By ၀င်းဇော်လတ်
ရွာထဲသို့ဝင်လိုက်သည်နှင့် တစ်ပြိုင်နက်တည်းမှာပင် ယခင်တုန်းကနှင့်မတူကြောင်း ကျွန်တော်အလိုလိုသိလိုက်သည်။ ယခင်ကဆိုလျှင် ရွာလမ်းမမှာ ကလေးတွေ တရုန်းရုန်းနှင့် ၀ိုင်းဖွဲ့ (သို့မဟုတ်)ပြေးလွှားပြီး ဆော့ကစားနေသည်ကို မြင်ရမြဲဖြစ်သည်။ အခုတော့ ကလေးတွေသိပ်မရှိ။ လူငယ်များလည်းမတွေ့ရ။ ပျင်းရိလေးကန်စွာသွားနေသည့်ခွေးပိန်တစ်ကောင်တလေမျှသာမြင်ရသည်။ရွာထဲကိုင်းထဲများဆင်းနေကြသလား။ မဟုတ်နိုင်ပါ။ အဲသလိုဆိုရင်လည်း လမ်းပေါ်မှာအမျိုးသမီးနဲ့ ကလေးတွေကိုတော့အနည်းဆုံးတွေ့နေရဦးမှာပါပဲ။
သိပ်မကြာခင်က ဇာတိရွာ သို့ ကျွန်တော်ပြန်သွားစဉ် မြင် လိုက်ရသည့် ရွာအ၀င်အဖွင့်မြင် ကွင်းတစ်ခုဖြစ်ပါသည်။ အတူပါ လာသည့် ဧည့်သည်မိတ်ဆွေတစ် ဦးက ‘‘ဟာ... ခင်ဗျားတို့ရွာကလည်း ပျင်းစရာကြီးဗျာ’’ဟု ခပ်တိုးတိုးပြောသည်။ အရင်ကသူ မရောက် ဖူးသောကြောင့်ထိုသို့ပြောတာဖြစ်နိုင်သည်။ ဟိုတုန်းကမူ ရွာထဲဝင်လိုက်သည်နှင့် လမ်းမတစ်လျှောက်မှာ လူတွေက စည်စည်ကားကား၊ အိမ်တိုင်းမှာ မီးခိုးတအူအူ၊ အိမ်ရှေ့ကပြင်ရှေ့ ရေနွေးကြမ်းဝိုင်းမှာ ရွာသားတွေစကားစုပြောနေသည့် ရှုခင်းတွေကို စိုစိုပြည်ပြည်မြင်ခဲ့ရစမြဲ။ ယခုအဲသလိုမဟုတ်။ တစ်ခုခုများ မှားနေသလား။
‘‘မဟုတ်ဘူးဗျ။ အရင်က အဲ သလိုမဟုတ်ဘူး’’ကျွန်တော်ကအ ကျောက်အကန်ငြင်းသည်။ ဧည့် သည်မိတ်ဆွေက ကျွန်တော့်ကို ပြုံးပြီး ပြန်ကြည့်သည်။ ရွာထဲက လူတွေဘယ်ရောက်သွားသလဲဆို သည်ကို ကျွန်တော်သိသည်။ ပဟေဠိတွေးများဖြင့် အရင်ထက် လူသံတိတ်ဆိတ်သော မြင်ကွင်း များ၊ သွေ့ခြောက်နေသော ရွာ လယ်လမ်းမအတိုင်း ကျွန်တော် တို့ ဆက်လျှောက်လာခဲ့သည်။
ကျွန်တော်တို့ ရွာကအရှေ့ ခြမ်းနှင့် အနောက်ခြမ်းဆိုပြီးရှိ သည်။ တစ်ဖြောင့်တည်း တည်ထားသည့် ရွာကိုအလယ်မှ နေ ၍ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် ထန်းပင်နှစ်ပင်က ပိုင်းခြားထားသည်။ အရှေ့ဘက်ပိုင်းမှာနေထိုင်သည့် ရွာသားအများစုကလယ်ယာနှင့်ခြံမြေစိုက်ပျိုးသူများဖြစ်ပြီး အနောက်ခြမ်းမှ ရွာသားတွေကတော့ ရေလုပ်ငန်းဖြင့်အသက်မွေးကြသည်။ ရွာအရှေ့ခြမ်းက အနောက်ခြမ်းမှ ရွာသားတွေထက်ပို၍ စီးပွားချောင်လည်ကြသည်။ အနောက်ခြမ်းကတော့ တံငါလုပ်ကိုင်သူများဖြစ်ရာ သဘာဝတရားနှင့် ကံအပေါ်မှာ သူတို့၏ မိသားစုထမင်းဝိုင်းအခြေအနေက တည်မှီနေသည်။
နေ့လယ်ခင်းမုန့်စားဆင်း ချိန်ဖြစ်ရာ ဘုန်းတော်ကြီးကျောင်း နှင့် မျက်စောင်းထိုးမှာရှိသည့် စာ သင်ကျောင်းရှေ့မှာကလေးအချို့ ကစားနေသည်။ သူတို့၏ ၀တ်စုံ များက ခပ်နွမ်းနွမ်း။ မျက်နှာပေါ် မှာတော့ သနပ်ခါးပါးကွက် ကိုယ်စီနှင့်။ စာသင်ကျောင်းမြင်ကွင်းကလည်း အရင်လိုမဟုတ်တာ သတိထားမိသည်။ ယခင်ကဆိုလျှင် ကလေးတွေ တအုန်းအုန်းနှင့် စည်ကားနေသည့် ကျောင်းကြီးဖြစ်ပြီး သူငယ်တန်းမှ စတုတ္ထတန်းအထိ သင်ကြားသည်။ ယခုမူ ကျောင်းသားက ခပ်ကျဲကျဲမျှ သာ ရှိသည်။ ကြည့်နေစဉ်ကျောင်း တက်ခေါင်းလောင်းသံလွင့်လာ သည်။ ကျောင်းခန်းထဲမှာ ဆရာမ တစ်ဦးက ခပ်ဖြည်းဖြည်းထွက်လာပြီး ကျောင်းသားလေးတွေအထဲဝင်ကြဖို့ ပြောနေသံကြားရသည်။
ဘုန်းကြီးကျောင်းဆီလှမ်း ကြည့်သည်။ ကိုယ်တော်တစ်ပါး ၀ရန်တာမှာ စင်္ကြံလျှောက်နေ သည်။ ကိုရင်လေး နှစ်ပါးက ကျောင်းရှေ့မှာ တံမြက်စည်းလှည်းလျက်ရှိသည်။ ထိုခဏ ကျောင်းတိုက်အတွင်းမှ ကြေးစည်သံပေါ်လာသည်။ အထဲမှ ဘုန်းတော်ကြီးတစ်ပါးက နေ့လယ်ခင်းဘုရားဝတ်ပြုအပြီးမှာ အမျှဝေရန်ကြေးစည်ထုလိုက်တာ ဖြစ်နိုင်သည်။ ကြေးစည်သံကြားတော့ အုတ်တံတိုင်းဘေးမှာ မှီခွေနေကြသည့် ခွေးအချို့က ထ၍ အူကြဟောင်ကြသည်။ ရွာထဲသို့ ၀င်လာသည့်တစ်လျှောက်လုံးဒီတစ်ကြိမ်သာ သက်ဝင်လှုပ်ရှားမှုရှိသည်ဟု ကျွန်တော်ထင်သည်။
‘‘ရွာထဲက လူတွေဘယ် ရောက်ကုန်ကြပြီဗျာ။ ခြောက်ကပ်နေတာပဲ’’ရင်ထဲမှာမအောင့် နိုင်သည့်အဆုံး ဦးလေးအိမ် ရောက်လျှင်ရောက်ချင်းဖွင့်မေးမိ သည်။ အိမ်နောက်ဖေးမှ ရေနွေး ကြမ်းအိုးကို ကိုင်ရင်းထွက်လာ သည့် ဦးလေးက‘‘ဟာ...ဘာပြော ကောင်းမလဲ။ အကုန်တရုတ်ပြည် လစ်ကုန်ကြပြီကွ’’ဟု ပြန်ပြော သည်။ အတူပါသည့် မိတ်ဆွေနှင့် ကျွန်တော်တို့ တစ်ဦးမျက်နှာတစ် ဦးကြည့်မိကြသည်။
‘‘တရုတ်ပြည်ရွှေလီဘက်မှာ အလုပ်ကောင်းတယ်ဆိုပြီး ဒီက လူတွေ မိသားစုလိုက်သွားလုပ်ကြ တာ မနည်းတော့ဘူး။ အခုဆိုမြင် တဲ့အတိုင်းပဲ ရွာမှာလူတောင်သိပ် မရှိတော့ဘူး’’ဦးလေးက ရေနွေး ကြမ်းအိုးကို ခပ်ဖြည်းဖြည်းချရင်းမှ ဆက်ပြောသည်။ ဒီနှစ်ပိုင်းအတွင်း ရွာခံတွေမှာ ပို၍ကျပ်တည်း လာသည်ဟုဆိုသည်။ ထို့ကြောင့် အသက်မွေးမှုအတွက်အလုပ်အ ကိုင်တစ်ခုရမည့်အရေး ရွာအပြင် ဘက်သို့ ထွက်ရှာကြရာမှ သူတို့ သည် တရုတ်-မြန်မာ နယ်စပ်ဒေသကို တွေ့ရှိခဲ့ကြသည်။
ရွာခံတွေ၏ ပြောပြချက်အရ ရွှေလီ၊ ကြယ်ခေါင်ဘက်ရှိ တရုတ် ဆောက်လုပ်ရေးလုပ်ငန်းခွင်များ တွင် ၀င်လုပ်ရခြင်းဖြစ်သည်ဟုဆို သည်။ မြန်မာငွေဖြင့် တွက်လျှင် တစ်နေ့လျှင် ကျပ်ငွေငါးထောင် နှင့် ရှစ်ထောင်အကြားရကြသည်။
ရွှေလီဘက်သို့ သွားလုပ်သည့်ရွာ မှ တစ်ဦးစနှစ်ဦးစမှတစ်ဆင့် အ ဆက်အသွယ်ရကာ ယခုကဲ့သို့ တစ်ရွာလုံးနီးပါး မိသားစုလိုက်ရွှေ့ပြောင်းကာ တရုတ်ပြည်ဘက် သို့ သွားကြခြင်းဖြစ်သည်။
‘‘ဒါပေမဲ့ ရရစားစားပါကွာ။ ဟိုမှာတစ်နေ့ ငါးထောင်လောက် ကလည်း စားစရိတ်နဲ့ ကုန်တာပဲ တဲ့။ ကိုယ့်ဆီမှာ လုပ်စရာမရှိလို့ သာ သွားလုပ်ကြရတာ။ ပြီးတော့ ကိုယ့်ဆီက လူတွေက တရုတ်စ ကားလည်း နားမလည်ဘူး။ ဒီ တော့ အလုပ်ထဲမှာ ကြီးကြပ်သူ ဆိုတဲ့ တရုတ်အချို့က ခေါင်းပုံ ဖြတ်တယ်လို့လည်းကြားတယ်။ သွားတဲ့သူပြောတာတော့ ဟာ...တို့လယ်ထဲမှာလုပ်တာထက် အ များကြီးပိုပင်ပန်းဆိုပဲ’’ဟုဦးလေး က ပြောသည်။
ကျွန်တော်စဉ်းစားနေသည်။ ဒီရွာက ရန်ကုန်နှင့် ၃၅မိုင်ပတ် လည်သာ ဝေးသည့်နေရာ။ တရုတ်-မြန်မာနယ်စပ်နှင့်ဆိုလျှင် တကယ့်အဝေးကြီး။ ထို့ကြောင့် ဒီ ရွာကလူတွေ နယ်စပ်ဖြတ်ကျော် ပြီး ရွှေလီဘက်သို့အလုပ်သွားလုပ်သည့်ဖြစ်ရပ်မှာ ကျွန်တော်တို့အဖို့ တကယ်ထူးဆန်းနေသည်။ အလွန်ဆုံးရန်ကုန်တက်၍ အလုပ်လုပ်ကြသည်ဆိုလျှင် တော်သေးသည်။ အခုတော့ လယ်လုပ်ရင်း၊ ငါးဖမ်းရင်း ဇာတိစွဲလမ်းစိတ်ပြင်းထန်ကြသည့် ဒီရွာသားတွေတောင် ရေကြည်ရာ မြက်နုရာရှာသည့်နေရာက ရန်ကုန်၊ မ န္တလေး၊ လားရှိုး၊ မော်လမြိုင်အစရှိသည့် ပြည်တွင်းမြို့ကြီးတွေမှအလွန် ကိုယ့်တိုင်းပြည်၏ ဟိုဘက်ကမ်းဆီသို့ပင်ရောက်ခဲ့ပြီ။
ထိုသို့ သွားသော်မှ သူတို့ တစ်တွေမှာ အဆင်ပြေလှသည် မဟုတ်။ ကိုယ့်ရပ်ကိုယ့်ရွာမှာ အလုပ်မရှိ၊ ၀င်ငွေမရှိနှင့်ငုတ် တုတ်ထိုင်ပြီးအငတ်နေ၍မဖြစ် သောကြောင့်သာ ယခုကဲ့သို့ သူ တစ်ပါးတိုင်းပြည်မှာ အနှိမ်ခံ၊အ ဖိခံ၊ အောက်ကျခံ၍ ကိုယ်ခွန်အား ကို ရသမျှငွေနှင့်ရောင်းစားရခြင်း ဖြစ်သည်။ တမြန်နေ့ဆီက အယ် ဂျာဇီးယားသတင်းဌာန၏ သ တင်းတစ်ပုဒ်တွင် စင်ကာပူရှိ စူပါ မားကတ်တစ်ခုမှာ မြန်မာအိမ်ဖော်တွေကို ကုန်ပစ္စည်းဈေးဗန်း ခင်းရောင်းသလို ငှားရမ်းမည့်သူ များအား ပြသနေသည့်အဖြစ်မှာ ကြည့်ရသူတွေအဖို့ တကယ့်ရင် နင့်စရာမြင်ကွင်းဖြစ်ပါသည်။
ဇွန် ၃၀ရက်ထုတ် ဆဲဗင်းဒေး သတင်းစာအယ်ဒီတာ့အာဘော် တွင် ၂၀၁၃၌ ထုတ်ပြန်သည့် အစိုးရကိန်းဂဏန်းကိုကိုးကား၍ ပြည်ပသို့ တရားဝင်အလုပ်သွားလုပ်သူဦးရေမှာ ၁ဒသမ ၈သန်းရှိသည်ဟု ဖော်ပြသည်။ တရားမ၀င်လုပ်သားအရေအတွက်ကိုပါ ထည့်တွက်လျှင် ဘယ်လောက်ရှိ မလဲမသိပါ။
နောက်ဆုံးသတင်းများအရ မလေးရှားသို့ အမျိုးသ မီးလုပ်သားတွေ တိုးချဲ့စေလွှတ်မည်ဟု ဆိုသည်။ ပြီးခဲ့သည့်နှစ်အတွင်းကလည်း ဟောင်ကောင်တွင် အိမ်ဖော်လုပ်ရန်မြန်မာအမျိုးသမီးတွေကို ရာနှင့်ချီ၍ တင်ပို့ခဲ့သေး သည်။ ထိုအထဲတွင် ဘွဲ့ရပညာ တတ်များပါ ပါဝင်သည်ဟု သိရ သည်။
လွတ်လပ်ရေးရပြီးစက အာ ရှဒေသအတွင်းမှာအလားအလာ အကောင်းဆုံးချမ်းသာသည့်နိုင်ငံ က နှစ်ပေါင်း ၆၀အတွင်း ကမ္ဘာ ပေါ်၌ နိုင်ငံခြားသို့ အိမ်ဖော်နှင့် ကာယလုပ်သားအများဆုံးတင်ပို့ သည့် တိုင်းပြည်တစ်ပြည်အဖြစ် ကျရောက်သွားခြင်းမှာ စိတ်ထိ ခိုက်စရာကောင်းလှသည့်သမိုင်း ကံကြမ္မာ၏ကျီစယ်မှုဟုသာဆိုရ မလိုရှိတော့သည်။ ဒါက တိုင်း ပြည်အတွင်းမှာ စီးပွားရေးနှင့် အလုပ်အကိုင် ဘယ်လောက်မ ကောင်းသည်ဆိုသောအချက်က လည်း ထင်ရှားစွာသက်သေခံနေ သည်။
ယနေ့ကမ္ဘာတွင် တိုင်းပြည် တစ်ပြည်မှတစ်ပြည်သို့ သွား၍ အလုပ်လုပ်ကြသည်မှာ ဘာမှမဆန်း။ သို့သော် သူတို့က ကျွန်တော်တို့ နိုင်ငံသားတွေလို မိမိ၏ ကာယလုပ်အားကိုအောက်ဈေးနှင့် မျက်နှာငယ်စွာ ရောင်းရခြင်းမဟုတ်။ မိမိတို့၏ အတတ်ပညာနှင့် ဦးနှောက်ကို ဂုဏ်သိက္ခာရှိစွာ သွားရောင်းခြင်းဖြစ်သည်။ အစိုးရများအနေဖြင့် ပြည်ပရောက်လုပ်သားများက တိုင်းပြည်အတွက် နိုင်ငံခြားဝင်ငွေရှာပေးသည်ဆိုရာတွင် မည်သည့်အလုပ်မျိုးဖြင့် ရှာပေးသည်ဆိုတာကိုလည်း ထည့်စဉ်းစားရန်လိုသည်။ ကိုယ့်နိုင်ငံသားတစ်ဦးက သူများတိုင်းပြည်မှာ အတတ်ပညာတစ်ခုဖြင့်အလုပ်လုပ်ပြီး မိသားစုနှင့် မိခင်တိုင်းပြည်ဆီနိုင်ငံခြားမှငွေပို့သည်ဆိုလျှင် ကိစ္စမရှိ။ အနိမ့်ကျဆုံးအလုပ်တွေကို အောက်ကျို့ခံ၍ လုပ်ပြီး ငွေပြန်ပို့တာဆိုလျှင်တော့ ရှက်စရာ ကောင်းသည်။ ယနေ့ ပြည်ပ ရောက် မြန်မာအလုပ်သမားအ များစုက သူများတိုင်းပြည်မှာပျော် လွန်း၍ သွားလုပ်ကြသည်မဟုတ် ပါ။
လူသည် မိမိဘ၀ရှင်သန်ရပ် တည်ရေးအတွက်‘ရေကြည်ရာ မြက်နုရာ’ရှာသည့်ဓလေ့ ရှိပါ သည်။ ယနေ့နယ်စပ်နှင့် ပြည်ပ တိုင်းပြည်များသို့သွား၍အလုပ် လုပ်နေကြသူတွေမှာလည်း ရေ ကြည်ရာ၊ မြက်နုရာရှာကြသူများ အဖြစ် စာရင်းသွင်းနိုင်သည်။ သို့ သော် သမုဒ္ဒရာဝမ်းတစ်ထွာအ တွက် ကိုယ့်တိုင်းပြည်မှာရှာဖွေ စားသောက်ရန် မျှော်လင့်ချက် ထား၍ မရသည့်အဆုံးတွင်မှ နောက်ဆုံးရွေးချယ်ကြသည့်လမ်း တစ်ခုဖြစ်ပါသည်။ ထို့အတွက် သူတို့သည် မိမိတို့ချစ်လှသည့်ဇာ တိရပ်ရွာကို ကျောခိုင်းခဲ့ရသည်။ မိသားစု၊ ဆွေမျိုးနှင့် အပေါင်းအ သင်းတွေကို ခွဲခဲ့ရသည်။ မိခင် တိုင်းပြည်ကန္တာရမှာ ရေလည်း ကြည်၊ မြက်ခင်းတွေလည်းပြန် လည်စိမ်းလန်းလာသော တစ်နေ့ မှာ သူတို့တစ်တွေ ဇာတိမြေဆီပြန် လာကြမှာဖြစ်ပါသည်။
ထို့ကြောင့် အစိုးရအနေဖြင့် ပြည်ပရောက် မြန်မာလုပ်သား များဆီမှ နှစ်စဉ်နိုင်ငံခြားဝင်ငွေ ဘယ်ရွေ့ဘယ်မျှရသည်ဆိုသည် မှာ ဂုဏ်ယူစရာမဟုတ်သလို သူ များတိုင်းပြည်သို့ မိမိနိုင်ငံသားအ လုပ်သမားနှစ်စဉ်တင်ပို့နေရခြင်း မှာလည်း ပျော်စရာမဟုတ်ပါ။ တစ်နည်းအားဖြင့် ရှက်စရာပင် ကောင်းသေးသည်။ ပြည်ပမှာ အ လုပ်ကြမ်းမျိုးစုံလုပ်နေရသည့် မိ မိနိုင်ငံသားများအတွက် အစိုးရ၏ အကောင်းဆုံးတုံ့ပြန်မှုမှာ ကိုယ့် တိုင်းပြည်ကို ‘ရေကြည် မြက်နု’ သည့်နေရာအဖြစ်အမြန်ဆုံးပြန် လည်ဖန်တီးပေးရန်ကြိုးစားခြင်း သာဖြစ်သင့်သည်။
‘‘သမ္မတကြီးက ဆင်းရဲမွဲတေ မှု လျှော့ချရေးလုပ်မှပဲ ကျုပ်တို့ ရွာမှာ လူတောင်မရှိတော့ဘူးဗျာ’’ ကျွန်တော်တို့ စကားဝိုင်းမှာ ဘေး ကထိုင်၍ နားထောင်နေသည့် ရွာသားတစ်ဦး၏အပြောင်အရွှန်းစကားဖြစ်ပါသည်။ သို့သော်ဘယ်သူမှမရယ်မိကြ။ သူ့ဟာသက လူသံတွေတိတ်နေသည့် ရွာတစ်ရွာမှာ အင်မတန် ကြေကွဲစရာကောင်းသည့်ပြက်လုံးတစ်ခုလိုဖြစ်သွားသည်။ သို့သော် လက်တွေ့ဘ၀နှင့် အတော်နီးစပ်သည့် ပြက်လုံးလည်း ဖြစ်ပါသည်။
ACM Credit To : 7 Day Daily
http://www.ayechanmon-news1.com/

Post a Comment