0

Q. ဦးကျော်သူတို့ နယ်လှည့်သွားတဲ့အခါမှာ ကျေးလက်ဒေသပဲ ဖြစ်ဖြစ်၊ မြို့ပေါ်မှာပဲဖြစ်ဖြစ် လူတွေရဲ့ လူနေမှုဘ၀တွေအနေနဲ့ ဘယ်လိုလိုအပ်ချက်တွေရှိနေလဲဆိုတာ ပြောပြပေးပါလား။
A. ပြည်သူလူထုတွေအတွက် လိုအပ်ချက်တွေကတော့ အများကြီးပဲ။ သူတို့ရဲ့ စားဝတ်နေရေးက တချို့နေရာတွေဆိုရင် စားဖို့မပြောနဲ့၊ သောက်စရာရေတောင်မရှိတဲ့ နေရာတွေရှိတယ်။ ရေမရှိဘူးဆိုရင် ဘယ်လောက်ဒုက္ခရောက်မလဲဆိုတာ စဉ်းစားသာကြည့်တော့။ လူတွေ ဒုက္ခရောက်မယ်။ ပြီးတော့ လူတွေကို အကူအညီ အထောက်အပံ့ပေးနေတဲ့ ကျွဲ၊ နွား၊ ဆိတ်၊ ဒီသတ္တ၀ါတွေပါ ဒုက္ခရောက်တယ်။ အဲဒီတော့ ရေပြဿနာကလည်း အရေးကြီးတယ်။ ပြီးတော့ စားဝတ်နေရေး ကျပ်တည်းတော့ စိတ်ဓာတ်တွေက ဖောက်ပြန်လာတယ်။ အဲဒီတော့ စိတ်ဓာတ်တွေ ပြန်ပြုပြင်ဖို့ကလည်း အရေးကြီးတယ်။ အဲ့ဒီလိုနေရာတွေက တကယ့်ကို ဒုက္ခရောက်နေပြီး ကျွန်တော်တို့တွေကို လှိုက်လှိုက်လှဲလှဲ ၀မ်းမြောက်ဝမ်းသာ ကြိုဆိုတဲ့သူတွေလည်း အများကြီးရှိတယ်။ လူပေါင်းစုံ စိတ်ဓာတ်ပေါင်းစုံနဲ့ တွေ့ရတယ်။

တကယ့်ကို ဒုက္ခရောက်နေရင်တော့ ကျွန်တော်တို့ဘက်က ကူညီဖို့အသင့်ပဲ။ စစ်ဘေးဒုက္ခရောက်တဲ့ နေရာတွေကိုလည်း သွားတယ်။ အဲဒီမှာဆိုရင် ပြန်လည်ထူထောင်ဖို့ဆိုတာကို နှစ်နဲ့ချီပြီးတော့ Generation အလိုက်ထူထောင်မှဖြစ်မယ့်နေရာတွေ၊ စစ်ဘေးဒုက္ခခံနေရ တဲ့ နေရာတွေကျတော့ ကလေးငယ်တွေက မိဘမဲ့တွေဖြစ်နေတယ်။ ကလေးတွေက ပညာရေးဆိုတာဝေးရော။ ကျွန်တော်တို့ ကယ်ဆယ်ရေးသွားတော့ အဲဒီက ကလေးတွေက ဆော့နေ ကြတယ်။ ဆော့စရာအတွက်မရှိတော့ ဘာဆော့နေလဲဆိုတော့ ဖဲဆော့နေတယ်။ အဲဒီတော့ ကလေးတွေက ဖဲဆော့နေတယ်ဆိုရင် ကြီးလာရင် သူတို့ရဲ့စိတ်ဓာတ်တွေက မလွယ်တော့ဘူး။ တိုင်းပြည်ထူထောင်ဖို့ဆိုတာ ၀ိုင်းဝန်းပြီးတော့ ပြည်သူအားလုံး ကူညီဖေးမမှ ဖြစ်မယ်။ ပညာရှင်တွေဘက်ကလည်း ၀ိုင်းဝန်းကူညီဖို့ လိုတယ်။ ကျွန်တော်လည်း ပညာတတ်မဟုတ်ဘူး။ လူသားချင်းစာနာစိတ်နဲ့ပဲ လုပ်ရတာ။ အဲဒီအတွက် မြန်မာပြည်မှာရှိတဲ့ ပညာတတ်အသိုင်းအ၀ိုင်းတွေအနေနဲ့ ပရဟိတစိတ်ဓာတ်တွေမွေးဖို့ အရေးကြီးတယ်။ တိုင်းပြည်ကို ချစ်တဲ့စိတ်၊ နိုင်ငံကိုချစ်တဲ့စိတ်၊ အမျိုးကိုချစ်တဲ့စိတ် ဆိုတာ ဒီနေရာတွေမှာ အသုံးပြုရမှာ။ ဗြဟ္မစိုရ်တရားကို လက်ကိုင်ပြုနိုင်မှ မျိုးချစ်စိတ်ဆိုတာက အကောင်အထည်ဖော်နိုင်မှာ။ နိုင်ငံတော်ကို ချစ်တယ်၊ တိုင်းပြည်ကိုချစ်တယ်၊ အမျိုးဘာသာကို ချစ်တယ်ဆိုပြီးတော့ လေနဲ့ချစ်ပြနေလို့ကတော့ ဘာမှဖြစ်လာမှာ မဟုတ်ဘူး။ မြန်မာပြည်မှာ တကယ်အမျိုးကို ချစ်တဲ့သူတွေ၊ ဖေးမကူညီပေးမယ့်သူတွေ၊ ရတဲ့နေရာကထမ်းနိုင်မယ့်သူတွေ သိပ်များများ မရှိဘူး။ အမျိုးကိုချစ်တယ်ဆိုတာ ဗြဟ္မစိုရ်တရားကို လက်ကိုင်ထားနိုင်ဖို့လည်း လိုတယ်။ အမျိုးကို တကယ်ချစ်ရင် ကိုယ့်လူမျိုးတွေအတွက် စီးပွားရေး၊ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး စတာတွေကို မြင့်လာအောင်လုပ်ပေးစေချင်တယ်။ မြန်မာပြည်မှာ ဒါတွေဟာ အခုချိန်အထိ နိမ့်ကျနေတုန်း။ ပြောရရင် အများကြီးပဲ။

Eternal Light Magazine
June 2014
“မျိုးချစ်စိတ်စစ်စစ်ဆိုတာ”

Aye Chan Mon Credit To: Eternal Light Magazine
http://www.ayechanmon-news1.com/

Post a Comment

 
Top