(ဆောင်းပါးရှင် - သစ်ထွဋ်)
နိုင်ငံအရေး လေ့လာသူများက အလှုပ်အယမ်းတွေ များနိုင်တယ်လို့ ခန့်မှန်းထားခဲ့တဲ့ ၂၀၁၄ ခုနှစ်ရဲ့ နှစ်ဝက်ကို ကျော်လာတဲ့ အချိန်မှာတော့ ငြိမ်သက်နေခဲ့တဲ့ ဘာသာရေး၊ လူမျိုးရေးကို ဆက်နွှယ်အကြောင်းပြတဲ့ ပဋိပက္ခ ဖြစ်စဉ်အချို့ဟာ မန္တလေးမြို့မှာ ပြန်လည်ဖြစ်ပေါ်လာခဲ့ပါတယ်။
ထိတ်လန့်စိုးရိမ်မှုများ ဖြစ်ပေါ်ခဲ့
လူမှုကွန်ရက်ပေါ်ကတစ်ဆင့် ပျံ့နှံ့ခဲ့တဲ့ သတင်းဖြစ်စဉ်တစ်ခုကို အကြောင်းပြုပြီး ဇူလိုင် ၁ ရက် ညပိုင်းက စတင်ဖြစ်ပွားခဲ့တဲ့ အဆိုပါ ပဋိပက္ခဟာ ဇူလိုင် ၂ ရက်ညပိုင်းမှာတော့ လူနှစ်ဦး သေဆုံးခဲ့တဲ့အထိ ဖြစ်ပွားခဲ့သလို ထိခိုက်ဒဏ်ရာရသူ အချို့လည်း ရှိခဲ့ပါတယ်။ အဆိုပါဖြစ်စဉ်များနဲ့ ပတ်သက်ပြီး ဇူလိုင် ၃ ရက် ညနေပိုင်းမှာတော့ မန္တလေးခရိုင်အတွင်း မြို့နယ်ခုနစ်မြို့နယ် ရှိတဲ့အနက် ခြောက်မြို့နယ်မှာ ည ၉ နာရီမှ နံနက် ၅ နာရီအထိ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို သက်ဆိုင်ရာ မြို့နယ်အလိုက် အထွေထွေအုပ်ချုပ်ရေးရုံးများက ထုတ်ပြန်ခဲ့ရပါတယ်။ အဆိုပါ ရက်များအတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခအသွင်ဆောင်တဲ့ ဖြစ်ရပ်တွေမှာ လူသေဆုံးခဲ့ရတဲ့အထိ ဖြစ်ပွားခဲ့တာကြောင့် မြို့ခံလူထုများဟာ ထိတ်လန့်စိုးရိမ်မှုတွေ ဖြစ်ပေါ်ခဲ့ကြောင်း သတင်းမီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။ ယင်းဖြစ်ရပ်များအတွင်း သက်ဆိုင်ရာ အာဏာပိုင်များရဲ့ ကိုင်တွယ်ဖြေရှင်းမှု အပေါ်လည်း အားရကျေနပ်မှု မရှိကြောင်း ဝေဖန်မှုတွေ ရှိခဲ့ပေမယ့် ဒေသဆိုင်ရာ အာဏာပိုင်တွေပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတွေမှာတော့ တာဝန်ရှိသူတွေက ဖြစ်စဉ်များအတွင်း လုံခြုံရေးတပ်ဖွဲ့များ အနေဖြင့် အရေးယူမှုတွေ မပြုလုပ်ဘူးဆိုတာ မမှန်ကန်ကြောင်း ငြင်းဆိုခဲ့ပြီး ဖြစ်စဉ်များတွင် သေချာစိစစ် ဆောင်ရွက်နေတာဖြစ်ပြီး ထိန်းသိမ်းနိုင်ဖို့နဲ့ ကူးစက်မှုမရှိအောင် ဆောင်ရွက်လျက်ရှိတာ ဖြစ်တယ်လို့ ပြောကြားခဲ့ကြောင်း မီဒီယာတွေမှာ ဖတ်လိုက်ရပါတယ်။
ဖြစ်ပေါ်စေရန် အစပြုသူများ ရှိသလား
တစ်ကျော့ပြန် ဖြစ်ပွားလာတဲ့ ပဋိပက္ခ ဖြစ်စဉ်များအတွင်း အကြမ်းဖက်မှုများ ဖြစ်ပေါ်စေရန် အစပြုသူများတွင် နယ်ခံမဟုတ်တဲ့သူများ ပါဝင်တယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောဆိုမှုများ ရှိခဲ့သော်လည်း အာဏာပိုင်များက ဖြစ်စဉ်များအတွင်း နောက်ကွယ်က လှုံ့ဆော်သူများ ရှိ၊ မရှိကို စစ်ဆေးနေပြီး လူသတ်မှုများ ကျူးလွန်ခဲ့သူများကိုလည်း ရှာဖွေဖော်ထုတ် ဖမ်းဆီးနေဆဲသာ ဖြစ်တယ်လို့ ဇူလိုင် ၃ ရက်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေကို ပြောခဲ့ပါတယ်။ မန္တလေးမြို့မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်များနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး အဓိကအချက် အနေဖြင့် ပဋိပက္ခဖြစ်စဉ်များ ဖြစ်ပေါ်လာပါက အများပြည်သူများကို ကာကွယ်စောင့်ရှောက်ဖို့ဟာ အရေးကြီးဆုံးအချက်ဖြစ်ကြောင်း ဖော်ပြထားခဲ့ပါတယ်။ ပြည်ထောင်စုလွှတ်တော်နာယကလည်း ယင်းပဋိပက္ခဟာ သွေးရိုးသားရိုးမဟုတ်ဘဲ အခြားပယောဂများကြောင့် ဖြစ်နိုင်ပြီး လွှတ်တော်အနေဖြင့်လည်း အုပ်ချုပ်ရေး အဖွဲ့အစည်းများမှ တင်ပြလာပါက ပူးပေါင်းကာကွယ် ဆောင်ရွက်ရမှာဖြစ်တယ်လို့ မီဒီယာတွေကို ဇူလိုင် ၃ ရက်မှာ ပြောကြားခဲ့ပြန်ပါတယ်။ လက်ရှိမှာတော့ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပြီးနောက် ပဋိပက္ခဖြစ်စဉ်များ ဆက်လက်ဖြစ်ပေါ်မှု လျော့နည်းသွားဖွယ် ရှိသော်လည်း မြို့ခံတွေအကြား စိုးရိမ်မှုများကတော့ ရှိနေကြဆဲ ဖြစ်ပါတယ်။
အဖြေထုတ်ပေးရန်လို
ဒီနေရာမှာ ဘာသာရေးအကြောင်းပြပြီး ဆူပူမှု၊ အကြမ်းဖက်မှုဖြစ်ပေါ်ကာ မတည်ငြိမ်မှုဖြစ်စဉ်များ ဘာကြောင့်ပြန်လည် ဖြစ်ပေါ်လာရသလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်ရပါတယ်။ ယခုဖြစ်စဉ်ဟာ သတင်းတစ်ခုကို အခြေပြုပြီး ဖြစ်ပွားခဲ့တယ်ဆိုပေမယ့် လူသေဆုံးခဲ့တဲ့အထိ ဖြစ်ပွားခဲ့ရတဲ့ အကြောင်းရင်းက ဘာလဲဆိုတာ အများက သိချင်နေကြပါတယ်။ ဝေဖန်သူအချို့က နိုင်ငံရေးအကျိုး သက်ရောက်မှု ရှိစေဖို့အတွက် ယခုဖြစ်စဉ် ဖြစ်ပေါ်လာစေဖို့ နောက်ကွယ်က ကြိုးကိုင်သူတွေ ရှိမယ်လို့ ပြောဆိုဝေဖန်မှုများ ရှိခဲ့သလို အကြမ်းဖက်မှု ကျူးလွန်သူတွေကို ထိရောက်တဲ့ ဖမ်းဆီးဖော်ထုတ်နိုင်ပါ့မလား ဆိုတာကိုလည်း စိုးရိမ်နေကြသူတွေ ရှိနေပါတယ်။ တကယ်တော့ ယခင်ပဋိက္ခ ဖြစ်စဉ်များအတွင်းမှာလည်း နယ်ခံဒေသခံများ မဟုတ်တဲ့ လူအများအပြား ရုတ်တရက် ရောက်ရှိလာကာ အကြမ်းဖက်မှုများ ဖြစ်ပေါ်လာစေရန် အစပြု ဆောင်ရွက်မှုများ ရှိခဲ့တယ်လို့ မီဒီယာများက ဓာတ်ပုံများနဲ့တကွ ဖော်ပြမှုအချို့ ရှိခဲ့ပေမယ့်လည်း ယနေ့အချိန်အထိ ဘာသာရေးအကြောင်းပြပြီး ဆူပူမှု၊ အကြမ်းဖက်မှု ဖြစ်ပေါ်လာစေရန် အဖွဲ့အစည်းနဲ့ ဆောင်ရွက်သူများကို ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်း မရှိခဲ့ခြင်းက မန္တလေးမြို့ ဒေသခံအချို့ ပြောဆိုမှုရှိခဲ့တဲ့ နယ်ခံမဟုတ်ဘဲ ပဋိပက္ခဖြစ်စဉ်များမှာ ပါဝင်ခဲ့သူတွေ တကယ်ရှိခဲ့သလားဆိုတာ သက်ဆိုင်ရာ တာဝန်ရှိသူတွေ အနေနဲ့ တိတိကျကျ အဖြေထုတ်ပေးဖို့ လိုအပ်ပါတယ်။ သို့မှသာ မတည်ငြိမ်မှု ဖြစ်စဉ်များကို ရည်ရွယ်ချက်ရှိသူများက ဖန်တီးနေသလား သို့မဟုတ် မည်သူတွေက လုပ်ဆောင်ခဲ့သလဲဆိုတာ အများပြည်သူများ ရှင်းရှင်းလင်းလင်း သိရမှာ ဖြစ်ပါတယ်။
ထပ်မဖြစ်လာစေရန်
အကယ်၍ ရည်ရွယ်ချက်ရှိသူတွေ ရှိနေတယ်ဆိုပါက ဖော်ထုတ်ဖို့ဆိုရာမှာ နောက်ခံအကြောင်းအရာ ဆက်စပ်မှုတွေကလည်း အရေးကြီးပါတယ်။ ဖော်ထုတ်တဲ့နေရာမှာ ယခု မန္တလေးမြို့ဖြစ်စဉ် ကွက်ကွက်လေးကို ရှုမြင်ခြင်းထက် ၂၀၁၂ ခုနှစ်အတွင်းက စတင်ခဲ့တဲ့ ဘာသာရေးအကြောင်းပြ ဆူပူအကြမ်းဖက်မှု ဖြစ်စဉ်တွေဟာ ဘယ်လိုဆက်စပ်မှုတွေ ရှိနေသလဲဆိုတာ လေ့လာကြည့်ဖို့ ကောင်းပါတယ်။ ရည်ရွယ်ချက်ရှိသူတွေ ရှိနေမယ်ဆိုရင်တော့ အရင်းကျကျကို မဖော်ထုတ်နိုင်ရင် တစ်နေရာမှာ ငြိမ်သက်သွားပေမယ့် အခြားတစ်နေရာမှာ အကြောင်းတစ်မျိုးပေါ်ပြီးတော့ ထပ်ဖြစ်လာဦးမှာ ဖြစ်ပါတယ်။ ဒီလို ပြဿနာ မျိုးတွေကို ဖြေရှင်းဖို့ဆိုရင် ဒေသဆိုင်ရာ အာဏာပိုင်အစိုးရ တစ်ခုတည်းနဲ့ အဖြေရှာလို့ မရပါဘူး။ ယခင်က ပဋိပက္ခဖြစ်ခဲ့ဖူးတဲ့ ဒေသတွေမှာ ဆူပူအကြမ်းဖက်မှု ဖြစ်စဉ်တွေနဲ့ ထိန်းသိမ်းဆောင်ရွက်ခဲ့တဲ့ အာဏာပိုင်တွေရဲ့ အတွေ့အကြုံတွေကိုလည်း လေ့လာရယူ ပူးပေါင်းဆောင်ရွက်သင့်တာ ဖြစ်ပါတယ်။ ဒါမှသာ အကြမ်းဖက်တဲ့ ပဋိပက္ခဖြစ်စဉ်တွေဟာ ပုံစံတူ ဘာကြောင့်ဖြစ်နေရသလဲ၊ ဆက်စပ်မှု ရှိနေသလားဆိုတာ အဖြေထုတ်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပဋိပက္ခဖြစ်စဉ်များတွင် ပါဝင်ပတ်သက်မှုများ ဖော်ထုတ်ရာမှာ မြေပြင်ပါဝင်ပတ်သက်မှုတွေအပြင် ပျံ့နှံ့မှုမြန်ဆန်တဲ့ Facebook ကဲ့သို့ လူမှုကွန်ရက်များမှာ ပဋိပက္ခ ဖြစ်ပေါ်လာစေဖို့ လှုံ့ဆော်မှုများ ဖန်တီးနေသော သူများကိုလည်း အမြန်ဆုံး စုံစမ်းဖော်ထုတ်ကြဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဆိုချင်တာက ဒေသဆိုင်ရာဖြစ်စဉ် သဘောထက် အခြားဒေသတွေနဲ့ ဆက်စပ်ဖြစ်ပွားမှု ရှိ၊ မရှိကို စုစည်းလေ့လာ ဖော်ထုတ်ကြဖို့ ဖြစ်ပါတယ်။ ဒီလို ဖော်ထုတ်ရာမှာ အာဏာပိုင်တွေနဲ့အတူ ပြည်သူတွေ၊ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ ပူးပေါင်းပါဝင် ဆောင်ရွက်ကြဖို့ လိုသလို တကယ့်အမှန်တရားက ဘာလဲဆိုတာကို ၀ိုင်းဝန်းဖော်ထုတ်ကြရမှာ ဖြစ်ပါတယ်။
တကယ်တော့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံအတွက် တည်ငြိမ်မှုဟာ အလွန်အရေးကြီးပါတယ်။ မကြာမီပြုလုပ်တော့မယ့် တိုင်းပြည်ရဲ့ အနာဂတ်ကို အကျိုးသက်ရောက်မှု ရှိစေနိုင်သော ၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ၂၀၁၅ ရွေးကောက်ပွဲတွေမှာ ငြိမ်းချမ်းစွာ ဆောင်ရွက်နိုင်ဖို့အတွက် ပဋိပက္ခတွေ ထပ်မဖြစ်ပွားဖို့ လိုပါတယ်။ ဒီအတွက် အစိုးရ တာဝန်ရှိသူတွေမှာ အဓိက တာဝန်ရှိသလို အများပြည်သူတွေ အရပ်ဘက် လူ့အဖွဲ့အစည်းတွေကလည်း ၀ိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ကြဖို့ တာဝန်ရှိပါကြောင်း တင်ပြလိုက်ရပါတယ်။
(မန္တလေးမြို့ချမ်းအေးသာဇံမြို့နယ် ၈၃ လမ်းနှင့် ၃၄ လမ်းထောင့်တွင် ဇူလိုင် ၄ ရက်ညက လုံခြုံရေးဆောင်ရွက်နေသည်ကို တွေ့ရစဉ်)
ACM Credit To: Eleven Media Group
http://www.ayechanmon-news1.com/
Post a Comment