0
နှင်းကိုရေးသည် - ရန်ကုန်တိုင်းမ် ဂျာနယ်- အတွဲ (၁၀)၊ အမှတ်(၂၅)။

လတ်တလော မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် အစိုးရအဖွဲ့ ရော၊ နိုင်ငံရေးပါတီများရော အားလုံးက တော့ ဒီမိုကရေစီနိုင်ငံတော်ဆီသို့ ဦးတည် သွားနေကြတာလို့ ဆိုပါသည်။ လွတ်လပ်ရေးရ ပြီးစ မြန်မာ့နိုင်ငံရေးအခင်းအကျင်းမှာလို မာ့က်စ် ဝါဒ၊ ကွန်မြူနစ်စနစ်၊ ဆိုရှယ်လစ်စနစ်၊ လက်ဝဲယိမ်း၊ လက်ယာယိမ်းဆိုတာမျိုး၊ မတူညီသောနိုင်ငံရေး ယုံကြည် ချက်မျိုးကို ယနေ့ထိ ဘယ်သူက ခိုင်ခိုင်မာမာ ပြောဆိုမှုမျိုး မရှိ သေးပါ။ အားလုံးက ဒီမိုကရေစီစနစ်ကိုပဲ ဟစ်ကြွေးနေကြသည်။

အသက် ၇၇နှစ်ရှိပြီဖြစ်သည့် မြန်မာနိုင်ငံ ကျောင်းသားလှုပ် ရှားမှုများတွင်ပါဝင်ခဲ့သူ ဗကသအဖွဲ့ချုပ်ခေါင်းဆောင် ဦးလှရွှေက တော့ သူ့ကို နိုင်ငံရေးသမားတစ်ယောက်ဖြစ်အောင် ဆွဲခေါ်ခဲ့သည့် မာ့က်စ်ဝါဒကို ယနေ့အထိ ယုံကြည်နေဆဲဟု ဆိုပါသည်။ မာ့က်စ်ဝါဒ နှင့်သာ မထိတွေ့ခဲ့ရရင် အခုလို ရေရှည်နိုင်ငံရေးသမားဖြစ်လာပါ့ မလားဆိုတာ သူ သံသယရှိနေသည်။

အခုရော ပြောင်းပြီလားဆိုတော့ အဲဒီယုံကြည်မှုမျိုးပဲ ခေါင်းထဲ မှာရှိနေသေးတယ်။ အဲဒီယုံကြည်မှုကို ဖက်တွယ်ပြီးတော့ပဲ သေမှာ။ အဲဒီယုံကြည်မှုကြောင့် ကမ္ဘာကြီးတစ်ခုလုံး လွှတ်မြောက်တာ၊ မလွတ် မြောက်တာ နောက်တစ်ပိုင်း။

နိုင်ငံရေးလုပ်မည်ဟုဆုံးဖြတ်ထားလျှင် ခိုင်မာတဲ့ ယုံကြည်မှု တစ်ခုတော့ ရှိဖို့လိုသည်ဟု ဦးလှရွှေကဆိုသည်။ ဒီမိုကရေစီကိုယုံ ကြည်လျှင် ဒီမိုကရေစီကိုဖက်ပြီးတော့ သေသည်အထိ ယုံကြည်ဖို့ လိုသည်ဟု သူကဆိုသည်။ အစိုးရအဖွဲ့၊ ဝန်ကြီးနှင့်လည်းတွေ့ရော No Democracy ဆိုတာမျိုး နိုင်ငံရေးခံယူချက်တော့ မလုပ်သင့်ဟု ၄င်းကပြောသည်။

ရိုးရိုးပြောရင် ဒေါ်လာလေးရရုံ၊ ကိုယ့်နာမည်လေး လူသိများရုံ ခံယူချက်မျိုးနဲ့တော့ နိုင်ငံရေးမလုပ်ပါနဲ့။
လက်ရှိမြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် အထက်ကလို အား လုံးက ဒီမိုကရေစီစနစ်ဆီသို့ဟု ဟစ်ကြွေးနေကြသည့်တိုင် သမ္မတ ဦးသိန်းစိန်၏ အစိုးရအဖွဲ့အပါအဝင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဆုံး နိုင်ငံရေးပါတီများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများအားလုံးတွင် တိကျခိုင်မာသော နိုင်ငံရေးခံယူချက်မျိုး မမြင်တွေ့ရသေးဟု မိမိတို့ ရန်ကုန်တိုင်းမ်မှမေးမြန်းခဲ့သော နိုင်ငံရေးလေ့လာသုံးသပ်သူများက ဆိုပါသည်။ ဥပမာ- လက်ဝဲ၊ လက်ယာ အယူဝါဒလိုမျိုး။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုရင်လည်း ဒီမိုကရေစီလို့ တွင် တွင်ပြောနေပေမယ့် လက်ဝဲလား၊ လက်ယာလားဆိုတာကို တော် တော် ဝေခွဲဖို့ခက်တယ်။ ဦးသိန်းစိန်အစိုးရအဖွဲ့ရဲ့လုပ်ငန်းစဉ်တွေမှာ လည်း ဒီအတိုင်းပဲ၊ လက်ဝဲလား၊ လက်ယာလားဆိုတာ ဝေခွဲရခက် တယ်။ ဝါဒနှစ်ခုစလုံးက ရောနေတယ်ဟု မြန်မာ့နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးကျော်လင်းဦးက ရှုမြင်သည်။

မြန်မာ့အရေးကျွမ်းကျင်သူ ဆွီဒင်နိုင်ငံသား သတင်း စာဆရာ ဘာတေးလင်တ်နာက လည်း လတ်တလော နိုင်ငံရေးအခင်း အကျင်းတွင် ပါဝင်ပတ်သက်နေသူများ သည် လက်ဝဲလား၊ လက်ယာလားဆိုသည်ကို ရှုမြင်ဖို့ မသေချာဘူးဟုဆိုပါသည်။

ဒီမိုကရေစီစနစ်ကိုကျင့်သုံးသောနိုင်ငံများတွင် လက် ဝဲဝါဒ၊ လက်ယာဝါဒဆိုပြီး နိုင်ငံရေးအယူအဆ၊ နိုင်ငံရေးခံယူ ချက်များဆိုတာ မဖြစ်မနေတည်ရှိကြသည်။ နိုင်ငံရေးပါတီများသည် လည်း သူတို့နိုင်ငံရေးအယူအဆပေါ်မှာ အခြေခံပြီး ဖွဲ့စည်းကြသည်။ ထို့ကြောင့် ပြည်သူလူထုကလည်း မည်သည့်ပါတီကို ဘယ်သူဦးဆောင် သည်ဆိုသည့်လူအပေါ်တွင် အခြေမခံတော့ဘဲ မူကိုကြည့်ကာ သူ တို့၏အစိုးရကို ရွေးချယ်ကြသည်ဟု နိုင်ငံရေးကျွမ်းကျင်သူ ဒေါ်ခင် မမမျိုးက ဆိုသည်။

ဦးကျော်လင်းဦးတို့၊ ဒေါ်ခင်မမမျိုးတို့လို နိုင်ငံရေးလေ့လာသုံး သပ်သူများကတော့ မြန်မာနိုင်ငံတွင် လက်ဝဲ၊ လက်ယာလိုမျိုး နိုင်ငံရေး အယူအဆ၊ နိုင်ငံရေးယုံကြည်ချက်များကိုအခြေခံသည့် နိုင်ငံရေးစနစ် တစ်ရပ် ပေါ်ထွက်သင့်ပြီဟု ယူဆကြသည်။

လက်ဝဲ၊ လက်ယာဆိုသည်မှာ
-------------------------------
တကယ်တော့ လက်ဝဲ၊ လက်ယာ၏ တကယ့်မူလဇာစ်မြစ်သည် ၁၇၈၉ခုနှစ် ပြင်သစ်တော်လှန်ရေး ဖြစ်စဉ်နောက်ပိုင်း ပြင်သစ်ပါလီ မန်က စတင်ခြင်းဖြစ်သည်ဟု သူလေ့လာထားသမျှကို အခြေခံပြီး တစ်ချိန်တုန်းက တကသနှင့် ကျောင်းသားညီညွတ်ရေးတပ်ဦး၏ ခေါင်းဆောင်တစ်ဦးလည်းဖြစ်သူ ဦးလှရွှေကရှင်းပြသည်။ သူ့အဆို အရ ပြင်သစ်တွင် လွှတ်တော်နှစ်ခုရှိသည်။ လက်ဝဲဘက်မှလူများသည် အတိုက်အခံများဖြစ်သည်။ လက်ယာဘက်မှလူများသည် ခေတ်ပြိုင် ဘုရင်ကို ထောက်ခံသူများဖြစ်သည်ဟုဆိုသည်။

ထိုမှတစ်ဆင့် လက်ဝဲ၊ လက်ယာကို မြန်မာနိုင်ငံသို့ ရောက်ရှိ လာခဲ့သည်။ ထုံးစံအတိုင်း လက်ဝဲ၊ လက်ယာ သဘောတရားအရ မြန်မာပြည်အာဏာလက်ရှိသူများသည် လက်ယာဖြစ်လာပြီး အာဏာ လက်ရှိသူများကို အတိုက်အခံလုပ်သည့်သူများသည် လက်ဝဲသမား များဖြစ်လာရသည်ဟု ဦးလှရွှေကရှင်းပြသည်။ ''ဆိုတော့ လက်ဝဲ လက်ယာဆိုတာ မာ့က်စ်ဝါဒီ၊ ကွန်မြူနစ်ကလာတာမဟုတ်ဘူး။ ဒါပေမဲ့ မြန်မာပြည်မှာကျတော့ လက်ဝဲသမားတွေက ငါတို့လို မာ့က်စ်ဝါဒကိုယုံကြည်တဲ့သူတွေ၊ ကွန်မြူနစ်ဝါဒကို ယုံကြည် တဲ့သူတွေဖြစ်နေတာ။ ဒါတော့မတတ်နိုင်ဘူး''ဟု သူ့ကိုယ်သူ လက်ဝဲသမားဖြစ်ရပုံကို ဦးလှရွှေကပြောပါသည်။
မြန်မာနိုင်ငံတွင် သူ့ကျွန်ဘဝကလွတ်မြောက်ဖို့အတွက် ကြိုးပမ်းလှုပ်ရှားစဉ်ကတည်းက ဗိုလ် ချုပ်အောင်ဆန်းကိုယ် တိုင် ဗမာပြည်ကွန်မြူနစ်ပါတီအတွင်းရေးမှူးလုပ်ခဲ့သည်။ ထိုအချိန်တုန်းကတော့ အရင်းရှင်စနစ်၏ အဖောက်ပြန်ဆုံးအခြေ အနေတစ်ရပ်ကို ရောက်ခဲ့သည်မို့ ''လွတ်မြောက်ဖို့ဆိုတာ လက်ဝဲ အယူအဆ၊ ကွန်မြူနစ်ပဲလို့ နိုင်ငံရေးခေါင်းဆောင်တွေက လက်ခံခဲ့ တယ်''ဟု တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ဗဟိုအလုပ်အမှု ဆောင် ဦးဟန်ရွှေက ပြန်ပြောပြသည်။
''ကျောင်းသားတော်တော်များများက လက်ဝဲအယူအဆကိုကြိုက် ကြတယ်။ လက်ဝဲသမားတွေဖြစ်တဲ့ သခင်စိုးတို့၊ သခင်သန်းထွန်း တို့ရဲ့ ဟောပြောချက်တွေကလဲ လက်တွေ့ကျပြီး ပြတ်သားတော့ တော် တော်လူကြိုက်များခဲ့တယ်''ဟု တစ်ချိန်က မြန်မာပြည်တွင် လက်ဝဲ ဝါဒထွန်းကားခဲ့ပုံကို ဦးဟန်ရွှေက ရှင်းပြသည်။

လက်ဝဲဝါဒကို ဆန့်ကျင်ခြင်းသည်ပင် ဒီမိုကရေစီစနစ်လို့ တချို့ က ပြောဆိုနေကြသော်လည်း အမှန်က ဒီမိုကရေစီသည် ပြည်သူ လူထုဆီမှ အာဏာဆင်းသက်ခြင်း၊ ပြည်သူကအုပ်ချုပ်ခြင်းဖြစ်သည် ဟု ဒေါ်ခင်မမမျိုးကဆိုသည်။ ဒီမိုကရေစီသည် မည်သည့်အယူဝါဒ ကိုမျှ ဆန့်ကျင်တာမျိုးမရှိသည့် နိုင်ငံရေးဗဟုဝါဒသာဖြစ်သည်ဟု သူမက ပြောသည်။

''ကမ္ဘာပေါ်မှာရှိတဲ့ မည်သည့်ဒီမိုကရေစီနိုင်ငံမှာမဆို လက်ဝဲ ရော၊ လက်ယာရော အယူအဆတွေမှာအခြေခံပြီး ဖွဲ့စည်းထားတဲ့ နိုင်ငံရေးပါတီတွေနဲ့ အခြေခံထားတာ''ဟု ဒေါ်ခင်မမမျိုးကဆိုသည်။
အဘယ်ကြောင့်ဆိုသော် လက်ဝဲဝါဒတွင် ကွန်မြူနစ်ဝါဒ၊ ဆို ရှယ်ဒီမိုကရေစီစနစ်ရှိသည်။ Central Left ရှိသည်။ လက်ယာဝါဒ တွင်လည်း လစ်ဘရယ်ဒီမိုကရေစီရှိသည်။ ကွန်ဆာဗေးတစ် အတွေး အခေါ်အယူအဆတွေလည်း ရှိသည်။ Central Right ရှိသည်ဟု ၄င်းကခွဲ ထုတ်ပြသည်။ ယခုလိုလည်း သူမက ဥပမာပေးသည်။
ဥပမာ-ယူကေမှဆိုရင် လေဘာပါတီဟာ လက်ဝဲပါတီဖြစ်ပါ တယ်။ Central Left ပါတီဖြစ်တယ်။ ကွန်ဆာဗေးတစ်ပါတီကတော့ လက်ယာပါတီဖြစ်ပါတယ်။ အဲဒီပါတီနှစ်ခုက ရွေးကောက်ပွဲတွေမှာ မဲဆွယ်စည်းရုံးတယ်။ ပြည်သူရဲ့မဲပေးမှုပေါ်မူတည်ပြီး အစိုးရဖွဲ့ပါ တယ်။ အစိုးရသက်တမ်းကုန်ရင် နောက်ထပ်ရွေးကောက်ပွဲထပ်လုပ် တယ်။ မဲပေးမှုပေါ်မူတည်ပြီး အစိုးရအဖွဲ့တစ်ခု ထပ်တက်လာတယ်။ အရေးကြီးဆုံးကတော့ လက်ဝဲပါတီပဲဖြစ်ဖြစ်၊ လက်ယာပါတီပဲဖြစ် ဖြစ် ပြည်သူရဲ့ရွေးချယ်မှုကို လက်ခံရမယ်။

ဒီမိုကရေစီသို့
လက်ဝဲလား၊ လက်ယာလား
----------------------------------
အခုမြန်မာနိုင်ငံတွင် ဖြစ်နေသည်က တချို့နိုင်ငံရေးလှုပ်ရှားသူ များအကြား၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများအကြားတွင် ဒီမို ကရေစီဆိုတာ ကွန်မြူနစ်ဆန့်ကျင်ရေး၊ လက်ဝဲဆန့်ကျင်ရေးဆိုသည် အထိ ပြောဆိုနေကြပါသည်။ ဒါသည် ဒီမိုကရေစီနှင့် သွေဖည်နေ သော အတွေးအခေါ်မျိုးများသာဖြစ်သည်။

တချို့နိုင်ငံရေးပါတီများကျတော့လည်း ''လူသိများချင်တဲ့ပါတီ အမျိုးအစားပဲဖြစ်နေပြီးတော့ လူပေါ်အခြေခံလှုပ်ရှားမှုအပေါ် အခြေ ခံပြီး နိုင်ငံရေးအယူအဆမဲ့နေတဲ့၊ နိုင်ငံရေးအယူအဆပျောက်နေတဲ့ ပါတီတွေ အများကြီးဖြစ်နေတယ်''ဟု နိုင်ငံရေးကျွမ်းကျင်သူဒေါ်ခင် မမမျိုးက သုံးသပ်သည်။
မြန်မာ့နိုင်ငံရေးတွင် စစ်ပြီးခေတ်၊ လွတ်လပ်ရေးရပြီးစအချိန်များ တွင်သာ လက်ဝဲအယူအဆ၊ လက်ယာအယူအဆတွေကို ထင်ထင် ရှားရှား တွေ့မြင်ရသည်။ ဦးနေဝင်းအစိုးရ တက်လာသည့်အချိန်တွင် တော့ လက်ဝဲအယူအဆသမားများရော၊ လက်ယာသမားများပါ ပျက် ယွင်းပျောက်ကွယ်လာခဲ့သည်။ ဦးနေဝင်း၏ ဆိုရှယ်လစ်စနစ်ကို လက် ဝဲသမားရော၊ လက်ယာသမားများကပါ ထောက်ခံရပ်တည်ခဲ့ကြသည် ဟု ဦးကျော်လင်းဦးကဆိုသည်။ ''၁၉၈၈နောက်ပိုင်းမှာ လက်ဝဲ၊ လက် ယာ အယူဝါဒတွေဟာ တော်တော်လေးကို အသံမကြားသလောက် ဖြစ်သွားတယ်။ အားလုံးက ဒီမိုကရေစီကိုကြွေးကြော်လာတယ်''ဟု ၄င်းက ဆိုသည်။

စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်ဆိုပြီး ကြွေးကြော်ထား သည့် ဦးသိန်းစိန်၏အစိုးရအဖွဲ့ကိုကြည့်လျှင် မျိုးစောင့်ဥပဒေကို ထောက်ခံပြီး တက်တက်ကြွကြွလုပ်ဆောင်နေခြင်းသည် လက်ယာ အယူအဆဆန်ပြီး ဆင်းရဲမွဲတေမှုလျှော့ချဖို့ အစီအစဉ်များကျတော့ လည်း လက်ဝဲဆန်သည့်လုပ်ရပ်များ ဖြစ်နေပြန်သည်။ အလားတူ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်ထားချင်သည့် သဘောကျ တော့လည်း ကိုယ့်လူမျိုးလုပ်ငန်းရှင်ကို ပြန်ကြည့်ချင်သည့်သဘော ဆိုတော့ လက်ဝဲဆန်နေသည်ဟု ဦးကျော်လင်းဦးက သရုပ်ခွဲသည်။ လက်ရှိအနေအထားတွင်တော့ အစိုးရရော၊ အတိုက်အခံရော၊ တခြား နိုင်ငံရေးပါတီတွေရောသည် မည်သည့်ဘက်တွင်မှ သတ်သတ်မှတ် မှတ်မရှိဟု ၄င်းကဆိုသည်။

ဥပမာ- USDP (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)က ဘယ်လိုင်းက လျှောက်မှာလဲ၊ NLD(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) က ဘယ်လိုင်းကလျှောက်မှာလဲဆိုတာ တိတိကျကျမတွေ့ရဘူး။ အမှန် တော့ ကိုယ်က ဘယ်လိုင်းကသွားမယ်၊ လက်ဝဲဖြစ်ဖြစ်၊ လက်ယာ ဖြစ်ဖြစ် တိတိကျကျခိုင်ခိုင်မာမာရှိဖို့တော့လိုတယ်။ ဒါမှ ပြည်သူတွေ က သူတို့ကြိုက်တဲ့မူဝါဒကို ရွေးချယ်နိုင်မှာပါ။ အခုဖြစ်နေတာက အားလုံးက ဒီမိုကရေစီပဲ။ တကယ်လို့သာ မူဝါဒသတ်သတ်မှတ်မှတ်ရှိ မယ်ဆိုရင် ဘယ်ပါတီမှလဲ အာဏာကို အမြဲတမ်းမရနိုင်ပါဘူး။

''မြန်မာနိုင်ငံမှာ လက်ဝဲလက်ယာစနစ် ပေါ်ပေါက်ဖို့ လိုနေပြီ။ ဒါမှ ပြည်သူတွေက ဘယ်ဝါဒကိုတော့ကြိုက်တယ်၊ ဘယ်ဝါဒကိုတော့ မနှစ်သက်ဘူးဆိုတာကို ရွေးချယ်လို့ရမှာ''ဟု ဦးကျော်လင်းဦးက တိုက် တွန်းသည်။
နိုင်ငံရေးအယူအဆပိုင်းက ခိုင်ခိုင်မာမာရှိမထားဘဲ နိုင်ငံရေး ပါတီများထူထောင်သည့်အခါ
အခြေခံမရှိသည့်အတွက် ဘာကိုအခြေ ပြုပြီး ပါတီတည်ဆောက်ရေးလုပ်မလဲဆိုတာ ပြဿနာဖြစ်လာတတ် သည်ဟု နိုင်ငံရေးကျွမ်းကျင်သူ ဒေါ်ခင်မမမျိုးကဆိုသည်။
ထိုသို့ သော ခိုင်မာသည့်နိုင်ငံရေးခံယူချက်အပေါ် အခြေမခံထားသည့်အ တွက် ပါတီတွင်းညီညွတ်ရေးကို အကောင်အထည်ဖော်ရာတွင်လည်း အားနည်းချက်များရှိနေတတ်သည်ဟု သူမကဆိုသည်။
''ပါတီတိုင်းက မူတွေရှိပြီးသားဆိုရင် ညီညွတ်ပြီးသား ဖြစ်နေတယ်။ အယူအဆပိုင်း ပဋိပက္ခတွေမဖြစ်တော့ ဘူး။ အခြေခံမူတွေတူညီနေတဲ့အတွက် လုပ်နည်းလုပ် ဟန်ကွဲပြားမှုအနည်းအများရှိနိုင်တာကလွဲရင် ပါတီ တွင်းညီညွတ်မှုလည်း ရှိပြီးသားဖြစ်သွားတယ်''။

ခိုင်မာသောနိုင်ငံရေးခံယူချက်ကို အခြေခံထားသည့် မူရှိပြီးသားပါတီများသည် အာဏာရလာလျှင်လည်း အစိုး ရအဖွဲ့အုပ်ချုပ်ရေးပုံစံတွင် ယခုလိုလက်ဝဲရောက်သွား လိုက်၊ လက်ယာရောက်သွားလိုက် ဘာမှန်းမသိဖြစ်နေ တဲ့ ပုံသဏ္ဌာန်မျိုးတွေမရှိတော့ဘူး။ ပိုပြီးကျစ်လျစ်ခိုင် မာတဲ့ အင်စတီကျူးရှင်းတွေ ပေါ်ထွက်လာနိုင်လိမ့်မယ်'' ဟု ဒေါ်ခင်မမမျိုးက ယုံကြည်နေသည်။ ထိုကဲ့သို့ နိုင်ငံရေး ခံယူချက်မျိုးမရှိလျှင် အဆိုးဆုံးအခြေအနေဖြင့် ပြည် တွင်းစစ်ကြီးတစ်ခုအထိ ဦးတည်သွားစေနိုင်သည့် အကြောင်း သူမက ယခုလို ဥပမာပေးသည်။

''ဥပမာ-ဖဆပလဆိုပါစို့။ ဖဆပလအဖွဲ့ချုပ်ကြီး မပေါ်ခင် ဖက်ဆစ်တိုက်ဖျက်ရေးအပေါ်မှာ အခြေခံပြီး ပြည်သူ့အရေးတော်ပုံပါတီ၊ ဗမာပြည်ကွန်မြူနစ်ပါတီ၊ ဗမာ့တပ်မတော်ဆိုပြီး သုံးပိုင်းပါတယ်။ အဖွဲ့ချုပ်ကြီးဖြစ် လာတဲ့အခါမှာ ကွန်မြူနစ်တွေရော၊ လစ်ဘရယ်သမား တွေရော၊ ဒီမိုကရက်တွေရော၊ တပ်မတော်ပါ ပါနေတဲ့ အတွက် တပ်မတော်အတွင်းမှာလည်း ဆိုရှယ်လစ်တပ် မှူး၊ ကွန်မြူနစ်တပ်မှူးဆိုတာတွေပါဖြစ်သွားတယ်။
ဖဆပလဟာ အရေးတော်ပုံကာလကြီးထဲမှာ လူသိ များတဲ့ပါတီတစ်ခုအနေနဲ့ အဖွဲ့ချုပ်ကြီးဖြစ်လာတယ်။ ကြာလာတော့ အရင်ဆုံး ဗမာပြည်ကွန်မြူနစ်ပါတီကို ထုတ်ပယ်လို့ ကွဲတဲ့ပြဿနာဖြစ်လာတယ်။ တကယ်တမ်း ဆိုရင် ဗမာပြည်ကွန်မြူနစ်ပါတီကို ထုတ်ပယ်လိုက်တာ မျိုးထက် အဲဒီအချိန်တုန်းက မူအရ ကွန်မြူနစ်အယူအဆ အပေါ်မှာ အခြေခံသောပါတီအဖြစ် သီးခြားရပ်တည် မယ်ဆိုရင်၊ ဆိုရှယ်လစ်တွေကလည်း သီးခြားရပ်တည် လိုက်မယ်ဆိုရင် မြန်မာပြည်ရဲ့ ပြည်တွင်းစစ်ကြီးတစ်ခုကို ကာကွယ်နိုင်ခဲ့မှာပါ။

ဖဆပလကတော့ လူထုက ကြိုက်လို့ လူသိများလို့ ဆိုတဲ့အပေါ်မှာအခြေခံထားတဲ့အတွက်ဗမာပြည်ကွန် မြူနစ်ပါတီကိုထုတ်ပယ်၊ အဖွဲ့ချုပ်ဆိုတာကိုပဲ ဆက် လက်ကိုင်တွယ်ပြီး ဆိုရှယ်လစ်တွေက အရေခြုံလိုက် တဲ့အတွက် လွတ်လပ်ရေးရတာနဲ့ ကွန်မြူနစ်ပါတီကို လိုက် ပြီးတိုက်ခိုက်ခဲ့တာ။
တချို့က ကွန်မြူနစ်က အရင်ဆုံးတောခိုပြီး ဖဆ ပလကို ဆန့်ကျင်တာလို့ မြင်ကြပေမယ့် တကယ်တမ်းကျ တော့ တစ်တိုင်းပြည်လုံးမှာရှိတဲ့ ကွန်မြူနစ်တွေကို ဖမ်း ဆီးမှုတွေလုပ်လိုက်တာကြောင့် ဖိနှိပ်မှုတွေရှိလာရင်၊ မတရားမှုတွေဟာ ဥပဒေတစ်ရပ်ဖြစ်လာရင် ပြန်ပြီး တော်လှန်ပုံကန်မယ်ဆိုတဲ့မူအတိုင်း ကွန်မြူနစ်တွေက ပြန်ပြီးတော်လှန်ခဲ့ကြတယ်။

ဆိုတော့ ပြည်တွင်းစစ်ပဲ အဖတ်တင်ကျန်ခဲ့တယ်။ ဒီမိုကရေစီမဲ့သွားတယ်၊ နိုင်ငံရေးဗဟုဝါဒရော၊ နိုင်ငံရေး အယူအဆတွေပါ မဲ့သွားတယ်။ တစ်ကမ္ဘာလုံးမှာတော့ ကွန်မြူနစ်ပါတီတွေလည်းရှိနေတယ်။ ဆိုရှယ်လစ်ပါတီ တွေလည်းရှိနေတာပဲ။ ဒါကြီးကိုလက်မခံနိုင်ဘဲ မြေအောက် ကို တွန်းပို့ကြတယ်။ နိုင်ငံရေးအယူအဆအပေါ်အခြေခံ ပြီး ပါတီတွေခွဲမထားတဲ့အတွက် ပြည်တွင်းစစ်တွေပဲ ကျန် ခဲ့တာ။ မြန်မာ့အရေးကျွမ်းကျင်သူဆွီဒင်နိုင်ငံသား သတင်း စာဆရာဘာတေးလင်တ်နာကတော့ ဒီမိုကရေစီအတွက် အရေးအကြီးဆုံးအခြေခံနိုင်ငံရေးအယူဝါဒသည် အခြား သူများ၏ နိုင်ငံရေးအမြင်သဘောတွေကို လေးစားတတ် ဖို့ပဲဟုဆိုသည်။ အားလုံးသည် သဘောမတူညီနိုင်တာ ရှိသလို၊ အယူအဆကွဲပြားတာတွေလည်း ရှိမည်။ သို့ သော် ထိုအချက်ကိုလက်ခံပြီး အပြန်အလှန်လေးစားသမှု ရှိဖို့လိုသည်ဟု ဘာတေးက ယူဆသည်။
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၏ ဗဟို အလုပ်အမှုဆောင်ဦးဟန်ရွှေ၏အဆိုအရတော့ လက်ဝဲ အယူဝါဒဖြစ်စေ၊ လက်ယာအယူဝါဒဖြစ်စေ မည်သည့်နိုင်ငံ ရေးခံယူချက်ကို အခြေခံသည်ဖြစ်စေ ဂိုဏ်းဂဏနှင့် အာ ဃာတကို ရှောင်နိုင်ဖို့လိုသည်။ အယူအဆ၊ အတွေးအ ခေါ်ကြောင့် ငြင်းကြ၊ ခုံကြပြီး ကွဲကြပြဲကြတာမဟုတ်ဘူး။ ဂိုဏ်းဂဏနဲ့ အာဃာတကြောင့်ဖြစ်တာ။ အစွန်းနှစ်ခုကို ရှောင်ရမယ်''ဟု ဦးဟန်ရွှေက ဆိုသည်။

''အယူအဆဆိုတာ စွဲလမ်းလို့မရဘူး။ ကွန်မြူနစ် ဆိုရင် တို့လုပ်မှမှန်တယ်ဆိုတဲ့ ဂိုဏ်းဂဏစိတ် သိပ်ကြီး တယ်။ လွတ်လပ်ရေးဆိုရင် ဗိုလ်ချုပ်တို့ လုပ်ယူခဲ့တယ်။ ဒီလွတ်လပ်ရေးဟာ အတုကြီးပါဆိုပြီး တောခိုသွားတဲ့ သူတွေအများကြီးပဲ။ တို့လုပ်မှ လွတ်လပ်ရေးစစ်တယ် ဆိုတဲ့အယူဟာ လက်ဝဲသမားတွေမှာရှိနေတယ်''ဟု ဦးဟန်ရွှေက အတိတ်က မြန်မာ့နိုင်ငံရေးအခင်းအကျင်း ကို ပြန်တူးဆွသည်။
အခုလည်း တို့လုပ်မှ ဒီမိုကရေစီဆိုတာ ဖြစ်သည်၊ ကျန်တဲ့သူတွေလုပ်ရင် ဒီမိုကရေစီမဖြစ်ဘူးဆိုသည့် အယူ အဆများသည် ဒီမိုကရေစီရေြးေ<ွကးကြော်သူတော်တော် များများတွင် လွှမ်းမိုးနေသည်ဟု ¤င်းက ယူဆသည်။ ဒီမိုကရေစီဆိုသည်မှာ မည်သူလုပ်မှဖြစ်သည်ဆိုသည့် တံဆိပ်တပ်ထားတာမျိုးမဟုတ်၊ ဘယ်သူပဲဖြစ်ဖြစ် လုပ် နိုင်သည်ဟု ဦးဟန်ရွှေက ယုံကြည်သည်။ ထိုအချက်ကို ဒေါ်ခင်မမမျိုးကလည်း လက်ခံသည်။

ဒီမိုကရေစီနှင့် မြန်မာပြည်

တကယ်တော့ မြန်မာတို့၏ယဉ်ကျေးမှုအစဉ်အလာ ဓလေ့ထုံးတမ်းများသည် ဒီမိုကရေစီအခြေခံအချက်များ နှင့် တော်တော်နီးစပ်နေပြီးသားပါ။ ကျေးလက်ဓလေ့ စရိုက်ကိုပဲကြည့်။ အလုပ်ကိစ္စတစ်ခုဆိုရင် ဝိုင်းဝန်းလုပ် ကိုင်တတ်တဲ့အကျင့်ရှိသည်ဟု ဦးဟန်ရွှေက ဥပမာပြ သည်။

နောက်ပိုင်းတွင် နှစ်ပေါင်းတစ်ရာကျော်ကြာအောင် သူ့ကျွန်ဘဝရောက်ခဲ့သည်။ လွတ်လပ်ရေးရပြီးတော့လည်း ပြည်တွင်းစစ်နှင့်နေရသည့်အတွက် ထိုဒီမိုကရေစီအလေ့ အကျင့်များက ပျောက်ကွယ်လုနီးနီးဖြစ်ခဲ့သည်။ အထူး သဖြင့်တော့ မြန်မာပြည်သူများသည် ကိုယ့်ကိုယ်ကိုယ် ရှင်သန်အောင် ရုန်းကန်ကြရသည့်အတွက် သူများကို သိပ်ပြီးဦးစားမပေးလိုသည့် စိတ်တွေရှင်သန်လာခဲ့ရသည် ဟု ၄င်းကဆိုသည်။

''အတ္တကိုဦးစားပေးလာတဲ့အခါကျတော့ တစ် ယောက်နဲ့တစ်ယောက် စာနာတဲ့စိတ်ဓာတ်တွေ၊ ကိုယ် ချင်းစာတဲ့စိတ်ဓာတ်တွေ၊ ဦးစားပေးချင်တဲ့စိတ်ဓာတ် တွေလျော့နည်းလာတယ်။ ဒီမိုကရေစီအခြေခံစိတ်ဓာတ် တွေ ပျက်လာတဲ့အခါကျတော့ ကိုယ့်အာဏာရရေး၊ ကိုယ့်ကုလားထိုင်ခိုင်မြဲရေး၊ ကိုယ့်အသိုင်းအဝိုင်းချမ်း သာကြွယ်ဝရေးဆိုတဲ့ စိတ်ဓာတ်တွေ ကိန်းအောင်းလာတဲ့ သဘောရှိတယ်။ ဒါဟာ ဒီမိုကရေစီရဲ့ယဉ်ကျေးမှုပျက် ယွင်းလာတဲ့သဘောပဲ''ဟု ဦးဟန်ရွှေက ကောက်ချက်ချ သည်။

လွတ်လပ်ရေးရပြီးစ ဖဆပလလက်ထက်တုန်းက လည်း ဒီမိုကရေစီဇောက်ထိုးဆိုသည့် ဝေါဟာရများ ပေါ် ခဲ့သည်။ ဦးနေဝင်းအစိုးရကျပြန်တော့ ဆိုရှယ်လစ်စနစ်၊ တစ်ပါတီစနစ်မို့ အထိန်းအကျောင်းမရှိခဲ့။ နောက်ပိုင်း တပ်မတော်အာဏာသိမ်းပြန်တော့လည်း စစ်အုပ်ချုပ် ရေးပေမို့ ဒီမိုကရေစီနှင့်ဆန့်ကျင်သွားပြန်ရော။ ၁၉၈၈ ခုနှစ်မှာလည်း အာဏာသိမ်းစစ်အစိုးရဆိုတာ ဖြစ်လာခဲ့ ပြန်သည်။ ထို့ကြောင့် ''ဒီမိုကရေစီအခြေခံဖြစ်တဲ့ တရား ဥပဒေစိုးမိုးမှုဆိုတာ စစ်မိန့်တွေနဲ့ပဲ ရှင်သန်ခဲ့ရတော့ ဒီမိုကရေစီယဉ်ကျေးမှုက ပျောက်ကွယ်သွားခဲ့တာပေါ့'' ဟု ဦးဟန်ရွှေက ပြန်ပြောင်းပြောပြသည်။
မည်သို့ဆိုစေ တိုင်းပြည်ထဲတွင် ဒီမိုကရေစီထွန်း ကားဖို့၊ ပြည်သူဦးဆောင်သော အုပ်ချုပ်မှုတစ်ရပ်ဖြစ် ထွန်းဖို့၊ ပြည်သူ့ဆီက အာဏာသက်ဆင်းဖို့ဆိုရင် လက် ဝဲဦးဆောင်မှ၊ လက်ယာဦးဆောင်မှ ရယ်လို့မဟုတ်ပါ။ အရေးကြီးသည်က လက်ဝဲ၊ လက်ယာ မည်သည့်အယူ အဆမျိုးကို အခြေခံထားသူမဆို နိုင်ငံရေးဗဟုဝါဒကို လက်ခံပြီး ပြည်သူဆီမှ အာဏာသက်ဆင်းစေရေးကို ဦး တည်ပြီး တိုင်းပြည်ကို တည်ဆောက်မှသာ ပိုထိရောက် လိမ့်မည်ဟု နိုင်ငံရေးကျွမ်းကျင်သူဒေါ်ခင်မမမျိုးက ယူဆသည်။
ထိုသို့သော ပြည်သူဆီမှ အာဏာသက်ဆင်းဖို့ဆို လျှင် စစ်တပ်သည် နိုင်ငံရေးဦးဆောင်မှုတွင် မည်သို့မျှ မရှိသင့်။ ဒီမိုကရေစီစနစ်တွင် စစ်တပ်၏ အခန်းကဏ္ဍသည် နိုင်ငံတော်ကာကွယ်ရေးတာဝန်ကိုသာ ထမ်း ဆောင်ရမည်ဖြစ်သည်။ တရားဥပဒေစိုးမိုးရေးတာဝန်ကို ပြည်သူ့ရဲတပ်ဖွဲ့က တာဝန်ယူရမည်။ နိုင်ငံတော်ယန္တရား ပိုင်းကလည်း သီးသန့်ရှိပြီး တိုင်းပြည်ထဲတွင် အာဏာ သုံးရပ်သာရှိရမည်ဖြစ်သည်။

''သေနတ်ပြောင်းဝကလာ တဲ့အာဏာမရှိစေရဘူး''ဟု ဒေါ်ခင်မမမျိုးက ဆိုသည်။
ဒီမိုကရေစီအသွင်းကူးပြောင်းမှုကို အကောင်အ ထည်ဖော်ကြတော့မည်ဆိုလျှင် နိုင်ငံရေးအီလစ်တွေ (Elite-လူတစ်စု)တွေက လုပ်ဆောင်သည့်အသွင်ကူး ပြောင်းမှုပုံစံနှင့် လူထုတစ်ရပ်လုံးက လုပ်ဆောင်သည့် အသွင်ကူးပြောင်းမှုပုံစံအဖြစ် နှစ်ပိုင်းရှိသည်။

''Eliteကပဲ လုပ်တဲ့သဘောမျိုးမဟုတ်ဘဲ ပြည်သူ နှင့်အတူရယူတည်ဆောက်သော အသွင်ကူးပြောင်းမှု ကိုပဲ ယုံကြည်ပါတယ်''ဟု ဒေါ်ခင်မမမျိုးက ဆိုသည်။ ယခုအချိန်တွင် ဒီမိုကရေစီဆိုပြီး ကြွေးကြော်ကာ ဆောင် ရွက်နေပါသည်ဆိုသည့် အစိုးရအဖွဲ့ရော၊ နိုင်ငံရေး ပါတီများရော၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကိုပါ သူမက ယခုလို မေးခွန်းထုတ်ပါသည်။

''အားလုံးဒီမိုကရေစီကို လုပ်နေကြတယ်ဆိုရင် နံပါတ်တစ်- ဒီမိုကရေစီစံနှုန်းနဲ့ကိုက်ညီတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ထွန်းလာရေးကို အဲဒီပါဝင်ပတ်သက်တဲ့သူတွေနှစ်ဖက်စလုံးက သဘောတူ လက်ခံပြီးပြီလား၊ နံပါတ်နှစ်- ဒီမိုကရေစီနည်းကျသော တစ်ဦးချင်းအခွင့် အရေးတွေ၊ အများအခွင့်အရေး၊ အုပ်စုလိုက်အခွင့်အရေး တွေရစေရေးကို ဒီမိုကရေစီကိုသွားနေပါတယ်ဆိုတဲ့ နှစ်ဖက်စလုံးက အမှန်တကယ်ဖော်ဆောင်နေသလား''။

သူ့အသက်၇၇နှစ်၏သုံးပုံတစ်ပုံလောက်ကြာအောင် နိုင်ငံရေးကို အကြောင်းပြုပြီး ထောင်နန်းစံခဲ့သော ၁၉၈၉ ခုနှစ် နိုဝင်ဘာလတစ်ရက်က တည်ထောင်ခဲ့သော ကျောင်း သားခေါင်းဆောင်ဟောင်းများပါဝင်သည့် ပြည်သူ့တိုးတက် ရေးပါတီ(PPP)၏ အထွေထွေအတွင်းရေးမှူးဖြစ်ခဲ့ သော ဦးလှရွေကတော့ ''ဒေါ်အောင်ဆန်းစုကြည်လဲ အခုလိုသွားနေရုံနဲ့တော့ ဒီမိုကရေစီကိုမရပါဘူး''ဟု မှတ်ချက်ပေးသည်။

လူထုကနေ ဆန္ဒပြတောင်းဆိုသည့် လူထုတိုက်ပွဲဆိုတာကို ယုံကြည်သည့်သူရှိလျှင် ထိုသူ တို့၏နောက်ကို လူထုက လိုက်လာလိမ့်မည်ဟု ဦးလှ ရွှေက တွက်ဆသည်။ ''အခုလို လက်မှတ်လေးထိုးလိုက်ပါ၊ လက်မှတ်လေးထိုးလိုက်ပါနဲ့တော့ ကိုယ်လိုချင်တာကို မရနိုင်ဘူး''ဟု ၄င်းက ရှုမြင်သည်။

လတ်တလောမြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် ဒီမိုကရေစီကိုဖော်ဆောင်နေပါသည်ဆိုသည့်သူများရော၊ ဒီမိုကရေစီကို ဟစ်ကြွေးသည့် နိုင်ငံရေးပါတီများကိုရော ဦးလှရွှေက ယခုလိုအကြံပြုထားသည်။
''ကိုယ့်ကိုယ်ကိုယ်မှန်ထဲကြည့်လိုက်ပါ။ ကိုယ့်မျက် နှာမှာ ဒီမိုကရေစီဘယ်လောက်ရှိလဲဆိုတာ အဖြေထွက် လာပါလိမ့်မယ်''။ ။

ACM Credit To : Yangon Media Group
http://www.ayechanmon-news1.com/

Post a Comment

 
Top