0

ACM Re-Post 3-6-2014
Written by: ဇင်ဘိုလွင်

ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ဖွဲ့စည်းပုံပုဒ်မ ၄၃၆ ပြင်ဆင်ရေးနှင့် ပတ်သက်၍ မန္တလေးမြို့၌ ဟောပြောခဲ့သည်များမှာ တပ်မတော်အပေါ် ပြည်သူလူထု ယုံကြည်အားကိုးလာရေးသာ ဟောပြောခြင်း ဖြစ်သည့်အတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ၀င်ရောက်သတိပေးနေခြင်းမှာ သင့်လျော်မှု မရှိကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) က ဇွန် ၂ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

NLD နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းကာ မေ ၁၈ ရက်က မန္တလေးမြို့၌ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲ ပြုလုပ်ခဲ့ရာတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များနှင့် ပတ်သက်၍ ပြောကြားချက်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေက ခွင့်ပြုထားသည့်ဘောင်ကို ကျော်လွန်နေသည်ဟုဆိုကာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပါ ပြဋ္ဌာန်းချက်များ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဇယားလေး ပါ လွှတ်တော်ကိုယ်စားလှယ် ကတိသစ္စာပြုခြင်းအား ရည်ညွှန်း၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က မေ ၂၂ ရက်တွင် သတိပေးစာပေးပို့ခဲ့ခြင်း ဖြစ်သည်။

“ဒေါ်အောင်ဆန်းစုကြည်က လူထုဟောပြောပွဲတွင် တင်ပြခဲ့သော တိုက်တွန်းချက်မှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပါ ပြဋ္ဌာန်းချက်တို့နှင့် ညီညွတ်သည့်အပြင် ပြည်သူလူထု ယုံကြည်အားကိုး၍ ဂုဏ်သိက္ခာမြင့်မားသော တပ်မတော်ဖြစ်ရေးအတွက် ကောင်းသောရည်ရွယ်ချက် ဖြစ်ကြောင်း သိသာထင်ရှားနေသည့် ပြောကြားမှုအပေါ် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ၀င်ရောက်သတိ ပေးနေခြင်းမှာလည်း လုံးဝသင့်လျော်မှုမရှိ” ဟု NLD ကြေညာချက်တွင် ပါရှိသည်။

ထို့ပြင် ရွေးကောက်ပွဲကော်မရှင် သတိပေးစာ၌ လွှတ်တော်တွင်း ပါဝင်နေသည့် တပ်မတော်သား ကိုယ်စားလှယ်များကိုချည်း ရည်ညွှန်းပြောကြားသလို အကြောင်းခြင်းရာကိုလွဲမှားစွာ ဖော်ပြထားကြောင်း၊ ပြောကြားသည့် စကားအမှန်မှာ တပ်မတော်ကိုသာ ရည်ရွယ်ပြောဆို ခဲ့ခြင်းဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၅၄ (က) အရ မိမိ၏ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်ကို လွတ်လပ်စွာ သုံးစွဲဆောင်ရွက်ခွင့်ရှိကြောင်း ပြဋ္ဌာန်းထားသည်ဖြစ်၍ ကော်မရှင်က ဆိုထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ခွင့်ပြုထားသည့်ဘောင်ကို ကျော်လွန်ရာ ရောက်ပါသည်ဟု ဖော်ပြချက်မှာလည်း ဥပဒေအရ မမှန်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

NLD အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၀၆ တွင် ပါရှိသော နိုင်ငံရေးပါတီတစ်ရပ်သည် နိုင်ငံတော်အတွင်း ဥပဒေနှင့်အညီ လွတ်လပ်စွာ စည်းရုံးဟောပြောခွင့် ရှိသည်ဆိုသည့် ပြဋ္ဌာန်းချက်နှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ကော်မရှင်ဥပဒေနှင့်အညီ နိုင်ငံရေးပါတီများကို ကြီးကြပ်ခြင်းနှင့် ကြီးကြပ်စေခြင်းတာဝန်ကို ထမ်းဆောင်ရာတွင် ဥပဒေပါ ပြဋ္ဌာန်းချက်နှင့်အညီသာ ဆောင်ရွက်ခွင့်ရှိပြီး ဥပဒေပြဋ္ဌာန်းချက်တွင် မပါရှိသော တာဝန်များကို ဆောင်ရွက်ခွင့်ရှိမည် မဟုတ်ကြောင်း NLD က တုံ့ပြန်ထားသည်။

ယင်းကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်အပေါ် သတိပေးစာ ပေးပို့ခြင်းသည် သတ်မှတ်ပြဋ္ဌာန်းထားသည့် ဥပဒေနှင့်အညီသာ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို မလုပ်ဆောင်ရန် တားမြစ်ခြင်း မဟုတ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိုင်ငံသားတိုင်း လွတ်လပ်စွာပြောဆို စည်းရုံးခွင့်ရှိသည့် ပြဋ္ဌာန်းချက် ပါဝင်သော်လည်း အဖွဲအစည်းများအား မထိခိုက်ရဟု တားမြစ်ချက်မျိုးပါဝင်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်ဘက်က ပြောကြားထားသည်။ NLD ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းကမူ ဖွဲ့စည်းပုံအခြေခံဥပဒေ ဘောင်ကျော်ခြင်း မကျော်ခြင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးကသာ ဆုံးဖြတ်ရမည့်ကိစ္စဖြစ်ပြီး ရွေးကောက်ပွဲကော်မရှင်က ပြောခြင်းသည် ဥပဒေအရမှားကြောင်း ပြောကြားထားသည်။

ဇွန် ၂ ရက်က နေပြည်တော်တွင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေး တက်ရောက်ပြီး ပြန်လည်ထွက်ခွာလာသော တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များကို တွေ့ရစဉ် (ဓာတ်ပုံ-မျိုးမင်းထက်)

မေ ၁၈ ရက်က မန္တလေးမြို့၌ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဒေါ်အောင်ဆန်းစုကြည် ဟောပြောစဉ်

Aye Chan Mon Credit To : Eleven Media Group
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/
3

Post a Comment

 
Top