လက်ရှိ ဖြစ်ပွားနေသာ မန္တလေး ပဋိပက္ခသည် နိုင်ငံရေးအရ ရိုးသားမှု မရှိသော လုပ်ကွက်ဖြစ် သောကြောင့် ရဟန်းရှင် လူအားလုံး ပါးပါးနပ်နပ် သုံးသပ်ရန် လိုအပ်ကြောင်း ရွှေည၀ါ ဆရာတော် ဦးပညာသီဟက မိန့်ကြားသည်။
သန္တိသုခကျောင်းတိုက်ကြီးနှင့် ပတ်သက်၍ လန်ဒန်ဆရာတော် ဦးဥတ္တရအပါအ၀င် သံဃာငါးပါးအား တာမွေမြို့နယ် တရားရုံးတွင် ရုံးထုတ်ချိန် ၌ ကြွရောက်လာသော ရွှေည၀ါ ဆရာတော်အား မန္တလေး ဖြစ်စဉ်များနှင့် ပက်သက်၍ The Messenger Media မှ လျှောက်ထားမှုကို ယင်းကဲ့သို့ မိန့်ကြား ခဲ့ခြင်းဖြစ်သည်။
မန္တလေးဖြစ်စဉ်က လုပ်ကွက်ကြီးကွ။ အကြံအဖန် ကွက်ကြီး။ သွေးဆူ သွေးပူပြီးတော့ လုပ်ကြစတမ်း ဆိုရင် တိုင်းပြည်က ဘယ်တော့မှ ကောင်းမှာ မဟုတ်ဘူး။ သွေးဆူအောင် လုပ်ပြီးတော့ ဒီလုပ်ကွက်ကို ဆင်နေတာ ဟု ရွှေည၀ါ ဆရာတော်က မိန့်ကြားသည်။ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ပြုလုပ်နေချိန် တွင် လွှတ်တော်တွင်း PR စနစ် တင်သွင်းမှုများ၊ မဟာသန္တိသုခ ကျောင်းတိုက်မှ သံဃာတော်များ အင်အားသုံး ဖယ်ရှားခံရမှု၊ ရုံးထုတ်ချိန် မတိုင်ခင် မန္တလေးမြို့တွင် ဖြစ်ပွားနေမှုများကို ရှုထောင့် အမျိုးမျိုးဖြင့် သုံးသပ်ကြ သော်လည်း နိုင်ငံရေးအရ ရိုးသားမှု မရှိသော လုပ်ကွက်များသာ ဖြစ်ကြောင်း ဆရာတော်က ဆက်လက် မိန့်ကြားသည်။
မဟာသန္တိသုခတုန်းက လုံခြုံရေး အင်အားတွေများတယ်။ အခု မန္တလေးကျတော့ အချိန်မီ လုံခြုံရေး လုပ်ခဲ့လို့လား။ ပုဒ်မ -၁၄၄ ဆိုတာ နေရာ တိုင်းတော့ မကောင်းဘူး။ ဒါပေမဲ့ လိုအပ်လာရင် ၁၄၄ ထုတ်။ မန္တလေးမှာ ဆိုရင် ဖြစ်ဖြစ်ချင်း ထုတ်ရမှာ။ မိတ်္ထီလာတုန်း က လုံခြုံရေးတွေက အကုန် မတ်တပ် ရပ်နေတာ ဟု ဆရာတော်က ဆက်လက် မိန့်ကြားသည်။
မန္တလေးဖြစ်စဉ် များနှင့် ပက်သက်၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ယခုလ (၂) ရက်နေ့တွင် ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ပြီး ယင်းကြေညာချက်တွင် ပြည်သူလူထုအနေ နှင့်လည်း ယခင်က ကြုံတွေ့ခဲ့ ဖူးသော ပဋိပက္ခများ၏ ဖြစ်စဉ်ကို အခြေခံလျက် သတိကြီးကြီးဖြင့် ဆင်ခြင် သုံးသပ်ရန် လိုအပ်ကြောင်း၊ နောက်နောင်တွင်လည်း ဤကဲ့သို့သော ကောလာဟလ နှင့် သတင်းမှားများ မကြာခဏ ပေါ်ပေါက်လျက် အများ ပြည်သူ တို့အား မလိုလားအပ်သော လှုပ်ရှားမှုများ ဖြစ်ပေါ်စေရန် ဆက်လက် ပေါ်ပေါက်စေ လိမ့်မည်ဟု ယုံကြည်ကြောင်း သတိပေးထားသည်။
မန္တလေးမြို့တွင် ဇူလိုင်လ (၁) ရက်နေ့ ညမှ စတင်ကာ ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး စတင် ဖြစ်ပွားသည့် ညတွင် ရဲတပ်ဖွဲ့ဝင် တစ်ဦး အပါအ၀င် ထိခိုက်ဒဏ်ရာ ရရှိသူ ငါးဦးရှိ ခဲ့ပြီး ဇူလိုင်လ (၂) ရက်နေ့ ညတွင် သေဆုံးသူ နှစ်ဦးနှင့် ထိခိုက် ဒဏ်ရာရရှိသူ (၁၄)ဦး အထိရှိ ခဲ့ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်ချက်များ အရ သိရသည်။
အဆိုပါ ပဋိပက္ခ ဖြစ်စဉ်တွင် ပြစ်မှု ကျူးလွန်သူများကို မဖြစ်မနေ ဖော်ထုတ်ဖမ်းဆီး အရေးယူ သွားမည် ဖြစ်ကြောင်း မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်သည့် ၀န်ကြီးချုပ်နှင့် ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့ တွေ့ဆုံပွဲတွင် မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်က ပြောဆို ခဲ့သည်။
ACM Credit To: Messenger News Journal
http://
Post a Comment