0

ရန်ကုန်၊ ဇွန် ၂

သတင်းမီဒီယာများတွင် ဝေဖန်ရေး သတင်းဆောင်းပါးများ ရေးသားနေသော စာရေးဆရာ စည်သူအောင်မြင့်သည် အမျိုးသားဒီမိုကရေစီအင်အားစု (NDF ပါတီ) ကို မမှန်မကန် ပုတ်ခတ်ရေးသားသောကြောင့် အရေးယူပေးရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ထံသို့ တိုင်းကြားထားကြောင်း NDF ပါတီ ဥက္ကဋ္ဌ ဦခင်မောင်ဆွေက ပြောကြားသည်။

ရန်ကုန်တိုင်းမ် သတင်းဂျာနယ်ပါ စာရေးဆရာ စည်သူအောင်မြင့်၏ NDF ပါတီနိဂုံး အမည်ရှိ ဝေဖန်ရေး ဆောင်းပါးသည် NDF ပါတီ၏ ဒီမိုကရေစီစနစ် တည်ဆောက်ရေးအပေါ် အဆိုးမြင်စေသည့် သဘောထားများ စာဖတ်သူများအတွင်း ဖြစ်ပေါ်စေသောကြောင့် ဇွန်လ ၂ ရက်နေ့ ရက်စွဲဖြင့် တိုင်ကြားစာ ပေးပို့ခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
“လူပုဂ္ဂိုလ်ကို ထိခိုက်စေချင်လို့ မဟုတ်ပါဘူး။ ဒါပေမဲ့ ပါတီပုံရိပ်ကို ထိခိုက်လာတဲ့အတွက် တိုင်ရတာပါ။ နောက်ဆုံးအဆင့် တရားစွဲဖို့အထိ ပြင်ဆင်ထားပါတယ်” ဟု ၎င်းကဆိုသည်။

ယင်းဝေဖန်ရေး ဆောင်းပါးသည် ပါတီတစ်ခုကို နာမည်ပျက်စေရန် ရည်ရွယ်ကာ ထိခိုက်ရေးသားခြင်း မဟုတ်ဘဲ အဖွဲ့အစည်းတစ်ခု၏ လုပ်ရပ်ကို အခြေခံကာ ဝေဖန်ရေးသားခြင်းသာ ဖြစ်ကြောင်း စာရေးဆရာ ဦးစည်သူအောင်မြင့်က ပြောကြားသည်။
“ဒီလိုရေးရင် ဒီလိုဖြစ်မယ်ဆိုတာ ကြိုတွေးပြီးသားပါ။ စာနယ်ဇင်းကောင်စီက ခေါ်မယ်ဆိုလည်း သွားရမှာပေါ့။ တရားဥပဒေကြောင်းအရ ဆိုရင်လည်း ရင်ဆိုင်သွားမှာပါ” ဟု ၎င်းကဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး နှစ်ဖက်သက်ဆိုင်သူများကို တစ်ပတ်အတွင်း ဖိတ်ကြားပြီး ညှိနှိုင်းဖြေရှင်းပေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ ညှိနှိုင်းဖြေရှင်းရေး ကော်မတီ အဖွဲ့ဝင် ဒေါက်တာမျိုးသန့်တင်က ပြောကြားသည်။

“မီဒီယာကျင့်ဝတ်ကိုပဲ ကြည့်ပြီး ဟိုဘက်ဒီဘက် ပြေလည်ရာ ပြေလည်ကြောင်း ညှိနှိုင်းပေးမှာပါ၊ အဲဒါမှ မကျေလည်နိုင်ရင်တော့ တိုင်တဲ့သူရဲ့ သဘောဆန္ဒအရ သက်ဆိုင်ရာတရားရုံးမှာ ဆက်လက် ဖြေရှင်းကြပေါ့” ဟု ၎င်းကဆိုသည်။

၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ အပြီးတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီမှ ဦးဉာဏ်ဝင်းကို တရားစွဲဆိုထားခြင်းနှင့် ပတ်သက်ပြီး ဆောင်းပါးအချို့ ရေးသားဖော်ပြခဲ့မှုကြောင့် The Messenger သတင်းဂျာနယ်နှင့် ပြည်မြန်မာ သတင်းစာတို့ကို NLD ပါတီက တရားစွဲဆိုရန် စီစဉ်ခဲ့ဖူးသည်။

ACM Credit To :The Voice Weekly
http://www.ayechanmon-news1.com/

Post a Comment

 
Top