ပြည်တွင်း ဘဏ်တွေရဲ့ အရန်ငွေ ပမာဏ နှုန်းထားကို တစ်ဝက်လောက် လျော့ချပြီး ပြောင်းလဲသတ်မှတ်ဖို့ ဗဟိုဘဏ်က စီစဉ်နေပါပြီ။ ညွှန်ကြားချက် တစ်ချို့ကိုလည်း ပြောင်းလဲဖို့ ရှိပါတယ်။
“ဥပမာ ဗဟိုဘဏ်မှာ အရန်ငွေ (Reserve Requirement) ကို တစ်ဆယ်ရာခိုင်နှုန်း ထားဖို့ သတ်မှတ်ထားတယ်။ အဲဒီမှာ ငွေသား (Cash) ထားရမှာကို ငွေချေးစာချုပ် (Bond) တွေ ထားထားတယ်။ အဲဒါတွေကို Bond ထားခွင့် မပေးတော့ဘူး။ ငွေသားပဲ ထားရဖို့ လုပ်သွားမယ်” လို့ ဗဟိုဘဏ် အကြီးတန်း အရာရှိတစ်ဦးက ပြောပါတယ်။
အရန်ငွေနှုန်းထားကို တစ်ဆယ်ရာခိုင်နှုန်းကနေ ခြောက်ရာခိုင်နှုန်း ဒါမှမဟုတ် ငါးရာခိုင်နှုန်းလောက်ကို ပြောင်းလဲ သတ်မှတ်လာနိုင်တယ်လို့ သူက ဆိုပါတယ်။
ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ ညွှန်ကြားချက် တစ်ချို့ဟာ မတင်းကျပ်သင့်တဲ့ နေရာတွေမှာ တင်းကြပ်ပြီးတော့ တင်းကြပ်သင့်တဲ့ နေရာမှာ မတင်းကြပ်ဘဲ လျော့ရဲနေတယ်။ အဲလို လွဲချော်မှုတွေကို အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့ (IMF) က ပညာရှင်တွေနဲ့ ပူးပေါင်း လုပ်ဆောင်ဖို့ ရှိတယ်လို့ အကြီးတန်းအရာရှိက ရှင်းပြပါတယ်။
နိုင်ငံတကာ ဗဟိုဘဏ်မှာ အရန်ငွေ ထားရမယ့် ပမာဏကို ၈ ရာခိုင်နှုန်းသာ သတ်မှတ်ထားပါတယ်။ အရန်ငွေပမာဏကို လျော့ချလိုက်ရင် ဘဏ်တွေရဲ့ ငွေချေးနိုင်စွမ်း တိုးတက် ကောင်းမွန်လာမယ်လို့ ကမ္ဘောဇဘဏ် ဒုတိယဥက္ကဋ္ဌ ဦးသန်းလွင်က ပြောပါတယ်။
“အရင်တုန်းကတော့ ဘဏ်ခွဲတစ်ခု ဖွင့်မယ်ဆိုရင် သန်းပေါင်း ၇၀၀ ပေးရမယ် ဆိုတာတွေက အရမ်းများတယ်” လို့ သူက ဆိုပါတယ်။
ငွေကြေးကဏ္ဍကို အဓိက ထိန်းကျောင်းထားတဲ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ငွေချေးစာချုပ် နေရာမှာ ငွေသား ပြောင်းလဲထားရှိဖို့ အပါအဝင် ပြောင်းလဲမယ့် ညွှန်ကြားချက်တွေကို ပြည်တွင်းဘဏ်များကို သုံးလ (သို့မဟုတ်) ခြောက်လ ကြိုတင် အကြောင်းကြားမှာ ဖြစ်ပါတယ်။
ACM Credit To:The Voice Weekly
http://
Post a Comment