0


ဘန်ကောက်၊ ACM Re-Post 3-6-2014

အာဏာသိမ်းယူပြီးနောက် ရွေးကောက်ပွဲ ကျင်းပရန် တစ်နှစ်ကျော်ကြာ အချိန်ယူရဦးမည်ဟု ပြောကြားထားသော ထိုင်းစစ်တပ်က ထင်ရှားသော နိုင်ငံရေးသမားများ အပါအဝင် နောက်ထပ် လူ ၃၈ ဦးကို သတင်းပို့ရန် ထပ်မံဆင့်ခေါ်လိုက်ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

ထိုင်းစစ်တပ်က အာဏာသိမ်းပြီး ရက်ပိုင်းအတွင်း ဝန်ကြီးချုပ်ဟောင်း ယင်းလပ် အပါအဝင် ထင်ရှားသော နိုင်ငံရေးသမားများ၊ ပညာရှင်များ၊ စီးပွားရေး လုပ်ငန်းရှင်များ စသည့် လူ ၂၀၀ ခန့်ကို စစ်တပ်သို့ သတင်းပို့ရန် ဆင့်ခေါ်ခဲ့ပြီး ယင်းလပ် အပါအဝင် ထင်ရှားသော နိုင်ငံရေးသမား အများစုကို ဖမ်းဆီး ထိန်းသိမ်းထားခဲ့သည်။

ယခုအခါတွင် ဝန်ကြီးချုပ် ယင်းလပ်နှင့် အချို့သော နိုင်ငံရေးသမားများကို ထိန်းသိမ်းထားရာမှ ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်သော်လည်း ဆက်လက် ထိန်းသိမ်းထားသူ ၇၀ ကျော် ကျန်ရှိနေသေးသည်။

ထိုင်းစစ်တပ်က ယခုထပ်မံ ဆင့်ခေါ်ခံရသူများတွင် ဝန်ကြီးချုပ်ဟောင်း ယင်းလပ်၏ ပါတီဖြစ်သော ဖေ့အ်ထိုင်းပါတီမှ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ဖူးသူ Ruangkrai Leekitwattana၊ ရှပ်နီလှုပ်ရှားမှု ခေါင်းဆောင်တစ်ဦးဖြစ်သူ ရှေ့နေ ကရွန်ပွန်ပွန်ကလန်နှင့် နခွန်နယော့ပြည်နယ်၏ လွှတ်တော်ကိုယ်စားလှယ် ဆစ်ထီချိုင်ကစ်တီသန်နီဆူအန်လည်း ပါဝင်သည်။

ယခုထပ်မံ ဆင့်ခေါ်ခံရသူများထဲမှ အချို့မှာ တနင်္လာနေ့ နံနက်ပိုင်းတွင် ထိုင်းစစ်တပ်ကို သွားရောက် သတင်းပို့ခဲ့ကြကြောင်း ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံတွင် ခုနစ်လတာခန့် နိုင်ငံရေးအကျပ်အတည်းနှင့် ရင်ဆိုင်ခဲ့ရပြီးနောက် မေလ ၂၂ ရက်နေ့တွင် ထိုင်းစစ်တပ်က အာဏာသိမ်းယူခဲ့သည်။

ထိုင်းစစ်တပ်က ရွေးကောက်ပွဲ မကျင်းပမီ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြုပြင်ပြောင်းလဲရေးများ ပြုလုပ်မည်ဖြစ်ရာ ရွေးကောက်ပွဲ ကျင်းပရန် အချိန် ၁၅ လခန့် ယူဖွယ်ရှိသည်။

ရွေးကောက်ပွဲကျင်းပရန် ထိုင်းစစ်တပ်က လမ်းပြမြေပုံ သုံးရပ် ချမှတ် လုပ်ဆောင်သွားမည်ဟု ထိုင်းကာကွယ်ရေးဦးစီးချုပ် ပရာယုချန်အိုချာက သောကြာနေ့ ညပိုင်းတွင် ရုပ်မြင်သံကြားမှတစ်ဆင့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

လမ်းပြမြေပုံ ပထမအဆင့်တွင် အချိန်သုံးလခန့် ကြာမြင့်နိုင်ပြီး တိုင်းပြည်လုံခြုံရေးနှင့် မတူသော နိုင်ငံရေးအုပ်စုများအကြား သင့်မြတ်မှု ရရှိရေးကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ကြေညာခဲ့သည်။

လမ်းပြမြေပုံ ဒုတိယအဆင့်အတွက် အချိန်တစ်နှစ်ခန့် ယူဖွယ်ရှိပြီး ဥပဒေပညာရှင်များဖြင့် ယာယီဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲပြီး အမျိုးသားညီလာခံ ကျင်းပကာ ကြားဖြတ်အစိုးရ ဖွဲ့သွားမည် ဖြစ်သည်။

လမ်းပြမြေပုံ တတိယအဆင့်တွင် ရွေးကောက်ပွဲများ ပြန်လည်ကျင်းပ၍ စစ်တပ်၏ မူလတာဝန်များကို ပြန်လည် ထမ်းဆောင်မည် ဖြစ်ကြောင်း ထိုင်းကာကွယ်ရေးဦးစီးချုပ် ပရာယုချန်အိုချာက သောကြာနေ့တွင် ကြေညာခဲ့သည်။

Aye Chan Mon Credit To : The Voice Weekly
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/
2

Post a Comment

 
Top