0

Written by: စိုးမင်းထိုက်

ပဋိပက္ခအသွင်ဆောင်သည့် ထူးခြားဖြစ်စဉ်များ ဆက်လက်ဖြစ်ပေါ်လာမှု မရှိစေရေးအတွက် မြေယာသိမ်းဆည်းခံရမှု ကိစ္စများကို အလေးအနက်ထား ဖြေရှင်းပေးရေးအဆိုကို လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများကြောင့် ပြည်သူများနစ်နာမှု မရှိစေရေး စုံစမ်းရေးကော်မရှင်က ပြည်ထောင်စုလွှတ်တော်တွင် တင်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။

ကော်မရှင်အနေဖြင့် လယ်ယာမြေကိစ္စများနှင့် ပတ်သက်၍ စုံစမ်းလေ့လာမှုများ ပြုလုပ်ခဲ့ကြောင်း၊ ယခင်အစိုးရလက်ထက် ၁၉၉၀-၁၉၉၁ ခုနှစ်တွင် တဲပေါ်မှတိုက်ပေါ်သို့ စီမံကိန်းဖြင့် မိကျောင်းကန်အပိုင်း (၁၊ ၂၊ ၃) အား ဖယ်ရှားခဲ့ကြောင်း၊ ဖယ်ရှားရာတွင် မြေအစားမပေးဘဲ မြို့သစ်များတွင် မြေပြန်ဝယ်ရခြင်း၊ မြေမ၀ယ်ဘဲ ဖယ်ရှားခြင်း မပြုသူများအား ဥပဒေအရ အရေးယူခြင်း၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး မကောင်းသည့် မြို့စွန်ရပ်ကွက်များသို့ အတင်းအဓမ္မ ပို့ဆောင်မှုများကြောင့် ကွင်းပြင်အတွင်း မိုးရွာထဲတွင် နေထိုင်ခဲ့ရမှုများ ရှိကြောင်း၊ အချို့မှာ မိကျောင်းကန်သို့ ပြန်လာရာတွင် အင်အားသုံး ဖျက်ဆီးခံရမှုများ ရှိခဲ့သည်ဟု စုံစမ်းတွေ့ရှိခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြေသိမ်းဆည်းသည့် အဖွဲ့များသည် သိမ်းဆည်းထားသည့် မြေပေါ်တွင် ရည်မှန်းချက်အတိုင်း အပြည့်အ၀ အကောင်အထည်ဖော်ခြင်း မရှိကြောင်း၊ နှစ် ၂၀ ခန့် မြေကွက်လပ်အဖြစ် ထားရှိခဲ့ပြီး ဟင်းသီးဟင်းရွက်နှင့် ပန်းမန်စိုက်ပျိုးသူများအား အငှားချထားမှုများရှိကြောင်း၊ ၂၀၁၃ ခုနှစ်တွင် အဆိုပါ စိုက်ပျိုးသူများအား ဖယ်ရှားခိုင်းခဲ့ရာမှ မူလနေထိုင်သူများက မြေနေရာ ပြန်လည်တောင်းခံမှုများ၊ ဆန္ဒပြမှုများ ဖြစ်ခဲ့သော်လည်း ဖြေရှင်းပေးခဲ့ခြင်း မရှိကြောင်း၊ ယင်းကိစ္စအတွက် သင့်လျော်သည့် မြို့သစ်ရှိ ရပ်ကွက်များတွင် နေရာချထားပေးသင့်ကြောင်း အကြံပြုခဲ့သည်။

ထို့ပြင် မင်္ဂလာတောင်ညွန့်မြို့နယ် မြန်မာ့ဂုဏ်ရောင် စီမံကိန်းအတွက် ၁၉၉၂ ခုနှစ်တွင် တပ်မတော်ရေမှ လူနေတန်းလျား ဆောက်လုပ်ရန် သိမ်းယူခဲ့ကြောင်း၊ ဆောက်လုပ်ခြင်းမရှိဘဲ ၀ါဝါ၀င်းကုမ္ပဏီသို့ လုပ်ပိုင်ခွင့် ချထားပေးခဲ့ကြောင်း၊ ထို့အတွက် ဖယ်ရှားခံရသူများအား သင့်လျော်သည့် နစ်နာကြေးများ ပေးသင့်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ ပန်းလှိုင်ဂေါက်ကွင်းအိမ်ရာ စီမံကိန်းအတွက် အိုးအိမ်ဦးစီးဌာနနှင့် ပုဂ္ဂလိက ကုမ္ပဏီတို့ အကျိုးတူ ဆောင်ရွက်ရန်အတွက် သိမ်းဆည်းခဲ့ခြင်းဖြစ်ပြီး စီမံကိန်းများ စတင်ခဲ့ကြောင်း၊ မြေလျော်ကြေး၊ သီးနှံလျော်ကြေးများ၊ နစ်နာကြေးများ ပေးခဲ့ခြင်းမရှိဘဲ ပေ၂၀×၆၀ မြေကွက်အား ကျပ် ၁၂၀၀၀ ဖြင့် ၀ယ်ယူစေခဲ့ကြောင်း၊ မဖယ်ပေးသည့်သူများ ထောင်ကျခဲ့ကြောင်း၊ လယ်ယာမြေ သိမ်းဆည်းရာတွင် လ/န-၃၉ မကျသေးသော်လည်း ကုမ္ပဏီနှင့် အကျိုးတူစာချုပ်ချုပ်ပြီး အဆောက်အအုံများ ဆောက်လုပ်ခြင်း၊ အငြင်းပွားဆဲ ကာလအတွင်း စီမံကိန်းများ ဆက်လက်လုပ်ဆောင်ခဲ့ကြောင်း၊ ဥပဒေအရ လယ်ယာမြေအဖြစ်သာ ရှိသေးပြီး လယ်သမားပိုင်မြေများအား တစ်စတုရန်းပေလျှင် ကျပ် ၁၅၀၀၀၀ ဖြင့်ရောင်းချရန် နိုင်ငံပိုင်သတင်းစာတွင် ထည့်သွင်းရောင်းချသည်အထိ ဥပဒေကို ပြောင်ပြောင်တင်းတင်း ဖောက်ဖျက်ကျူးလွန်လျက်ရှိကြောင်း ကော်မရှင်ထံမှ သိရသည်။

ယင်းသို့ တရားမျှတမှုနှင့် ဥပဒေနှင့် ညီညွတ်ခြင်းမရှိသည့် လုပ်ရပ်များကြောင့် တောင်သူများ၏ မကျေနပ်မှုများ ကြီးထွားလာပြီး ဆန္ဒဖော်ထုတ်မှုများ ဖြစ်ပွားခဲ့ကြောင်း၊ ပိုင်ဆိုင်ခွင့်ရှိသူများကို ကော်မရှင်အနေဖြင့် စိစစ်ပြီးသည်မှာ လေးလခန့်ရှိပြီဖြစ်ကြောင်း၊ စိစစ်ပြီးဖြစ်သော်လည်း လယ်မြေပြန်ပေးခြင်း၊ လျော်ကြေးပေးခြင်း မရှိသည့်အတွက် သိမ်းဆည်းခံလယ်သမားများကို လယ်မြေပြန်ပေးခြင်း၊ နစ်နာကြေးများ၊ လျော်ကြေးများ ပြန်ပေးသင့်ကြောင်း၊ ဥပဒေ ဖောက်ဖျက်ကျူးလွန်သည့် ဌာနဆိုင်ရာနှင့် ကုမ္ပဏီမှ တာဝန်ရှိသူများအား ဥပဒေနှင့်အညီ အရေးယူသင့်ကြောင်း တင်ပြထားသည်။

မြေသိမ်းခံရသူများအား ကာလကြာရှည်စွာ နစ်နာမှု ဖြစ်စေခဲ့သည့်အတွက် ပွင့်လင်းလာသည့် ဒီမိုကရေစီ ကူးပြောင်းရေး ကာလတွင် လူအုပ်စုဖြင့် ဆန္ဒထုတ်ဖော်မှုများ ဖြစ်ပေါ်လာကြောင်း၊ ဥပဒေနှင့် ညီညွတ်ခြင်းမရှိသည့် အကြမ်းဖက်လုပ်ရပ်များကို ပြုလုပ်နေသည့်အတွက် နိုင်ငံတော်၏ အုပ်ချုပ်ရေး ယန္တရားပုံရိပ်များကို ထိခိုက်စေကြောင်း၊ မလိုလားအပ်သည့် ပဋိပက္ခများကြောင့် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ထိခိုက်ပျက်ပြားစေကြောင်း၊ ထို့အတွက် ထူးခြားဖြစ်စဉ်များ၊ ပဋိပက္ခများနှင့် မြေယာသိမ်းဆည်းမှု ပြဿနာများကို ဥပဒေနှင့်အညီ အလေးအနက်ထား ဖြေရှင်းသင့်ကြောင်း တင်ပြထားသည်။

ဇူလိုင် ၂ ရက်ကပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တက်ရောက်လာသည့် လွှတ်တော်ကိုယ်စားလှယ်များကို တွေ့ရစဉ်

ACM Credit To: Eleven Media Group
http://www.ayechanmon-news1.com/
Photo: ပဋိပက္ခအသွင်ဆောင်သည့် ထူးခြားဖြစ်စဉ်များ ဆက်လက်ဖြစ်ပေါ်လာမှု မရှိစေရန် မြေယာသိမ်းဆည်းခံရမှု ကိစ္စများကို အလေးအနက်ထား ဖြေရှင်းဆောင်ရွက်ပေးရေးအဆို လွှတ်တော်သို့တင်သွင်းမည်

Post a Comment

Top