0
အစိုးရသတင်းများကို ပုဂ္ဂလိက မီဒီယာများထံ ပြန်ကြားရေး ဝန်ကြီးဌာနက ရောင်းချသွားမည် ဖြစ်ကြောင်း နိုင်ငံပိုင် အစိုးရအာဘော် သတင်းမီဒီယာများမှ တစ်ဆင့် ဇူလိုင်လ ၁ ရက်နေ့က တရားဝင် ထုတ်ပြန်ခဲ့သည်။

ပြန်ကြားရေး ဝန်ကြီးဌာနက စီမံကွပ်ကဲမှုဖြင့် လည်ပတ်နေသော မီဒီယာများသည် လက်ရှိအချိန်အထိ အစိုးရအာဘော် မီဒီယာတစ်ခုအသွင် ရှိနေသေးရာ ယင်းမီဒီယာ၏ အဓိကတာဝန်နှင့် ဝတ္တရားကို ပြန်လည် ဆန်းစစ်ကြည့်ရန် လိုအပ်လာသည်။ ပြန်ကြားရေး ဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့သတင်းစဉ်သည်လည်း ထို့အတူပင်။

စင်စစ်အားဖြင့် ပြန်ကြားရေး ဝန်ကြီးဌာနသည် နိုင်ငံတော် အသုံးစရိတ် တစ်နည်းအားဖြင့် ပြည်သူ့ဘဏ္ဍာငွေဖြင့် ရပ်တည်လည်ပတ်နေပြီး အစိုးရ အပါအဝင် အာဏာသုံးရပ် အကောင်အထည်ဖော် ဆောင်ရွက်သမျှကို ပြည်သူလူထု သိရှိ ပြန်ကြားပေးရသည့် တာဝန်ကို ထမ်းဆောင်ရသည်။ ထို့အတူ ပြည်သူ့ရေးရာ ဝန်ဆောင်မှုများကို ဖြည့်ဆည်းပေးရမည့် ပြည်သူ့ဝန်ထမ်းများ၏ ဝတ္တရားလည်း ဖြစ်သည်။

ထို့အပြင် ကမ္ဘာပေါ်ရှိ လူသားတိုင်းအတွက် ပြဋ္ဌာန်း ထုတ်ပြန်ထားသည့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကြေညာစာတမ်းပါ အခြေခံ လူ့အခွင့်အရေးနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ နိုင်ငံသားတို့၏ မူလအခြေခံ အခွင့်အရေးအရလည်း နိုင်ငံသားတိုင်း သတင်းသိပိုင်ခွင့်ကို အလိုအလျောက် ခံစားပိုင်ခွင့် ရှိသည်။

ဖော်ပြပါ တာဝန်နှင့် ဝတ္တရားများကို ပြည်သူ့ဘဏ္ဍာ၊ လစာ၊ ရိက္ခာများ ရယူထားသော ပြန်ကြားရေး ဝန်ကြီးဌာန အနေနှင့် အစိုးရသတင်းများကို ပြည်သူလူထုအား သတင်းပြန်ကြားပေးသည့် တာဝန်ကို ထမ်းဆောင်နေသော ပုဂ္ဂလိက မီဒီယာများထံ အခကြေးငွေယူ ရောင်းချမည့် သတင်းကို ဤသို့ တရားဝင် ထုတ်ပြန်ကြေညာခြင်းမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အားတက်သရော လုပ်ဆောင်နေသော အခြေအနေမျိုးတွင် များစွာ အံ့အားသင့်ဖွယ် ဖြစ်သည်။

အထူးသဖြင့် ယနေ့ကာလမျိုးတွင် အစိုးရဌာနတစ်ခုက စီးပွားရေးဆန်ဆန် သတင်းရောင်းချရန် ပြောင်ပြောင်တင်းတင်း ထုတ်ဖော် ကြေညာလာခြင်းမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းများကို အကောင်အထည်ဖော်ရင်း ပြည်သူလူထု၏ ယုံကြည်မှု ရရှိရန် ကြိုးစားနေသော အစိုးရတစ်ရပ်ကို ဂုဏ်သိက္ခာ ကျဆင်းစေပြီး တိုင်းရင်းသား ပြည်သူလူထု၊ အာဏာသုံးရပ်၊ အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများလည်း အကျုံးဝင်နေသည့် နိုင်ငံသားအားလုံး၏ သတင်းသိပိုင်ခွင့် ဟူသော အခြေခံအခွင့်အရေးကို အိုးမဲသုတ်ခြင်းသာ ဖြစ်ကြောင်း သိစေအပ်ပေသည်။

အယ်ဒီတာ (၃-၇-၂၀၁၄)

(ဇူလိုင်လ ၄ ရက်နေ့ထုတ် The Voice နေ့စဉ်သတင်းစာ မျက်နှာဖုံးနှင့် Editorial)

ACM Credit To : The Voice Weekly
http://www.ayechanmon-news1.com/
Photo: နိုင်ငံသားအားလုံး၏ အခြေခံအခွင့်အရေးကို အိုးမဲသုတ်ခြင်း

Post a Comment

Top