0


Written by: အောင်ကျော်မျိုး(ဟင်္သာတ)

ဧရာဝတီမြစ်ကမ်းပြိုမှုကြောင့် ဟင်္သာတမြို့နယ်၊ ခြင်ဘို့အုပ်စုရှိ ကျောက်ရဲ (အောင်ချမ်းသာ) မူလတန်းကျောင်း ဖျက်ရွှေ့ထားရပြီး အိမ်ခြေ ၁၁၀ ခန့် ပြောင်းရွှေ့နေရကြောင်း သတင်းရရှိသည်။

အဆိုပါစာသင်ကျောင်းသည် ကျောက်ရဲကျေးရွာရှိ အောင်ချမ်းသာနှင့် ရဲတံခွန်အစုတို့မှ ကျောင်းသား၊ ကျောင်းသူ ၉၀ ခန့် မှီခိုပညာသင်ကြားနေသောနေရာဖြစ်ပြီး တည်ဆောက်ပြီး စာသင်နှစ်နှစ်နှစ်သာ ကြာမြင့်ချိန်တွင် ထိုသို့ကမ်းနှင့်နီးလာသဖြင့် ဖျက်ရွှေ့ထားရခြင်းဖြစ်သည်။

"စဆောက်တုန်းက တာဝန်ရှိသူတွေနဲ့တိုင်ပင်ပြီး ကျောင်းကိုကမ်းနဲ့ လေးဖာလုံလောက် ခွာဆောက်ထားတာ။ ပြီးခဲ့တဲ့တစ်ပတ်လောက်မှာ ကမ်းနဲ့ကျောင်းက ပေ ၅၀ လောက်ပဲရှိလာတော့ ဖျက်ပြီးရွှေ့ရတာပေါ့။
ဒီလိုရွှေ့နေတဲ့တစ်ပတ်အတွင်းတောင် ပေ ၂၀ လောက်ထပ်ပြိုတယ်။ ကလေးတွေကို ရဲတံခွန်ဘုန်းကြီးကျောင်းမှာ စာသင်ဖို့ စီစဉ်ခဲ့ပါတယ်။ ဒါပေမဲ့ဘုန်းကြီးကျောင်းက အကာအရံမပြီးသေးတော့ မိုးပက်တယ်။ ဗွက်ထဲမှာစာသင်ရတာနဲ့ ကျန်းမာရေးအတွက် မကောင်းနိုင်တာကြောင့် လက်ရှိမှာတော့ အောင်ချမ်းသာဘုန်းကြီးကျောင်းကိုပြောင်းပြီး စာသင်ပေးနေပါတယ်" ဟု ကျောက်ရဲ(အောင်ချမ်းသာ)ဒေသခံတစ်ဦးက ပြောကြားသည်။

ခြင်ဘို့အုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်သန်းက "မိုးတွင်းအစပိုင်းက အိမ်ခြေ ၃၈ လုံးရွှေ့ပြောင်းခဲ့ရပြီး အခုနောက်ထပ် ၇၁ လုံးနဲ့ဆိုရင် ပြောင်းရတာ အိမ်ခြေ ၁၀၉ လုံးရှိသွားပါပြီ။ ကမ်းကတော့ပြိုနေတယ်။ အိမ်နားမရောက်သေးပေမယ့် မိုးတွင်းထပ်ပြိုမှာကိုစိုးရိမ်လို့ ပြောင်းနေကြသူတွေရှိတယ်။ ရဲတံခွန်အစုက ပြောင်းရတာများတယ်။ အောင်ချမ်းသာအစုလည်း နည်းနည်းပါတယ်။ ပြောင်းကြရတဲ့အိမ်တွေက ကျောက်ရဲရွာထဲမှာပဲ စုနေကြတာပေါ့။ ရွှေ့ပြောင်းမှုတွေကို ခ.လ.ရ ၁၈ ကပြီးခဲ့တဲ့နှစ်က တစ်လလောက် လာကူညီတယ်။ ဒီနှစ်လည်း တစ်ပတ်လောက်လာကူညီတယ်။ စာသင်ကျောင်းကိုတော့ မူလကျောင်းပိုင်သစ်၊ ပြီးတော့ အခုဖျက်ခဲ့တဲ့ကျောင်းကသစ်တွေနဲ့ ရွာက ကိုယ်ထူကိုယ်ထ ပြန်ဆောက်နေပါတယ်။ ရွှေ့ပြောင်းစာရင်းတွေကို ထွေအုပ်ကိုတင်ပြထားပါတယ်" ဟု ဖြေကြားသည်။

လွန်ခဲ့သော နှစ်ပေါင်း ၄၀ ခန့်က ကျောက်ရဲရွာတွင် အောင်ချမ်းသာ၊ ငါးအိမ်တန်း၊ ကျောင်းစု၊ ရဲတံခွန်၊ ငှက်ပျောတောဟူ၍ အစုငါးစု စုပေါင်းနေထိုင်ကြပြီးနောက် ကျယ်ပြန့်သောရွာမြေတွင် သီးခြားနေရာခွဲထွက်နေထိုင်ခဲ့ကြကြောင်း၊ ကမ်းပြိုမှုများ နှစ်စဉ်ခံခဲ့ရသည့်အခါ လုပ်စားမြေများဆုံးရှုံးပြီး ရွာမြေပါထိခိုက်လာသဖြင့် အစုလိုက်ပြောင်းရွှေ့ကြရင်း ယခုအခါ တစ်စုတည်းအနေအထား ပြန်လည်ဖြစ်ပေါ်လာကြောင်း၊ နောက်ထပ်ကမ်းပြိုမှုဒဏ် ဆက်လက်ခံရပါက ကျောက်ရဲကျေးရွာ မြေနေရာမရှိတော့သဖြင့် နေထိုင်ပြောင်းရွှေ့ရေး အခက်အခဲများ ဆက်လက်ကြုံတွေ့လာနိုင်ကြောင်း ဒေသခံများကဆိုသည်

မူလတန်းကျောင်းဖျက်ထားမှုကြောင့် အောင်ချမ်းသာဘုန်းကြီးကျောင်းတွင် ကျောင်းသားကျောင်းသူများအား ယာယီစာသင်ကြားနေစဉ်နှင့် ဖျက်ထားသော စာသင်ကျောင်းကို တွေ့ရစဉ်

ACM Credit To: Eleven Media Group
http://www.ayechanmon-news1.com/

Post a Comment

 
Top