ချင်းတွင်းမြစ်ရေ တိုက်စားခဲ့၍ ၂၀၁၂ ခုနှစ်က ရွာလုံးကျွတ် ပြောင်းရွှေ့ ခဲ့ရသော်လည်းအုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများက ရွှေ့ပြောင်းပေးသည့် နေရာ၌ မနေသဖြင့် ကျောင်းပြောင်းရွှေ့ခွင့် မရကြောင်း၊ ပြောင်းရွှေ့နေထိုင်သည့် ရွာနေရာသစ်သို့ ဆရာ၊ ဆရာမများမှ လာရောက် စာမသင်ကြားနိုင်၍ ယာယီတဲထိုးကာ လုပ်အားပေးများကို စာသင်ခိုင်းနေရကြောင်း ရှစ်အိမ်တန်းကျေးရွာ ကျောင်းကော်မတီဝင် ဦးထိန်ဦးက ပြောကြားသည်။
“ဒီနှစ်မှာဆို စတုတ္ထတန်းက အစိုးရစစ်လို့ ကြားတယ်။ ကျွန်တော်တို့ လေးတန်းကျောင်းသား ကလေးတွေက ဒီပုံနဲ့ဆိုရင် စာမေးပွဲကို အောင်မှတ်ရဖို့ အံဝင်ခွင်ကျ ဖြေတတ်ပါ့မလား။ ခုဖြစ်နေတာက ကလေးတွေကို ရွာထဲက လုပ်အားပေးအပြင် လူတွေသင်နေတာ ဒီလိုသင်နေပေမယ့် ဒါက တရားဝင် ဖြစ်မဖြစ်က မသိရသေးဘူးဗျ။ ဘယ်လိုပဲဖြစ်ဖြစ် ကလေးတွေရဲ့ ပညာရေးကိုတော့ နှောင့်နှေးတာမျိုး မဖြစ်အောင်တော့ စီစဉ်သင့်တယ်” ဟု ကျောင်းဆရာအဖြစ် ရှစ်နှစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးမြင့်နိုင်က ဆိုသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ရေစကြိုမြို့နယ် ပညာရေးမှူးရုံးထံ ဆက်သွယ်မေးမြန်းရာ မြို့နယ်ပညာရေးမှူးမှာ ရေစကြိုမြို့နယ်တွင် ယခုမှ တာဝန်ထမ်းဆောင်ခြင်း ဖြစ်သဖြင့် ဖြေကြားနိုင်ခြင်း မရှိကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယင်းကမ်းပြိုမှုကြောင့် ရှစ်အိမ်တန်းကျေးရွာ အိမ်ထောင်စု ၁၈၉ စု၊ လူဦးရေ ၇၇၀ က ညောင်တောကျေးရွာ အရှေ့တောင်ဘက် ချင်းတွင်းမြစ်ရေ တားတမံ ရေတံခါးအမှတ် ၂ နှင့် ၃ ကြားတွင် ရွာသစ်တည်ကာ နေထိုင်ခဲ့သဖြင့် ယခင်က အမှတ် ၄၂ အခြေခံပညာ မူလတန်းကျောင်းတွင် ပညာသင်ကြားခဲ့သော ကျောင်းသား ကျောင်းသူ ၇၉ ဦးကို တာဝန်ကျ ဆရာ ဆရာမများက အုပ်ချုပ်ရေးပိုင်းက ဖိအားပေး၍ ရွာသစ်တွင် လာရောက်သင်ကြားခြင်း မရှိကြောင်း အဆိုပါကျေးရွာမှ ကျောင်းသားမိဘများက ဆိုသည်။
ACM Credit To: The Voice Weekly
http://
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.