0


ရန်ကုန်၊ ACM Re-Post 3-6-2014

ငါးမဖမ်းရ ရာသီ ငါးမဖမ်းရ ဧရိယာ သတ်မှတ်ပြဋ္ဌာန်းချက်အရ ငါးဖမ်းခွင့် ပိတ်ထားသည့် ကမ်းဝေး ငါးဖမ်းသင်္ဘော ၃၅ ရာခိုင်နှုန်းကို ဇွန်လ ၁ ရက်နေ့မှ စတင်၍ ပြန်လည် ခွင့်ပြုလိုက်ကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ငါးလုပ်ငန်း ဦးစီးဌာန၏ ထုတ်ပြန် ကြေညာချက်များအရ သိရသည်။

ပြီးခဲ့သည့် ဧပြီလနှင့် မေလတွင် ငါးမဖမ်းရ ရာသီအဖြစ် သတ်မှတ်ခဲ့သော်လည်း ဝန်ကြီးဌာနက ကမ်းဝေး ငါးဖမ်းသင်္ဘော လုပ်ငန်းရှင်များ၏ တောင်းဆိုမှုများကြောင့် ကမ်းဝေး ငါးဖမ်းသင်္ဘော ၆၅ ရာခိုင်နှုန်းကို ငါးဖမ်းရန် ခွင့်ပြုခဲ့ပြီး ကျန်ရှိသည့် ငါးဖမ်းသင်္ဘောများကို ဇွန်လ ၁ ရက်နေ့မှ စတင်၍ ငါးဖမ်းဆီးခွင့်ပြုခြင်း ဖြစ်သည်။

ယင်းသို့ မြန်မာ့ပင်လယ်ပြင်တွင် ငါးဖမ်းဆီးခွင့် ပိတ်ထားခြင်းကြောင့် ပြည်တွင်း ငါးဈေးကွက်အတွင်း ဈေးနှုန်းများ မြင့်မားခဲ့ကြောင်း ကြည့်မြင်တိုင် စံပြငါးဈေးမှ သိရသည်။

“လှေတွေ အကုန်လုံး ငါးဖမ်းခွင့်ပြုလိုက်ပြီ ဆိုပေမယ့် ငါးဈေးကတော့ ကျမယ့်ပုံ မရှိဘူး။ ပင်လယ်မှာလည်း လှိုင်းကကြီးနေတော့ ငါးဖမ်းရ ခက်နေတယ်” ဟု ကမ်းဝေး ငါးဖမ်းလုပ်ငန်းရှင် ဦးအောင်ဦးက ဆိုသည်။

ပင်လယ်ရေအောက် ကြမ်းပြင် ပြောင်းလဲလာမှုကြောင့် ယခင်က မတွေ့ရှိဖူးသည့် ငါးအမျိုးအစားများကိုလည်း ဖမ်ဆီးရမိပြီး ယခင်က ရှိခဲ့ဖူးသည့် ငါးအမျိုးအစားများမှာလည်း ပြောင်းရွှေ့သွားခြင်းများ ရှိသည်ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် ၂၀၀၈ ခုနှစ် နာဂစ်ဖြစ်ပွားပြီး နောက်ပိုင်းမှ စတင်၍ ပင်လယ်ပြင် ငါးဖမ်းဆီးမှုမှာ တစ်စတစ်စ ကျဆင်းလျက် ရှိသည်ဟုလည်း ၎င်းကဆိုသည်။

မြန်မာ့ပင်လယ်ပြင် ရေသယံဇာတ လက်ကျန်ကို တိုင်းတာရန်အတွက် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်အတွင်း နော်ဝေ သုတေသန ရေယာဉ်သည် မြန်မာ့ရေပိုင်နက် ကမ်းလွန်ပင်လယ် ရေတိမ်ပိုင်းနှင့် အထူးစီးပွားရေးဇုန်တို့တွင် ပင်လယ်ပြင် သုတေသနလုပ်ငန်းများ ဆောင်ရွက်ခဲ့သော်လည်း ရလဒ်ကိုမူ ယနေ့အထိ ထုတ်ပြန်ခြင်း မရှိသေးပေ။

Aye Chan Mon Credit To :The Voice Weekly
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top