0

ACM RE-Post 18-6-2014

ယဉ်ကျေးတယ်ဆိုတာ ဒေါသမပါဘဲ ပြောဆိုရင်ဆိုင် လုပ်ကိုင် ရှင်သန်တာပါပဲ။
လိမ္မာတယ်ဆိုတာက ကိုယ်တတ်ထား၊ သိထားတဲ့ အတတ်ပညာ၊ အသိပညာကို အထားအသို မှန်မှန်ကန်ကန်နဲ့ နေရာတကျ၊ သူ့အကန့်နဲ့သူ အကွက်ကျကျ ဆောင်ရွက်နိုင်စွမ်းရှိတာကို ခေါ်ဆိုတာပါ။
ရာထူးဌာနန္တရကြီးပါလျက် စကားနုတ်၊ စကားရိုင်း၊ စကားငယ်တွေကိုသာ နားဖွယ်အောင် ဒေါသတကြီး ပြောဆိုလေ့ရှိသူတွေကို မယဉ်ကျေးတဲ့သူလို့ သတ်မှတ်ရမှာဖြစ်သလို၊ (ပတ္တမြားကျောက်စီဓားကို ကိုင်ဆောင်ထားပါလျက် အဲဒီရတနာဓားနဲ့ ခွေးဝဲစားကို ခုတ်ပိုင်းဖို့ ကြိုးပမ်းသူလို) ကိုယ့်အသိဥာဏ်ပညာအားကိုးနဲ့ ကိုယ့်လောက်မှ မသိ၊ မတတ်၊ မနိုင်စားနိုင်ရှာသူတွေကို အနိုင်ယူဖို့ ဆောင်ရွက်နေသူမျိုးကိုလည်း မလိမ္မာသူလို့ ခေါ်ဝေါ်ရမှာပါပဲ။

ကိုယ့်စကားတစ်ခွန်းကြောင့် ကြားနာသူ ဒေါသသင့်စေရင် အဲဒီ စကားပြောဆိုသူဟာ မလိမ္မာသူပါပဲ။ စကားအလိုကို တိုက်ရိုက်ပြောရမယ် ဆိုရင် မျိုးချစ်စိတ်ရှိသူတိုင်းဟာ လိမ္မာတတ်ရမယ်လို့ ဆိုလိုချင်တာပါ။
ကိုယ့်ရဲ့ ဇာတိနဲ့အစဉ်အလာကို ထိပါးစော်ကားဖျက်ဆီးသူတွေ (အမှန်တကယ်) ရှိနေတယ်ဆိုရင် မျိုးချစ်စိတ်ကြီးကြသူများပီပီ၊ သတိတမံ ဥာဏ်မြေကတုတ်နဲ့ ယဉ်ယဉ်ကျေးကျေး လိမ်လိမ်မာမာ ကာကွယ်စောင့်ရှောက်ကြရမှာပါပဲ။
ယဉ်ကျေးလိမ္မာသူများသာလျှင် စစ်မှန်တဲ့မျိုးချစ်စိတ်ကို ဖော်ဆောင်နိုင် ကြပါလိမ့်မယ်။ (လောကကြီးက လူရိုင်းတွေကို အလိုမရှိပါဘူး။)
မီးခိုးအူနေတဲ့ အခန်းတံခါးကို မစဉ်းစား မဆင်ခြင်ဘဲ ရုတ်တရက် ဆွဲဖွင့်လိုက်မယ်ဆိုရင် အဲဒါ ကိုယ့်ကိုယ်ကိုယ် သတ်သလို ဖြစ်သွားမှာ အမှန်ပါပဲ။ အဲဒီလို ပြုမူမိသူခမျာ စေတနာ ဘယ်လိုပဲ ကောင်းကောင်း၊ သတိပညာနုံနည်းသူဖြစ်တဲ့အတွက် သူ့ကို မလိမ္မာသူလို့သာ သတ်မှတ်ရပါမယ်။
တင်စားပြီးပြောပြရရင် ...
ဒေါသငွေ့အူနေတဲ့ နှလုံးသားတံခါးတွေကို လောကြီးတဲ့မျိုးချစ်စိတ်နဲ့ ရုတ်တရက် ဆွဲဖွင့်လိုက်ရင် မီးတောက်တွေ ပိုကြီးလာနိုင်တယ်ပေါ့ဗျာ။

မျိုးချစ်စိတ်ရှိကြသူ၊ ကြီးကြသူချည်းပါပဲ။ ကိုယ့်တစ်မျိုးသားလုံးကို တကယ် တိုးတက်ငြိမ်းချမ်းစေချင်တယ်ဆိုရင် ကျွန်တော့်နည်းကတော့ လူတိုင်း လူတိုင်း ကိုယ့်ကိုယ်ကိုယ် တိုးတက်ငြိမ်းချမ်းအောင် အရင်ဦးဆုံး ဆောင်ရွက်စေချင်တာပါပဲ။
လောကကိုပဲဖြစ်စေ၊
တိုင်းနိုင်ငံကိုပဲဖြစ်စေ
ဒေသကိုပဲဖြစ်စေ
လူ့အဖွဲ့အစည်းကိုပဲဖြစ်စေ
ကိုယ့်ကိုယ်ကိုယ်ပဲဖြစ်စေ တိုးတက်အောင်၊ ငြိမ်းချမ်းအောင် ထူထောင်ချင်တယ်ဆိုရင် အရင်ဆုံး ပြုပြင်ရမှာက တစ်ခုတည်းပါပဲ။ (အဲဒါကတော့ စိတ်ထားတွေကို အရင်ပြင်ကြရမှာပါ။)
စိတ်ဓာတ်တွေကိုသာ အရင်ဆုံး ပြုပြင်ကြရမှာပါဗျာ။ (စိတ္တေန နီယတေ၊ လောကော = လောကကို စိတ်က ဦးဆောင်ဖန်တီးပါတယ်။)

“မျက်စိဖွင့်ပြီး ချစ်ကြည့်ပါ”
မောင်လှမျိုး(ချင်းချောင်းခြံ)

Eternal Light Magazine
June 2014
“မျိုးချစ်စိတ်စစ်စစ်ဆိုတာ ”

Aye Chan Mon Credit To: Eternal Light Magazine
http://www.ayechanmon-news1.com/

Post a Comment

 
Top