0

ကမ္ဘာကြီးပေါ်မှာ ထူးဆန်းတဲ့ နေရာတွေ၊ ထူးဆန်းတဲ့ သတ္တ၀ါတွေနဲ့ ပြည့်နှက်နေတယ် ဆိုတာကို သင်သတိထားမိ ပါရဲ့လား။ ကမ္ဘာပေါ်မှာ လူသားတွေ အပါအ၀င် ဆင်၊ ကျား၊ ခြင်္သေ့၊ ပြောင်၊ မိကျောင်း၊ ငါးမန်း အစရှိတဲ့ သတ္တ၀ါတွေ အပြင် ငှက်တွေ၊ ပိုးမွားတွေ၊ တွားသွား သတ္တ၀ါတွေ၊ ဘက်တီးရီးယားတွေ ကအစ သက်ရှိ မျိုးစိတ်တွေ သန်းနဲ့ချီပြီး နေထိုင်နေ ကြတာပါ။ တစ်ချို့ သတ္တ၀ါတွေ ဆိုရင် ရှာတွေ့ထားတာပဲ ရှိပြီး သူတို့အကြောင်းကို ပညာရှင်တွေ ကိုယ်တိုင် မသိကြသေး ပါဘူး။ ဒီသတ္တ၀ါတွေ အထဲကမှ အထူးဆန်းဆုံးလို့ ဆိုရမယ့် သတ္တ၀ါ အချို့ကို ဖော်ပြပေးလိုက် ပါတယ်။
နှုတ်ခမ်းရဲ လင်းနို့ငါး (Red-lipped Batfish)
batfish
နှုတ်ခမ်းနီ ရဲရဲလေး ဆိုးထားတဲ့ မိန်းမပျိုလေးရဲ့ နှုတ်ခမ်းတစ်စုံကို ဒီငါးမှာ ရှာတွေ့နိုင်ပါတယ်။ ငါးလို့ သတ်မှတ်ထား ပေမယ့် တစ်ကယ်တော့ ဒီသတ္တ၀ါက ရေလည်း မကူးတတ်ပါဘူး။ သူ့ရဲ့ ရင်အုပ်မှာ ရှိတဲ့ ရေယက်တွေကို သုံးပြီး သမုဒ္ဒရာရဲ့ အောက်ခြေမှာ လမ်းလျှောက် ပါတယ်။ ဒီငါးကို ပစိဖိတ် သမုဒ္ဒရာ ထဲမှာရှိတဲ့ ဂါလာပါဂို့စ် ကျွန်းမှာ တွေ့နိုင်ပါတယ်။
နတ်ဆိုးငါးမန်း (Goblin Shark)
GoblinShark
နာမည် ဆိုးသလို ငါးရဲ့ အသွင်သဏ္ဍာန်ကလည်း တစ်ကယ့်ကို ဆိုးရွားလှပါတယ်။ ရုပ်ရှင်ထဲမှာ ပါတတ်တဲ့ စုန်းမကြီးတွေ ဖန်ဆင်းတဲ့ မကောင်းဆိုးရွား သတ္တ၀ါ တစ်ကောင်လို အသွင်မျိုးနဲ့ ဒီငါးမန်းကို တစ်ချို့တွေက “သက်ရှိ ရုပ်ကြွင်း”လို့လည်း တင်စား ခေါ်ကြ ပါတယ်။ ဒီငါးကို ပင်လယ်ရေ အနက် မီတာ ၁၀၀ အောက်မှာ တွေ့နိုင်ပြီး ပိုပြီး အသက်ကြီးတဲ့ အကောင်တွေကို ပိုနက်တဲ့ နေရာတွေမှာ တွေ့နိုင်ပါတယ်။
ပန်ဒါ ပုရွက်ဆိတ် (The Panda Ant)
The-Panda-Ant
ဒီပုရွက်ဆိတ်တွေဟာ မျိုးစိတ်ပေါင်း ၃၀၀၀ လောက်ရှိတဲ့ နကျယ်ကောင် မျိုးစိတ်တွေ ထဲက တစ်မျိုးဖြစ်ပြီး အမကောင် တွေက ပိုကြီးပြီး အမွှေးထူပါတယ်။ သူတို့ ကျော်ကြားရတဲ့ အကြောင်းရင်း တစ်ခုကတော့ ပြင်းပြင်းထန်ထန် နာကျင်စေ တတ်တဲ့ သူတို့ရဲ့ အဆိပ်ဆူးတွေ ကြောင့်ပါပဲ။ ချီလီနိုင်ငံမှာ တွေ့နိုင်တဲ့ ဒီပုရွက်ဆိတ်တွေကို သူတို့ရဲ့ အဖြူနဲ့ အမည်း ရောယှက်နေတဲ့ ခန္ဓာကိုယ်ကြောင့် ပန်ဒါ ပုရွက်ဆိတ်လို့ ခေါ်ကြတာပါ။
ယောက်ျား လိင်အင်္ဂါ သဏ္ဍာန်မြွေ (Penis Snake)
Penis-Snake
မျက်စိမပါတဲ့ ဒီပုံဆိုးပန်းဆိုး သတ္တ၀ါကို မြွေတစ်ကောင်လို့ အသိအမှတ် ပြုထားပါတယ်။ ယောက်ျား တစ်ယောက်ရဲ့ လိင်အင်္ဂါနဲ့ သဏ္ဍာန် တူတာကြောင့် ဒီမြွေကို "Penis Snake"လို့ အမည်ပေးထားပါတယ်။ သူ့ရဲ့ ဇီဝအမည်ကတော့ အာထရီတို ချိုအာနာ အီဆယ်တီ ပါ။ ၂၈ လက်မလောက်ထိ ကြီးထွား နိုင်ပြီး ဘရာဇီးက မျိုးစိတ်တွေ ဆိုရင် လက်မ ၃၀ ကျော်အထိ ရှည်ပါတယ်။ ခန္ဓာကိုယ် တုတ်ပြီး ခေါင်းက ပြားပါတယ်။ ကျောဘက်တစ်လျှောက် မှာတော့ ဆူးတောင်ပုံစံ အသားမြောင်း ရှိပါတယ်။
ဆူးတောင်ပါ ပုစဉ်းရင်ကွဲ (Umbonia Spinosa)
Umbonia-Spinosa
ကျောပေါ်မှာ ဆူးတောင်ကြီး တစ်ခုပါတဲ့ ပုစဉ်းရင်ကွဲ ကောင်က သူရဲ့ နှုတ်သီးနဲ့ သစ်ကိုင်းတွေရဲ့ အပေါ်ရံ အခေါက်ကို ဖောက်ပြီး အတွင်းသားတွေကို အစာအဖြစ် စားတတ်ပါတယ်။ ဇီဝအမည် အရ အမ်ဘိုနီးယား စပင်နိုဆာလို့ ခေါ်ပြီး သူတို့ရဲ့ ထူးခြားတဲ့ သွင်ပြင်ကြောင့် သိပ္ပံပညာရှင်တွေ  အတွက် ခေါင်းစားစရာတွေ တစ်ပုံတစ်ပင် ဖြစ်နေတုန်း ပါပဲ။
နဂါးပြာ (Glaucus Atlanticus)
blue dragon
သူ့ရဲ့ အပြာရောင် ခန္ဓာကိုယ်ကြောင့် နဂါးပြာလို့ အမည်ပေးထားတာ ဖြစ်နိုင်ပါတယ်။ သူ့ရဲ့ ဇီဝအမည် ဖြစ်တဲ့ ဂလူးကပ်စ် အက်တ်လန်တီကပ်စ် ဆိုတဲ့ နာမည်ကိုတော့ သိပ်မသုံးကြ ပါဘူး။ ဒီရေနေ သတ္တ၀ါလေးက အပြာရောင် ပင်လယ်ပက်ကျိတွေနဲ့ အမျိုးတော်တယ်လို့ ဆိုပါတယ်။ သမုဒ္ဒရာရဲ့ ရေပြင်မှာ ဒီအကောင်လေး တွေကို ပေါလော မြောလျှက်သား တွေ့နိုင်ပါတယ်။ သူတို့ရဲ့ ကိုယ်တွင်းမှာ ရှိတဲ့ လေအိတ်တွေကြောင့် ရေပေါ် ပေါ်နိုင်တာပါတဲ့။
ဓါးခုတ်ကောင် ပုဇွန်ထုပ် (Mantis Shrimp)
Mantisshrimp
“ပင်လယ် ကျိုင်းကောင်”၊ “လူသတ်ကောင် ပုဇွန်ထုပ်”၊ “လက်မ ခွဲသူ”စတဲ့ နာမည်တွေနဲ့ ကျော်ကြားလှတဲ့ ဒီသတ္တ၀ါဟာ အပူပိုင်းနဲ့ အပူလျော့ပိုင်း ပင်လယ်တွေ ထဲမှာတော့ အန္တရာယ်ကြီးတဲ့ သားရဲ သတ္တ၀ါ တစ်ကောင် ဖြစ်ပါတယ်။ သာမန် ပုဇွန်ထုပ်တွေထက် အရောင်ပိုလှပြီး အကောင်လည်း ပိုကြီးပါတယ်။ လှပတဲ့ သူ့အရောင်အသွေးကြောင့်လည်း လူတွေကို ဆွဲဆောင်နိုင် ပါတယ်။ ဒါပေမဲ့ သာမာန် ပုဇွန်ထုပ်လို ထင်ပြီး လက်ချည်းဗလာ သွားဖမ်းမိရင်တော့ လက်မခွဲသူ ဆိုတဲ့ အမည်ကို အလကား ရထားတာ မဟုတ်ဘူးဆိုတာကို ဒီပုဇွန်ဆိတ်က သင့်ကို ပြသွား နိုင်ပါတယ်။ သူ့ခေါင်းအောက်မှာ ကွေးထည့်ထားတဲ့ လက်နှစ်ဖက်က တစ်ကယ့် ဓါးသွားတွေလို ထက်ပါတယ်တဲ့။
thumbb
ဓါးခုတ်ကောင် ပုဇွန်ထုပ်ကြောင့် ကွဲသွားခဲ့တဲ့ လက်မ။
shrimp
ဗင်နီဇွဲလား စုတ်ဖွားပိုးဖလံ (Venezuelan Poodle Moth)
VenezuelanPoodleMoth
အမွှေးစုတ်ဖွားဖွားရှိပြီး Alien တစ်ကောင်နဲ့ တူတဲ့ ဒီပိုးဖလံလေးကို ၂၀၀၉ ခုနှစ် တုန်းကမှ ဗင်နီဇွဲလားမှာ ကာဂျစ်စတန် နိုင်ငံသား ဒေါက်တာ အာသာအန်ကာက ရှာတွေ့ခဲ့တာပါ။ ခုချိန်ထိ ဒီပိုးဖလံလေးရဲ့ အသွင်သဏ္ဍာန် ထူးဆန်းတယ် ဆိုတာက လွဲပြီး သူ့အကြောင်းကို ဘာမှ ဂဃနဏ မသိရသေးပါဘူး။
ပါကူငါး (The Pacu Fish)
ThePacuFish
လူ့သွားလို သွားတွေ အတန်းလိုက် ပေါက်နေတဲ့ ပါကူငါးက ပါပူအာ နယူဂီနီ နိုင်ငံမှာ တွေ့ရတတ်တဲ့ ငါးမျိုးဖြစ်ပြီး ဒေသခံ ငါးဖမ်းသမားတွေ အတော်လေး ကြောက်တဲ့ ငါးမျိုးပါ။ သူ့ရဲ့ နောက်နာမည် တစ်မျိုးကတော့ “ဝှေးစေ့ ဖြတ်သူ”ပါတဲ့။ ပါပူအာ နယူးဂီနီကို ရောက်လို့ ပင်လယ်ထဲ ရေဆင်းကူးမယ် ကြံရင်တော့ သင်တို့ရဲ့ ရတနာတွေကို သေချာ သိမ်းထုပ် ထားဖို့တော့ လိုမယ်နော်။
သစ်တက် မြွေပွေး (The Bush Viper)
TheBushViper
မြန်မာ ပြည်မှာ မြင်တွေ့ဖူးနေကြ မြွေပွေးတွေနဲ့တော့ အသွင်အပြင် ပိုင်းမှာ လုံးဝကွာခြားပါတယ်။ မြွေပွေး မျိုးစိတ်ထဲ ထည့်သွင်းခြင်း ခံထားရတဲ့ ဒီမြွေတွေက အဆိပ်ပြင်းတာနဲ့ လျှင်မြန်တာ၊ ဒေါသကြီးတာ တွေမှာတော့ အတူတူပါပဲ။ ထူးခြားတဲ့ သူတို့ရဲ့ အသွေးအရောင်ရယ်၊ ခန္ဓာကိုယ် ပေါ်မှာရှိတဲ့ အကြေးခွံ အထပ်ထပ် တွေရယ်က မြန်မာလူမျိုးတွေ အစဉ်အဆက် ယုံကြည်လာကြတဲ့ နဂါးတွေရဲ့ မျိုးဆက်တွေ များလားလို့ ထင်မှတ်မှားစေ နိုင်ပါတယ်။ သူတို့ကို အာဖရိကတိုက် အနောက်ပိုင်းက မိုးသစ်တောတွေ ထဲမှာ တွေ့နိုင်ပါတယ်။
viper
အိန္ဒိယ ခရမ်းရောင်ဖား (Indian Purple Frog)
frog
ဘုတ်ပွပွ ခန္ဓာကိုယ်ရယ်၊ ချွန်နေတဲ့ နှာခေါင်းရယ်၊ ခရမ်းပုပ်ရောင် သမ်းနေတဲ့ ပျော့တွဲတွဲ အရေပြားရယ်က အိန္ဒိယ တစ်နိုင်ငံတည်းမှာ တွေ့နိုင်တဲ့ ဖားမျိုးစိတ် တစ်မျိုးရဲ့ အသွင်သဏ္ဍာန်ပါ။ သူ့ကို အိန္ဒိယ နိုင်ငံမှာ တွေ့ရတာကြောင့် အလွယ် တကူပဲ အိန္ဒိယ ခရမ်းရောင်ဖား လို့ပဲ  ခေါ်ပါတယ်။ ဒီသတ္တ၀ါကို မြေပြင်ပေါ်မှာ တွေ့ရချိန် နည်းလွန်းတာကြောင့် တွေ့ဖို့ခဲယဉ်းတဲ့ ရှားပါးစာရင်း ၀င်နေဟန် ရှိပါတယ်။ သူက တစ်နှစ်လုံးမှာမှ နှစ်ပတ်ပဲ မြေပြင်ပေါ်မှာ နေပါတယ်တဲ့။ ကျန်တဲ့ အချိန်တွေမှာတော့ သူက မြေအောက်မှာပဲ တွင်းအောင်းနေလေ့ ရှိပါတယ်။
အာတိတ် ဝေလငါးဖြူ (Narwhal)
Narwhal
ယူနီကွန်း တစ်ကောင်လို ခေါင်းမှာ ရှည်လျားပြီး ချွန်ထက်နေတဲ့ ဦးချိုပါတဲ့ ဝေလငါး မျိုးစိတ်တစ်မျိုး ဖြစ်ပါတယ်။ အေးခဲနေတဲ့ အာတိတ်ဒေသမှာပဲ နေကြတာကြောင့် အာတိတ် ဝေလငါးဖြုလို့ အမည်တွင်နေတာပါ။ ဒီဝေလငါးတွေကို အာတိတ်ဒေသနဲ့ ထိစပ်နေတဲ့ အအေးပိုင်း ဒေသတွေ ဖြစ်တဲ့ ကနေဒါ၊ ရုရှားနဲ့ ဂရင်းလန်း ကျွန်းတွေမှာ တွေ့နိုင်ပါတယ်။ အက်စ်ကီးမိုးတွေ ကတော့ ဝေလငါးဖြူတွေရဲ့ ဦးချိုကို မက်မောတာကြောင့် အမဲလိုက်လေ့ ရှိပါတယ်။
ဆူးနဂါး (Thorny Dragon)
ThornyDragon
အချွန်အတက်တွေ အပြည့်နဲ့ ခန္ဓာကိုယ်က အတောင်ပံလေးသာ တပ်ပေးလိုက်ရင် ဒဏ္ဍာရီ ရုပ်ရှင်တွေထဲက နဂါးတစ်ကောင်နဲ့ အတော်တူ တာကြောင့် ဒီနာမည်ကို ပိုင်ဆိုင်ထားပုံ ရပါတယ်။ သြစတြေးလျ နိုင်ငံရဲ့ ကန္တာရ တွေထဲမှာ ရှင်သန်နေထိုင်တဲ့ ဒီအကောင်ငယ်လေး တွေဟာ အကြီးဆုံး အကောင်တောင်မှ (၈)လက်မပဲ ရှိပါတယ်။ ပုရွက်ဆိတ်တွေကို အဓိက အစားအစာ အဖြစ် စားသုံးလေ့ ရှိပြီး ရန်သူတွေ လက်က လွတ်အောင် ရှောင်ဖို့အတွက် သူတို့နေထိုင်ရာ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ ဖြစ်အောင် အရောင်ပြောင်း နိုင်တာကြောင့် အရောင်အဆင်း အမျိုးမျိုးနဲ့ တွေ့နိုင်ပါတယ်။


Aye Chan Mon Credit To:http://www.mizzimaburmese.com

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top