပြော၊ အစိုးရိမ်လွန်တယ်ပဲ ဆိုဆို၊ ကျုပ်တော့ ဒီ တစ်ခေါက် ဘန်ကောက်ခရီးကို ဘတ်စ်ကား စီးဖို့သာ ဆုံးဖြတ်လိုက်ရတယ်။
( ၂ )
ခုနှစ်ပိုင်းတွေမှာ အိမ်တွင်းပုန်းတာများနေ တော့ခရီးထွက်ရမှာ အတော်ဝန်လေးသလို ဖြစ်နေတာ အမှန်ပဲဗျ။ ဒါပေမဲ့၊ အခုသွားရ မယ့် ဘန်ကောက်ခရီးစဉ်ဟာ ထိုင်းမှာ တစ် နှစ်နေခွင့် ဗီဇာလျှောက်ရမှာမို့ မသွားလို့လည်း မဖြစ်ပြန်ဘူးဗျာ။
ဒီတော့ မသွားခင် တစ်ပတ်လောက်အ လိုမှာ ဖူးခက်တစ်မြို့တည်းသားလို ဖြစ်နေတဲ့ ဟိုတယ်မန်နေဂျာလေး ကျော်ကျော်ခိုင့်ကို အွန်လိုင်းကနေ ဖူးခက်-ဘန်ကောက် ဟိုင်း ဝေးဘတ်စ်ကား လက်မှတ်တစ်စောင်လောက် ဖြတ်လိုက်စမ်းပါကွာဆိုပြီး နားပူလိုက်ရောဆို ပါတော့။ ဒီမှာတင် ကိုရွှေကျော်ကျော်ခိုင်က ဘတ်စ်ကားလက်မှတ်ကို အွန်လိုင်းက ဝယ် စရာမလိုဘဲ သူ့အသိ ထိုင်းမလေးတစ်ယောက် ဖူးခက်ဘတ်စ်ကားဂိတ် လက်မှတ်ရောင်းတဲ့ ဌာနမှာ မန်နေဂျာဖြစ်နေသမို့ သွားမယ့်ရက်ကို သာ အတိအကျ ပြောပေတော့တဲ့ဗျ။
ဒီလိုနဲ့ နဂိုကမှ အီလေးဆွဲနေတဲ့ကျုပ်ဟာ ဘန်ကောက်သွားမယ့်ကိစ္စကို နှစ်ရက်လောက် မေ့မေ့ပျောက်ပျောက် ဖြစ်နေပြန်ပါရော။ နောက်တစ်ချက် စဉ်းစားမိတာက ဖူးခက်-ဘန်ကောက်ခရီးဟာ ကီလိုမီတာ ၈၅၀ တောင် ရှိတာမို့ ညလုံးပေါက် အညောင်းထိုင်ပြီးစီးရ မှာ ဝန်လေးသလိုလို ဖြစ်လာပြန်တယ်။ နောက် တစ်ချက်က သေဘေးဆိုတာ လေယာဉ်ပျံမစီး ဘဲ ဘတ်စ်ကားပြောင်းစီးရုံနဲ့ ရှောင်လို့လွတ် သတဲ့လား။ ဘတ်စ်ကားနဲ့သွားတော့ကော ဘာအန္တရာယ်မှ မဖြစ်ပါဘူးဆိုတာ ဘယ်တန် ခိုးရှင်က အာမခံချက်ပေးမလဲ။ သေမယ့်အ တူတူ ခါးညောင်းတာသာ အဖတ်တင်တော့ မပေါ့။
( ၃ )
အဲသလို တောင်စဉ်းစား မြောက်စဉ်းစား လုပ်မိပြန်တော့ ကိုယ့်ကိုယ်ကိုယ်တောင် ရယ် ချင်သလိုလို ဖြစ်လာတာနဲ့ မထူးပါဘူးလေ ဆိုပြီး ကျော်ကျော်ခိုင့်ကို ဘတ်စ်ကားလက် မှတ် မဖြတ်နဲ့တော့လို့ လှမ်းတားပြီး ဘန် ကောက်က မြန်မာထမင်းဆိုင်ပိုင်ရှင်လေး အောင်မြင့်မြတ်ဆီ လှမ်းဖုန်းဆက်ပြီး လေယာဉ် လက်မှတ် တစ်စောင် အဖြတ်ခိုင်းလိုက်တော့ နာရီပိုင်းအတွင်း ကျုပ်အီးမေးလ်ကို လေယာဉ် လက်မှတ် ရောက်လာတော့တာပါပဲဗျာ။
အဲဒီလေယာဉ်လက်မှတ်ကို အီးမေးလ်မှာ ဖွင့်ကြည့်လိုက်တော့ အဲအေးရှားလေကြောင်း လိုင်းဖြစ်နေသဗျ။ အင်းလေ သွားမယ့်ရက်က သိပ်ကပ်နေတော့ သူ့ခမျာလည်း အကုန်အ ကျသက်သာမယ့် ရရာလေယာဉ်ကို ရွေးလိုက် ရတယ်ထင်ပါရဲ့။ ဒီကြားထဲမှာ ဟိုအလုပ်ဒီ အလုပ် ဗာဟီရအလုပ်တွေ များနေတာကြောင့် အဲအေးရှားလေကြောင်းလိုင်းနဲ့ ပတ်သက်တဲ့ စိုးရိမ်စိတ်တွေက ခေါင်းထဲဝင်မလာတော့ဘဲ မေ့မေ့ပျောက်ပျောက် ဖြစ်နေလိုက်တာ သွား မယ့်ရက်ကို ရောက်လာပါလေရော။
လေယာဉ်မထွက်ခင် လေဆိပ်ကို တစ်နာရီ လောက် ကြိုရောက်နေရင် တော်ပါပြီဆိုပြီး အချိန်ကပ်ထွက်လာတာမို့ အိမ်ကနေ လေဆိပ် အသွား ကားပေါ်မှာလည်း အိမ်မှာကျန်နေခဲ့ မယ့် တူတော်မောင်ကို ဖုတ်ပူမီးတိုက် ဟို ဟာမှာ၊ ဒီဟာမှာနဲ့ လေဆိပ်ရောက်တဲ့ အထိ ပါပဲ။လေဆိပ်ရောက်တော့ (Check in) ကောင်တာတွေ တစ်မျှော်တစ်ခေါ်ကြီး စီတန်း နေတာကိုကြည့်ပြီး ဪ ငါစီးရမယ့် လေ ယာဉ်ဟာ အဲအေးရှားပါလားဆိုတဲ့ အတွေး ဝင်လာတော့ စိတ်ထဲပူမိသလိုလိုတော့ အဖြစ် သား။
ဒါပေမဲ့ဗျာ အဲအေးရှားကောင်တာမှာ (Check in) ဝင်နေတဲ့ ခရီးသည် လူတန်းရှည်ကြီး ကို မြင်ရပြန်တော့ ဪငါ့နှယ် ခရီးသွား မယ့် သူချင်းအတူတူ ကိုယ့်အသက်ကျမှ ပန်းရောင်လေးထင်နေတဲ့ ငါပါကလားဆိုပြီး ကိုယ့်ကိုယ်ကိုယ် ကျိတ်တရားချရတာပေါ့။ ဖြစ်ချင်တော့ ကြာကြာ တရားမချလိုက်ရပါ ဘူးဗျာ။ လူတန်းရှည်ကြီးထဲမှာ တန်းဝင်စီနေ ရင်း လေယာဉ်ထွက်ချိန် သိပ်နီးနေတာမို့ စိတ် ထဲမသင်္ကာလှတာနဲ့ အနားမှာတွေ့တဲ့ အဲအေး ရှားလိုင်း ဝန်ထမ်းအမျိုးသမီးတစ်ယောက်ကို မေးကြည့်မိတော့ အမလေး ရှင့်လေယာဉ်က ထွက်တော့မှာ ရှင်ကျွန်မနောက်လိုက်ခဲ့ဆိုပြီး မေတ္တာရှေ့ထား အကျိုးဆောင်ပေးလိုက်တာ တိုတိုပြောရရင် လေယာဉ်ပေါ်ကို ကျုပ်ရောက် ခဲ့ရောဆိုပါတော့။
( ၄ )
လေယာဉ်ပေါ် ရောက်တော့လည်း ထိုင် ခုံနေရာရှာတာ ပါလာတဲ့ပစ္စည်းတွေ မပျောက် မရှရအောင် လေယာဉ်အံဆွဲထဲကို ထည့်နေရ တာတွေဆီ အာရုံများနေတာမို့ ဘာစိုးရိမ်စိတ် မှ ပေါ်လာချိန်မရလိုက်တာ လေယာဉ်ထွက် တဲ့ အချိန်အထိပါပဲ။
ကံကောင်းတယ် ပြောရမလား၊ ကံဆိုး တယ်ပြောရမလား မသိတော့ပါဘူးဗျာ။ ကျုပ် ထိုင်ခုံဟာ ပြတင်းပေါက်နဲ့ ကပ်လျက်ခုံဖြစ်နေ လေတော့ လေယာဉ်တောင်ပံကို အနီးကပ် လှမ်းမြင်နေရသဗျ။ ဒီမှာတင်ကျုပ်ရဲ့ အဲအေး ရှားစိတ္တဇဟာ ချိုကြွလာပြန်တော့တာပဲဗျို့။
မြေပြင်ကနေ ဝေဟင်ကို လေယာဉ်ပျံဝေါ ခနဲ ထိုးအတက်မှာ အဲဒီလေယာဉ် တောင်ပံ ကြီးဟာ ညွတ်ပဲ့ညွတ်ပဲ့နဲ့ ဖြစ်နေလိုက်တာများ ကျုပ်နားထဲမှာ ဂျွတ်ဂျွတ်၊ ဂျွတ်ဂျွတ်နဲ့ အသံ တွေတောင် ကြားနေရသလိုပါပဲဗျာ။ အမ လေးလေး သေချာစဉ်းစားကြည့်ရင် ဒီအဲ အေးရှား လေယာဉ်ပျံလက်မှတ်တွေဟာ ပေါ ချောင်ကောင်းဈေးနဲ့ ရောင်းတာမို့ လေယာဉ်ပျံ တွေဟာ လေယာဉ်ပျံတစ်စင်းရဲ့ ဒေါင်ဒေါင် မြည် အရည်အသွေး ရှိမှရှိပါ့မလား၊ လေ ယာဉ်တွေကြည့်ရတာ နည်းနည်းတော့ အို စာနေပြီထင်ပါရဲ့။
ကျုပ်စိတ်ထဲတော့ လေယာဉ်ဟာ လိုအပ် တဲ့အမြင့်ပေကို ရောက်အောင် ပျံတက်နေတုန်း မှာလည်း သိမ့်ခနဲ၊ သိမ့်ခနဲ တုန်တုန်နေ တယ်လို့ ထင်တာပါပဲဗျာ။ ဒါနဲ့ ဘေးဘီက ခရီးသည်တွေကို မသိမသာ လှမ်းအကဲခတ် ကြည့်လိုက်တော့ ဘာမှ ထူးထူးခြားခြား ဖြစ် နေတာ မတွေ့ရပါဘူး။ သူတို့အာရုံနဲ့သူတို့ အေးအေးလူလူပါပဲ။ ဪ တရားလက်လွတ် ငှက်တောင်ကျွတ်ဆိုတာ ငါပါကလား။ သေ တစ်နေ့ မွေးတစ်နေ့ ဘာဆန်းသတုံး။ မိမိ ပြုခဲ့တဲ့ ဒါနသီလသာ သံသရာရဲ့ အဖော်မ ဟုတ်လား။ စိုးရိမ်ကြောက်လန့်ရင် အဲဒီစိုးရိမ် နေတဲ့စိတ် ကြောက်နေတဲ့စိတ်ကို မြင်အောင် ရှုပေါ့။ ဒါနဲ့ ကျုပ်လည်း မျက်စိကိုစုံမှိတ် နှာ သီးဝမှာ သတိကပ်၊ ဝင်လေထွက်လေ၊ ဝင်လေ ထွက်လေဆိုပြီး မှတ်နေလိုက်ရတာပေါ့ဗျာ။
အမယ် ကြားဖူးနားဝသာရှိတဲ့ ဒီနည်းနဲ့ ရှုမှတ်လိုက်တော့လည်း အဟုတ်သားကပဲ။ ဆယ့်ငါးမိနစ်သာသာလောက်မှာ ကျုပ်စိတ် ဟာ သိသိသာသာ တည်ငြိမ်လာလေရဲ့။ တ ကယ်တော့ ကျုပ်တို့ဟာ လူ့ဘ၀ကို ရောက် လာ၊ ရလာပြီဆိုကတည်းက သေမျိုးမို့ တစ်နေ့ နေ့ တစ်ချိန်ချိန်မှာ သေနည်းတစ်မျိုးမျိုးနဲ့ သေ ကြရမှာပါပဲ။ ဝဋ်ကြွေးဆိုတာမျိုးက ဘုရား ရဟန္တာတောင် ရှောင်လို့ မလွတ်နိုင်တာက လား။ ဒီတော့ အသက်ရှင်နေထိုင်ခဲ့ရစဉ် ကာလတွေမှာ သတိလက်မလွတ်ဘဲ နေနိုင် ခဲ့ရင် သေခြင်းတရားဆိုတာ မဖြေဆည်နိုင်တဲ့ အရာမဟုတ်ပါဘူး။
( ၅ )
ဟုတ်ပါ့ဗျာ။ တည်ငြိမ်နေတဲ့စိတ်နဲ့ သေ ချာပြန်စဉ်းစား ကြည့်မိတော့ ကျုပ်ဘ၀ဟာ အများကြီး ဖြေသာခဲ့ပါတယ်။ လူတကာ မခံ စားဖူးတဲ့စည်းစိမ်၊ ကောင်းပေ့ညွန့်ပေ့ဆိုတဲ့ ရသာတဏှာပေမ၊ ဆိုတာတွေ မနည်းမနော ကျုပ်ဖြတ်ကျော် ခံစားခဲ့ပြီးပြီ။ မိုက်လုံးကြီးပြီး မိုက်ခဲ့သမျှ ကံကောင်းထောက်စွာ ခုချိန်အ ထိ အသက်နဲ့ခန္ဓာ မြဲလျက် ကျန်းမာပကတိ ချမ်းသာစွာရှိနေသေးတယ်။ နောင်တ တရား တွေနဲ့ လိမ္မာတော့မယ့် လမ်းစပေါ်ကိုလည်း စတင်လျှောက်လှမ်း နေနိုင်ခဲ့ပြီ။ မသေခင် စပ်ကြား အိုမင်းမစွမ်းတဲ့အခါ လူတန်းစေ့နေ နိုင်တဲ့ ဥစ္စာဓန၊ အကြွယ်ဝကြီး ကြွယ်ဝတယ် မဆိုနိုင်ပေမယ့် အထိုက်အလျောက် ရှိနေခဲ့ပြီ။ ဘာပူစရာရှိလို့တုံး။
သားသမီးရဲ့ နောင်ရေးနဲ့ ပတ်သက်လို့ လည်း မိဘတစ်ယောက်အနေနဲ့ ကျေပွန်သင့် သလောက် ကျေပွန်ပြီး အိမ်ထောင်လျက်သား ကျ၊ အခြေတကျ ဖြစ်နေပြီခဲ့ပြီမို့ နောင်တ တစ်ဖန် ပူပင်စရာမရှိပါဘူး။ လက်ရှိ အခြေအ နေမှာလည်း ရှာလို့ဖွေလို့ ရသမျှထဲက ဆင်း ရဲချို့ငဲ့ နွမ်းပါးသူတွေကို တတ်နိုင်သလောက် ကူညီထောက်ပံ့နေတာမို့ သေချာတွေးလေ သေရမှာ ကြောက်စရာ မကောင်းလေပါပဲဗျာ။
ဒီလိုနဲ့ ကျုပ်ဟာ အဲအေးရှားလေယာဉ် ကြီးကို နှလုံးစိတ်ဝမ်း အေးချမ်းစွာ စီနင်း လိုက်ပါလာခဲ့တာ ဘန်ကောက်မြို့ကို အပေါ် စီးကနေ မြင်လိုက်ရတဲ့အခါမှာတော့ မထင် မှတ်ထားတဲ့ သောကအပူလုံးကြီး တစ်ခုဟာ ကျုပ်ရင်ဘတ်ကို အုန်းခနဲနေအောင် ဝင် ဆောင့်ပါတော့တယ်။ ဟုတ်ပါတယ်။ ကျုပ်မြင် နေရတဲ့ ဘန်ကောက်မြို့ကြီးဟာ နေရာအနှံ့ လျှပ်စစ်မီးရောင်ရှိန်တွေနဲ့ နတ်ဘုံနတ်နန်းတမျှ တင့်တယ်ခံ့ညားနေလေရဲ့။ တကယ်ဆို ဘန် ကောက်မြို့ဟာ အခြားအခြားသော ကမ္ဘာ့အ ဆင့်မီ မြို့ကြီးတွေနဲ့ နှိုင်းစာရင် ဘာမှ ပြောပ လောက်စရာ မရှိပါဘူး။
ဒါပေမဲ့ဗျာ။ ကျုပ်တို့ ဇာတိတိုင်းပြည်မှာ တော့ တစ်နိုင်ငံလုံး လျှပ်စစ်မီးလင်းဖို့ နေနေ သာသာ၊ အိမ်ပေါက်စေ့၊ ဖယောင်းတိုင်ထွန်း နိုင်ဖို့ လုံးပန်းနေကြရတုန်း၊ မနက်စာညစာ ထမင်းနပ်မှန်အောင် ရုန်းကန်နေကြရတဲ့ သူ တွေက အများစု၊ ပညာသင်ချိန် မသင်နိုင်ကြ၊ တရားဘာဝနာ မပွားများနိုင်ကြ။ စီးပွားရေး မှာ ဖွတ်ကျော ပြာစုဘ၀။ ဘယ်နေရာ ကြည့် ကြည့် ကိုးဆယ်ရာခိုင်နှုန်းသော လူထုဟာ အမွဲတကာ့ထိပ်ခေါင် ဖွတ်မင်းနောင်၊ တိုင်း ပြည် အနာဂတ်ကလည်း ဖွတ်ဘိုးအေ ထိုင်ငို လောက်တဲ့ဘ၀။ ပညာရေးမှာ ဖွတ်၊ စီးပွားရေး မှာဖွတ်၊ နိုင်ငံရေးမှာ ဖွတ် ဘယ်နေရာကြည့် ကြည့် ဖွတ်စာရင်း ဝင်နေတာတွေကို တွေး တွေးပြီး ငါ့တိုင်းပြည် ငါ့လူမျိုး ဖွတ်ဘ၀ကနေ လွတ်မြောက်အောင် ငါဘာတစ်ခုမှ မလုပ်နိုင်ခဲ့သေးပါကလားဆိုတဲ့ ခံစားချက်ပေါ်လာတော့ ကျုပ်ဟာ စောစောလေးကတင် ဖြေ သာခဲ့တဲ့ သေခြင်းတရားအပေါ် ကျေနပ်လက်ခံ တဲ့ စိတ်ဟာ ကြက်ပျောက် ငှက်ပျောက် ပျောက်သွားတော့တာပါပဲ။ ဘာကောင်မှ မ ဟုတ်တဲ့ကျုပ်ဟာ လတ်တလော သေရမှာကို စိတ်မဖြောင့်သလို ဖြစ်လာတယ်။
သေချာတွေးလေ နက်နက်နဲနဲတွေးလေ ဖြေမဆည်နိုင်လေ ဖြစ်လာတာမို့ အတော့်ကို ဆိုးဝါးတဲ့ခံစားချက်ပါပဲ။
( ၆ )
ကျုပ်ဟာ ကံကောင်းထောက်မစွာနဲ့ ဘန် ကောက်မြို့ကို ဘေးမသီရန်မခ ရောက်ခဲ့ပါ တယ်။ အေးဗျာ။ ကျုပ်လေယာဉ်ပေါ်မှာ ဖြစ် ပေါ်ခဲ့တဲ့ ခံစားမှုမျိုးနဲ့ နောက်ကျတဲ့နောင်တ မဖြစ်ရလေအောင် မသေခင်အချိန်လေးမှာ တိုင်းပြည်နဲ့ လူမျိုးအပေါ် တတ်နိုင်သမျှ တာ ဝန်ကျေခဲ့မှ ဖြစ်တော့မယ်လို့ လေးလေးနက် နက် တွေးမိပါတယ်။ အရေးဟယ်အကြောင်းဟယ် ဖြစ်လာရင် နောင်တတရားတွေနဲ့ ပူပင် ရတဲ့ဘ၀မျိုး၊ ဘယ်သူ့ကိုမှ မကြုံစေချင်ပါဘူး။
ဟုတ်ပါတယ်။ ကျုပ်ဟာ ဘာမှ မည် မည်ရရ ကြီးကြီးကျယ်ကျယ် လုပ်နိုင်တဲ့၊ လူ တစ်ယောက်တော့ မဟုတ်ပါဘူး။ ဒါကြောင့် အခုခင်ဗျားဖတ်နေတဲ့ ဒီစာကြောင့် ခင်ဗျား စိတ်ထဲမှာ ကျုပ်နဲ့အလားတူ အတွေးမျိုး တစ် စွန်းတစ်စ ပေါ်လာခဲ့ရင် ကျုပ်ရဲ့ပွဲဦးထွက် တောက်တိုမည်ရ တာဝန်ကျေပွန်မှု တစ်ခုလို့ သာ သဘောပိုက်စေ့ချင်ပါတယ်။

The Ladies News Journal
Post a Comment