0


ရေခဲ(ပြည်) ACM Re-Post 3-6-2014

ပြည်၊ မဇ္ဈိမ။ ။ ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့တွင် အနောက်လခုပင်ကျေးရွာအုပ်ချုပ်ရေးမှူး ဖြုတ်ချရေး ဆန္ဒပြသူကို ထိရောက်စွာ အရေးယူပေးရန် အုပ်ချုပ်ရေးမှူးကို ထောက်ခံသူ နှစ်ရာကျော်က ဇွန်လ ၃ရက်က ကားဆယ်စီးဖြင့် မြို့တွင်းသို့ လှည့်လည်ဆန္ဒပြခဲ့သည်။

"သူတို့ဆန္ဒပြမှုတွေက မမှန်ကန်ဘူး။ သူတို့နောက်ရောင်ပြီး ကျေးရွာပြည်သူလူထု လိုက်လာရင် အုပ်ချုပ်ရေး ပျက်ပြားစေလိမ့်မယ်။ သူတို့က အဖျက်သမားတွေဖြစ်တယ် ဆိုတာ ကျေးရွာက ထောက်ခံအားပေးတဲ့ သဘောနဲ့ဆန္ဒပြန်ပြတာ"ဟု ဦးဆောင်ဆန္ဒပြသူ ဦးတင်မောင်ဝင်းကပြောသည်။

လယ်ယာမြေ စားကျက်မြေများ အကွက်ရိုက်ရောင်းစားမှုကို အရေးယူတားမြစ်ခြင်း မပြုလုပ်သည့်အတွက် အနောက်လခုပင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဥာဏ်ဝင်းကို ဖြုတ်ချပေးလိုကြောင်း ဧပြီ၂၈ရက်က ဒေသခံကျေးရွာသား ဆယ်ဦးက ဆန္ဒပြသည့်အတွက် အုပ်ချုပ်ရေးမှူးကို ထောက်ခံသူများက ပြန်လည် ကန့်ကွက် ဆန္ဒပြခြင်းဖြစ်သည်။

လယ်ယာမြေများ စားကျက်မြေများ အကွက်ရိုက်ရောင်းစားမှုမှာ မဟုတ်မှန်ဟု ဦးဆောင်သူ ကိုတင်မောင်ဝင်းက ဆိုသည်။

ဇွန်လ ၃ရက် နံနက် ၈နာရီခွဲက ဆန္ဒပြသူများသည် ပြည်မြို့ အနောက်လခုပင်ကျေးရွာအုပ်စု အုတ်ဖိုကျေးရွာ ကင်းချောင်းတံတားထိပ်တွင် စုဝေးကာ ယာဉ်တန်းဖြင့် ထွက်ခွာခဲ့သည်။ အဆိုပါ ယာဉ်တန်းသည် ပြည်မြို့လမ်းမတော်လမ်းအတိုင်း ချီတက်ကာ ဗိုလ်ချုပ်ကျောက်ရုပ် ရှေ့တွင် ပြန်လှည့်ခဲ့သည်။ ထို့နောက် လမ်းရှည်လမ်းအတိုင်း ပြန်လည်ချီတက်ကာ မူလစတင်သည့်နေရာ ကင်းချောင်းတံတားထိပ်တွင် ဆန္ဒဖော်ထုတ်မှုကို ရပ်နားခဲ့သည်။

ဆန္ဒဖော်ထုတ်သူများက "မဟုတ်မမှန် လုပ်ကြံဆန္ဒပြသူ ကိုဝင်းလှိုင်နှင့် ကိုမျိုးခိုင် (ခ)မျိုးနိုင်တို့ကို ထိရောက်စွာ အရေးယူဆောင်ရွက်ပေးရေး ဒို့အရေး" "ဒေသဖွံ့ဖြိုးတိုးတက်ရေးကို နှောက်ယှက်ဖျက်စီးသူ များအား ဆန့်ကျင်ရေး ဒို့အရေး" "ကျေးရွာအုပ်စု အချုပ်အချာအာဏာ တည့်တံ့ခိုင်မြဲရေးကို နှောက်ယှက်ဖျက်စီးမှုအား ဆန့်ကျင်ရေးဒို့အရေး" "ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး ဒို့အရေး" စသည့်စာသားပါ ကြွေးကြော်သံများကို ကြွေးကြော်ခဲ့ပြီး စာသားပါ ဗီနိုင်းပိုစတာလေးခုကို ကားပေါ်တွင် တင်ဆောင်ဆန္ဒပြကြသည်။

ယခုဆန္ဒပြပွဲအား မေ၂၈ရက်တွင် ခွင့်ပြုမိန့်လျှောက်ထားခဲ့ပြီးတရားဝင်ခွင့်ပြုမိန့် ရရှိခဲ့သည်။ ဧပြီ၂၈ရက်က ကျေးရွာအုပ်ချုပ်ရေးမှူး အလိုမရှိကြောင်း ဆန္ဒပြပွဲကိုမူ ခွင့်ပြုမိန့်တောင်းခံခဲ့သော်လည်း ခွင့်ပြုချက်မရရှိခဲ့ပေ။ ခွင့်ပြုချက်မရှိဘဲ ဆန္ဒဖော်ထုတ်သဖြင့် ဦးဆောင်သူ ကိုဝင်းလှိုင် နှင့် ကိုမျိုးနိုင်တို့အား ပုဒ်မ(၁၈)ဖြင့် အရေးယူထားသည်။

ကျေးရွာအုပ်ချုပ်ရေးမှူးကို ထောက်ခံသူများက ပြန်လည်ဆန္ဒပြခြင်း နှင့် ပတ်သတ်ပြီး အုပ်ချုပ်ရေးမှူး အလိုမရှိကြောင်း ဦးဆောင်ဆန္ဒပြသူ ကိုဝင်းလှိုင်က "သူတို့ပြတာ သဘောကျတယ်။ ကိုယ့်အထုပ် ကိုယ်ပြန်ဖြည်ရာ ရောက်တယ်။ သူတို့လုပ်လို့ လယ်ယာမြေ စားကျက်မြေတွေလည်း မရှိတော့ဘူး။ နိုင်ငံတော်အစိုးရက လာစစ်ရင် သိလိမ့်မယ်။ သူ့အပြစ်ရှိ သူ့အရေးယူ ကိုယ့်အပြစ်ရှိ ကိုယ့်အရေးယူ လာစစ်ပါစေ" ဟုပြောသည်။

Aye Chan Mon Credit To :Mizzima - News in Burmese
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top