0

-ACM Re-Post 5-6-2014
Written by: ဝေယံဖြိုးဦး၊ မျိုးမင်းထက်

သမချေးငွေများ ချေးယူရာတွင် ပါတီဝင်ဖြစ်ရမည်ဟု သတင်းထွက်ပေါ်နေပြီး ချေးငွေများသည် အမှန်တကယ် လိုအပ်သော ပြည်သူများထံ မရောက်ရှိဘဲ လူတစ်စုလက်ဝယ်သို့သာ ရောက်ရှိနေကြောင်း NLD လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က တင်ပြခဲ့သည်။

ဇွန် ၄ ရက်တွင် ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် NLD ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က သက်ဆိုင်ရာဝန်ကြီးဌာနသို့ မေးခွန်းမေးမြန်းရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ဦးဝင်းမြင့်က သမ၀ါယမ ၀န်ကြီးဌာနမှ ထုတ်ချေးသည့် ချေးငွေများမှာ အတိုးနှုန်းလျှော့ချပြီး တစ်ကျပ် ပြား ၅၀ နှုန်းဖြစ်တာကြောင့် ကျေးလက်ဒေသ ပြည်သူများက မျှော်လင့်လျက်ရှိကြကြောင်း၊ ပြည်သူ့လိုအပ်ချက်ကို အမှန်တကယ် ပံ့ပိုးပေးစေရန် လိုလားလျက်ရှိကြောင်း၊ ပြည်သူများ အားကိုးရလောက်အောင် ယုံကြည်မှု ရှိကြစေရန်လည်း လိုအပ်ကြောင်း၊ သို့သော် ယင်းသမ၀ါယမချေးငွေနှင့် ပတ်သက်၍ ၎င်းတို့ပါတီထဲဝင်မှ ချေးမည်ဟု ပြင်ပတွင် သတင်းများ ထွက်ပေါ်နေကြောင်း၊ အချို့မှာ ချေးယူသူ၏ အမည်မှတ်တမ်းများကိုယူပြီး ယင်းပါတီဖောင်များအတွင်း ရေးသွင်းမှုများ ရှိသည်ဟု ကြားသိနေရကြောင်း၊ သမ၀ါယမ ချေးငွေများမှာ အမှန်တကယ် လိုအပ်သော ပြည်သူများလက်ဝယ် မရောက်ရှိဘဲ လူတစ်စုလက်ဝယ်သို့သာ ရောက်ရှိနေကြောင်းကို ပြည်သူအချို့က ပြောကြားနေသည်ကို မီဒီယာများမှတစ်ဆင့် ကြားသိရကြောင်း တင်ပြခဲ့ခြင်းဖြစ်သည်။

လွှတ်တော်အတွင်း ဆွေးနွေးပြောကြားစဉ် ဦးဝင်းမြင့်အနေဖြင့် ပါတီအမည်အား ထုတ်ဖော်ပြောကြားခြင်း မရှိဘဲ “ယင်း’ ပါတီဟုသာ နာမ်စားအသုံးပြု ပြောကြားသွားခြင်းနှင့် ပတ်သက်၍ ထပ်မံမေးမြန်းကြည့်ရာ “လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေအရ အမည်တပ်ပြီး ပြောခွင့်မရှိပါဘူး။ အဲဒါကြောင့် ထည့်မပြောတာပါ။ သမချေးငွေဆိုတာ သမ၀န်ကြီးဌာနက ထုတ်ချေးတာပဲ။ ၀န်ကြီးဌာနဆိုမှတော့ အာဏာရတာ ဘယ်ပါတီလည်း လူတိုင်းသိပါတယ်” ဟု ပြောကြားသည်။

အလားတူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောလှထွန်းကလည်း သမ၀ါယမ ၀န်ကြီးဌာနအနေဖြင့် ပြည်သူများအား ထုတ်ချေးပေးထားသော ချေးငွေများသည် မည်မျှအကျိုးသက်ရောက်မှု ရှိသည်ကို သိရှိလိုကြောင်းနှင့် မည်သည့်ပါတီဝင်မဆို သမချေးငွေကို ချေးယူနိုင်ခြင်း ရှိ၊ မရှိကို သိရှိလိုကြောင်း မေးမြန်းခဲ့သည်။

ထို့နောက် သမ၀ါယမ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးသန်းထွန်းက မည်သည့်ပါတီဝင်မဆို သမ၀ါယမ အသင်းဝင်ခွင့်ရှိပြီး ငွေချေးယူနိုင်သည်ဟု ပြန်လည်ငြင်းဆန် ဖြေကြားခဲ့သည်။

သမ၀ါယမ ၀န်ကြီးဌာနသည် အများပြည်သူသို့ ငွေထုတ်ချေးသည်ဟု ဆိုသော်လည်း တရုတ်ထံမှ မြင့်မားလွန်းသည့် ၄ ဒသမ ၅ ရာခိုင်နှုန်းအတိုးဖြင့် ချေးယူသည့် ငွေများဖြင့် ပြန်လည်ထုတ်ချေးခြင်းဖြစ်ပြီး ပြန်လည်ထုတ်ချေးရာတွင် ၁ ဒသမ ၅ ရာခိုင်နှုန်းအတိုးဖြင့် ထုတ်ချေးနေခြင်းဖြစ်သည်။

Aye Chan Mon Credit To: Eleven Media Group
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top