0
Byမင်းဒင်
ACM Re-Post 19-6-2014

(တစ်)
ထက်အာကာ၊ အဇဋာ ကောင်းကင်ဝယ် မိုးသားတိမ်ရိပ်တို့၊ နေရာကောင်းယူစိုးမိုးထားလေသဖြင့် ညမှောင်မှောင် လမှောင်မှောင် ကြယ်ရောင်သော်မလင်းသည့် ညတစ်ညဖြစ်ချေ၏။ အဆိုပါလမိုက်ညမှာပင် ဆြာဒင်နှင့် တပည့်ကျော်သုံးဦးသားမှာ ရန်ကုန်မြို့တွင်း တစ်လမ်းဝင်တစ်လမ်းထွက် ကျောတစ်နေရာစာ မှီခိုလဲလျောင်းရာနေရာတစ်ခုကို အသည်းအသန်ရှာဖွေလျက်ရှိလေသည်။ စင်စစ်ဆြာတပည့် တစ်သိုက် ဖူးခက်သို့အပြန် မမျှော်လင့်ဘဲ ရန်ကုန်မှာသောင်တင်လေသဖြင့် စရိတ်ပြတ်ကာ အခက်ကြုံနေရခြင်းပေတည်း။ ဆြာရင်းတပည့်ရင်းဖြစ်ကြသည် ကားမှန်ပါ၏။ အရေးကြုံလာသည့်အခါ လောကဓံ၏သဘော ကို စောင်းပါးရိပ်ခြည်မျှပင် နားလည်သူကား ဤလောကဝယ်ရှားပါးလှချေ၏။ ဆြာဒင် နားကြားပြင်းအကတ်ဆုံးအရာကား ခိုကဘိုးအေခေါ်ရလောက်အောင် ညည်းညူကြသည့် ဒင်းတို့၏အသံမျိုးစုံဖြစ်၏။

‘‘ကြံစမ်းပါဦးဆြာဒင်ရယ်။ ဒီလောက်ထင်ရှားကျော်ကြားတဲ့ ဆြာဒင့်ကို ဧရာမရန်ကုန်မြို့ကြီး မှာ ကျောတစ်ခင်းစာနေရာပေး မယ့် မိတ်ဆွေရင်းချာ တစ်ကောင် တစ်မြီးမှမရှိတာ အံ့ဩပါရဲ့’’

‘‘ကျုပ်တို့က လမ်းဘေးမှာ အိပ်လည်းဖြစ်တယ်နော်။ ဆြာ ဒင့်ဂုဏ်သိက္ခာနဲ့တော့ မတော်ဘူး ထင်တယ်’’

‘‘အင်း.. အရပ်ရပ်နေပြည် တော်ကြားလို့မှာ မတော်၊ ဆြာဒင် လိုပညာရှိကဝိတစ်ဆူလမ်းပေါ် မှာ လမ်းပျောက်နေပါရော့လား’’

‘‘နင်တို့ပါးစပ်တွေကို ပိတ် ကြစမ်းကွယ်တို့၊ အခုလို ကလိ ယုဂ်ခေတ်ဆိုးကြီးထဲမှာ ဧည့် သည်လေးယောက်ကို ဘယ်အိမ် ရှင်အရူးက ညဥ့်အိပ်ညဥ့်နေ လက်ခံနိုင်မတုံးဟ’’

ကံကြမ္မာသည် ဆြာဒင်တို့ ကို မျက်နှာသာပေးလေပြီထင့်။ ဆြာဒင်တို့ရောက်နေသော ဗဟန်း မြို့နယ်တစ်ခုသော အဆောက် အအုံကြီး၏ရှေ့တွင် ရွှေဝါရောင် သင်္ကန်းဝတ်သံဃာတော်များ ရုံးစု စုဖြစ်နေကြသည်ကို မြင်တွေ့ဖူး မြော်ရလေရာ ၁၉၆၀ မျိုးဆက် ဘုန်းကြီးကျောင်းသားဟောင်း ဆြာဒင်မှာ ဝမ်းသာလုံးဆို့သွား ကာ စိတ်ဓာတ်အကြီးအကျယ်ကျ ဆင်းနေသော တပည့်ကျော်တို့ကို အားပေးစကားဆိုလိုက်ရ၏။

‘‘သာသနာနေလို၊ လလို ထွန်းလင်းနေတဲ့တိုင်းပြည်ကြီးမှာ သံဃာတော်တွေကို ဖူးမြင်နေရ ပြီကမို့ တစ်ညတာ ကျောခင်းစရာအရေးကိုဖြင့် မပူပန်ကြလေ နှင့်၊ စိတ်အေးကြပေရော့’’

(နှစ်)

တစ်ညတစ်မှေးအိပ်စက်ခွင့် ရရေးအတွက် အဘယ်ဆရာ တော်ကို ဦးတိုက်ကာ လျှောက် ထားသော်ကောင်းလေမည်နည်း ဟု ဆြာဒင်စဉ်းစားခန်းဖွင့်နေချိန် ဝယ် သံဃာတော်များကား တစ်စုံ တစ်ရာသော အရေးကိစ္စတွင် အာရုံရောက်ကာ အလုပ်ရှုပ်နေဟန်ရှိလေသဖြင့် ဆြာဒင်မှာ အခြေအနေကို မျက်ခြည်မပြတ်အကဲခတ်နေစဉ် တစ်ပါးသော သံဃာတော်၏လက်ကိုင်တယ်လီဖုန်းအတွင်းမှ ဂန္ထဝင်အဆိုတော်ကြီးဒေါ်မာမာအေး၏ သီချင်းတစ်ပိုဒ်ကို ကြားနေရသည်။

‘‘မချစ်ပြင်ပြင် မကြင်နာလေ ပြီမို့ မေ့ကွက်ကိုရှာ၊ ရှာသူမောင် ရေ၊ မေဘယ်သူ့ကိုမှ အပြစ်လည်း မတင်ချင်ပေ။ ချစ်ပရိယာယ်ကို သိသလိုလိုနဲ့ ချစ်စရာကဗျာတစ် ပုဒ်လား နှစ်သက်ယုံစားမိခဲ့လို့ လည်း လည်း လေ.. ၊ မေ့အပြစ် နဲ့မေသာရှိပါစေတော့မောင်ရေ မောင်မောင်ရေ’’

ထိုစဉ်တွင်ပင် ခေါင်းဆောင် ဖြစ်ဟန်ရှိသော ဆရာတော်၏ ငေါက်ငမ်းသံကို ကြားရပြန်သည်။

‘‘အရှင်ဘုရားတို့ ဖုန်းတွေကို ပိတ်ထားကြပါ။ ဒီအရေးထက် အရေးကြီးတာ ဘာမှမရှိဘူး’’

ညကြီးအချိန်မတော်ကျင်းပ နေသော အထူးအရေးပေါ်သံဃာ့ အစည်းအဝေးတွင် ခေါင်းဆောင် ဆရာတော့်မိန့်မှာသံသည် စစ် ထွက်ခါနီး ဗိုလ်ချုပ်တစ်ဦး၏မိန့် ခွန်းနှင့် ဆင်တူလှလေ၏။

‘‘ညီတော် နောင်တော်တွေ က သတ္တိရှိရှိသမိုင်းကြောင်းကို ရေးကြပါ။ နိုင်ငံတော်သံဃ မဟာနာယကရဲ့ပိုင်နက်ကို ကာကွယ်ကြပါ။ အရှင်ဘုရားတို့ကိုယ်ကျရာတာဝန်ကို ပြတ်ပြတ်သားသားလုပ်ပါ။ ကမ္ဘာကစိတ်ဝင်စားတဲ့ သမိုင်းကို ဒီနေ့မှတ်တမ်းတင်ရမယ်။ အဲဒီနေရာမှာ ကျောက်စာတိုင်ကြီးထောင်ဦးမှာ။ စည်းလုံးခြင်းသည်အင်အားတဲ့နော်’’

ဆြာဒင်ရော တပည့်ကျော် တို့ပါ နားဝေတိမ်တောင်ဖြစ်ရချေ သည်။ အောင့်အည်းသည်းခံနိုင် စွမ်းမရှိရှာကြလေသော တပည့် တို့ကား တီးတိုးလေသံဖြင့် ဆြာ ဒင့်ကို အားကိုးတကြီးမေးမြန်းစပ် စုကြပြန်ရာ ဖြစ်ရပ်မှန်ကို နကန်း တစ်လုံးမှ မရိပ်စားမိသော ဆြာ ဒင်လည်း ခပ်ဆတ်ဆတ်ပြန်လည်တုံ့ပြန်လိုက်ရ၏။

‘‘ဆြာဒင်၊ ဘာတွေဖြစ်နေ ကြတာတုံးဗျာ’’

‘‘အသာနေကြစမ်းကွယ်ရို့၊ သံဃာတော်တွေဆိုတာ ဘာသာ သာသနာ့အကျိုးကို နေ့ညမဟူ သယ်ပိုးဆောင်ရွက်နေကြတာ ဖြစ်နိုင်ပါတယ်လေ’’

(သုံး)
‘‘အာဏာပိုင်အဖွဲ့နေရာ အပြည့်ချထားပြီးပြီ။ ဝင်ရောက် ဖယ်ရှားရာမှာလိုအပ်မယ့် စကား ပြောစက် (Walkie Talkie)တွေ အဆင်သင့်ပြင်ပေးထားပြီး အထပ် ၁၁ ထပ်ရှိတဲ့နေရာမှာ အထပ်(၅)နဲ့ (၆)ကို အဓိက ဝင်ရောက်ရှာဖွေစီးနင်းကြ။ ကိုယ်ထိ လက်ရောက်ကျူးလွန်ခံရရင် သည်းမခံကြပါနဲ့။ ဒီသတင်းကို လည်း လုံးဝမပေါက်ကြားပါစေနဲ့။ ဒါလျှို့ဝှက်အစည်းအဝေးနော်။ ဘယ်နည်းနဲ့မှ မပေါက်ကြားစေနဲ့။ ပါလာတဲ့ကားတွေအပြင် (တိုင်းရုံး)မှာထားခဲ့ပါ။ မှန်လုံကားနဲ့ သွားမယ်။ နိုင်ငံခြားဧည့်သည်သဘောမျိုးနဲ့ ဝင်မယ်။ သတ္တိရှိရှိနဲ့ သတိထားဆောင်ရွက်ပါ။ အဲဒီမှာရှိတဲ့ ကိုယ်တော်တွေက ငယ်ဖြူတွေမဟုတ်ဘူး။ မြဝတီ၊ ကော့သောင်းဘက်က အလင်းဝင်တဲ့ကောင်တွေကို ဝတ်ပေးထားတယ်လို့ကြားတယ်’’

ဦးဆောင်ဆရာတော်၏ မိန့် မှာချက်များကား ဘင်လာဒင်ပုန်း အောင်းရာနေရာသို့ ဝင်ရောက်စီး နင်းမည့် လက်ရွေးစင်အသေခံ ကွန်မန်ဒိုတပ်သားများကို စစ်ဆင် ရေးအသေးစိတ်အား အထပ်ထပ် ရှင်းလင်းမှာကြားနေသည်နှင့် အလားသဏ္ဌာန်တူလှပါ၏။ ဘုရားသားတော် အမည်ခံယူသူ ၏နှုတ်တော်မှ ‘‘သည်းမခံကြလေနှင့်’’ဟူသော အမှာစကားကား ဆြာဒင့်နားတွင် နားဝင်မချိုသည်မှာ အမှန်ဖြစ်၏။ သံဃာအချို့ကား စစ်ဆင်ရေးကိုသဘောမတူ ဟန် နောက်ကြောင်းပြန်ကြပါ၏။ အချို့ကား အခြေအနေကိုသိလို၍ သဘောမတူပါဘဲ လိုက်ပါကြကုန် ၏။ ထိုညက ဆြာဒင်တို့ ဆြာ တပည့်တစ်သိုက်မှာ သံဃာ အင် အားသုံးရာခန့်ပါဝင်သည့် ကား တန်းကြီးဖြင့်ပင် အုတ်ရောရော ကျောက်ရောရော စစ်ဆင်ရေး ခရီးစဉ်တစ်လျှောက်လိုက်ပါသွား ခဲ့လေရာ ကြုံတွေ့ရသည့် အဖြစ် အပျက်အသေးစိတ်ကို ဖော်ပြရ သော် စာလေးအံ့ရှိမည်ထင်၍ အကျဉ်းမျှသာဖော်ပြပေအံ့။

စစ်ဆင်ရေးဆင်နွှဲခဲ့သည့် နေရာကား တာမွေမြို့နယ် နတ် ချောင်းရပ်ကွက်မှ မဟာသန္တိသုခ အမည်ရှိ နိုင်ငံတကာသာသနာပြု အဆောက်အအုံကြီးဖြစ်ကာ (ယ) ရက်မှာ (၁၁၊ ၀၆၊ ၂၀၁၄)ဖြစ်၍ (န)နာရီမှာ (၁၀း၃၀)ဖြစ်လေ၏။ (၂၀၀၇)ခုနှစ် ရွှေဝါရောင်တော် လှန်ရေးနောက်ပိုင်း ဘုန်းတော် ကြီးကျောင်းကို ဝင်ရောက်စီးနင်း သိမ်းပိုက်သည့် အဆိုးရွားဆုံး သန်းခေါင်ယံစစ်ဆင်ရေးတစ်ခု ဟုဆိုသော် ရနိုင်လေသည်။ အနီး ဝန်းကျင်မှာ လူထု၏ဆန့်ကျင် ကန့်ကွက်မှုကို တားဆီးရန် ဒေသ ဆိုင်ရာအာဏာပိုင်တို့က အင် အားအပြည့်ဖြင့် အကာအကွယ် ပေး၏။ အဆိုပါ သန္တိသုခကျောင်း တိုက်ကြီးအတွင်းမှ ရဟန်းသံဃာ နှင့် လူပုဂ္ဂိုလ်အချို့ကို ဖမ်းဆီး ထိန်းသိမ်း၏။ အနီးတွင် ရပ်ကြည့် ရုံသာတတ်နိုင်ကြသော လူအုပ် ကြီးအတွင်းမှ ဓာတ်ရှင်မင်းသမီး ကြီးနှစ်ဦးတို့ကား ရင်ထုမနာ သည်းထန်စွာငိုကြွေးကြလေ၏။

ဘုရားရှင်ထားရစ်ခဲ့သော သာသနာကို ဝရဇိန်လက်နက်ဖြင့် အကာအကွယ်ပေးပါမည်ဟု ဝန် ခံကတိစကားထားလေသော မာဃအမည်ရှိ သိကြားမင်းကား နန်းမေယုပြာသာဒ်တွင် ကြင်ယာ တော်လေးပါးနှင့်ပျော်ပါးမြူးတူးနေခြင်းတော့မဖြစ်တန်ရာချေ။ သခွတ်ပွင့်ချိန်ဖြစ်သောကြောင့် အသူရာမင်းနှင့် စစ်ခင်းရန် ပုဇွန့်လက်ရိုးအာလမ္ဗရာနတ်စည်ကြီးကို တဒိန်းဒိန်းမြည်အောင် ရွမ်းလိုက်လေရာ အုံ့ကာလေတဖွဲဖွဲ၊ ရွာလေတသဲသဲ၊ အငြိုးကြီးသည့် မိုးပဇ္ဇုန်ကြောင့် ဆြာဒင်တို့တစ် သိုက်မှာ ကြွက်စုတ်ရေမွန်းဖြစ်လျက် နီးရာညလုံးပေါက်လက်ဖက်ရည်ဆိုင်တစ်ခုတွင် ကွန်းခိုခဲ့ကြရပြန်ချေသည်တမုံ့။

(လေး)
တစ်ညလုံးတစ်မှေးသော်မှ မရသော်ငြားထူးခြားဆန်းပြားလှ သော အဆိုပါစစ်ဆင်ရေးအတွက် သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြု လုပ်မည်ဟူသော နောက်ဆက်တွဲ သတင်းတစ်ရပ်ထွက်ပေါ်လာပြန် လေရာ စပ်စုခြင်းအမှုကို လက်စ မသတ်နိုင်သည့် ဆြာဒင်နှင့် တပည့်ကျော်သုံးဦးသားခမျာ ရှင်းလင်းပွဲကျင်းပရာ ခန်းမဆီသို့ ယောင်ချာချာရောက်ခဲ့ရပြန် သည်။ညက အဆက်မပြတ်ဖြိုးဖြိုးစွေရွာသွန်းခဲ့လေသောမိုးကြောင့် ရန်ကုန်မြို့တော်ကြီးတစ်ခုလုံး ရေဖုံးလွှမ်းကာ အချို့နေရာများတွင်လှေငယ်နာဝါတို့ကိုပါ ပြောက်ကျားပြောက်ကျားတွေ့ မြင်ရသဖြင့် ဘိလပ်ပြန်သန်း၏ ‘‘လှေကလေးကိုလှော်မည်။ ဘေး မသန်းဘဲအေးချမ်းတော့သည်’’ ဟူသော ခေတ်ဟောင်းသီချင်းကို သတိရစရာကောင်းလှပါ၏။

သန္တိသုခညတိုက်ပွဲနှင့်ပတ် သက်၍ အဓိကတာဝန်ယူဖြေရှင်း သူမှာ ရုပ်ဆင်းအင်္ဂါညံ့ဖျင်းနုံချာ လှသော သာသနာရေးဦးစီးဌာန ဝန်ထမ်းဟောင်းကြီးတစ်ဦးဟု ဆိုပါ၏။ သူကား သန္တိသုခစစ်ဆင် ရေးကို တရားမျှတသော တိုက်ပွဲ အဖြစ် အတည်ပြု၏။ ‘‘မကျေနပ် ရင်ကြိုက်တဲ့နေရာသွားတိုင်’’ဟူ သော စိန်ခေါ်ချက်ကြောင့် သတင်းသမားတို့မှာ ကိုယ့်နောက်ကျောကိုယ် အသီးသီးလှည့်ကြည့်ကြရင်း တီးတိုးဆိုသံများ ကျွက်စီကျွက်စီထွက်ပေါ်လာချေသည်။

‘‘ဒီလူကြီးက သမ္မတအကြံ ပေးမဟုတ်လောက်ဘူးထင် တယ်နော်’’

‘‘ဟာ.. သူ့ရှေ့မှာ ထောင် ထားတဲ့ဆိုင်းဘုတ်မှာ ရေးထား တာပြူးလို့။ အကြံပေးပုဂ္ဂိုလ်၊ နိုင်ငံတော်သမ္မတရုံးတဲ့ခင်ဗျ’’

‘‘သိပ်တော့လျှော့မတွက်နဲ့ နော်။ ဒီလူကြီးမှာ ဘက်ဂရောင်း ကောင်းကောင်းရှိပုံရတယ်။ သူ ဘယ်နေရာရောက်ရောက် အမြဲ တမ်းထိပ်ကပဲနေမှာ။ ငရဲပြည် ရောက်ရင်တောင် ယမမင်းဖြစ်ဦး မှာတဲ့ဗျ’’

အရပ်သတင်းများအရ အနှီ ပုဂ္ဂိုလ်ကြီးကား နိုင်ငံတော်သံဃ မဟာနာယက ဆရာတော်ကြီး များ၏ လမ်းညွှန်ချက်အရဟူ သော အကြောင်းပြချက်ဖြင့် မင်း ကွန်းဆရာတော်အရှင်ဦးဝိစိတ္တ သာရာဘိဝံသကဲ့သို့သော ထေရ် ကြီးဝါကြီးသံဃာတော်များကိုပင် သဟောက်သဟမ်းပြုနိုင်စွမ်းသူ ဖြစ်ရုံမျှမက အိမ်ထောင်ဖက်၊ ကြင်ရာဖက် အရေးတွင်လည်း မိုးနတ်သိကြားဒေဝါနှင့်အပြိုင် သူမတူအောင်စွမ်းနိုင်သူဟု ဆိုပါ၏။သူ့မှာ ဟုတ်ဟုတ်ငြားငြား စီးပွားရေးလုပ်ငန်းမရှိသော်ငြား မည်သို့ခွင်ကောင်းကြုံသည်မသိမဟာသူဌေးကြီးဖြစ်တော်မူ၏။ အနှိပ်တော်ဆက်လုပ်ငန်းကိုမူ ပိုင်ဆိုင်သည်ဆိုကြပြန်၏။

နေ့စဉ်ထုတ် သတင်းစာများ၊ ဂျာနယ်များတွင်လည်း သန္တိသုခ စစ်ဆင်ရေးအကြောင်းကို မျက် နှာဖုံးသတင်းအဖြစ် ဝေဆာစွာ ဖော်ပြကြပါ၏။ စစ်ဆင်ရေး၏ အန္တိမရည်ရွယ်ချက်မှာ အဆိုပါ ကျောင်းတိုက်ကြီးကို သံဃမဟာနာယကအဖွဲ့မှ မောင်ပိုင်စီး ရန်ဟုဆိုသည်။ များပြားစွာသော လူမှုကွန်ရက်စာမျက်နှာတို့တွင်လည်း ဗုဒ္ဓဘာသာဝင်သူတော်စင်တို့ ယူကျုံးမရအပူလုံးကြွကြသည် ကို ဖတ်ရှုရ၏။ နိုင်ငံတော်သမ္မတရုံးတာဝန်ရှိသူတစ်ဦးကမူ အဆိုပါစစ်ဆင်ရေး၏ အဓိကကြိုးကိုင်သူသည် သမ္မတ၏ အကြံပေးမဟုတ်ကြောင်း ငြင်းဆို၏။ ယင်းဖြစ်ရပ်မတိုင်မီကမူ နိုင်ငံတော်သမ္မတကြီးဆီမှ ပီနန်ဆရာတော်ကြီးထံ မဟာဒါန်ဝန်အထောက်တော်စေလွှတ်၍ စိတ်အေးချမ်းသာစွာစံနေတော်မူပါဆိုသည့် အကြောင်း လျှောက်ထားဖူးသည် ဆိုရာ ဆိုးဆိုးရွားရွားဖြစ်ရန်မရှိဟု မျှော်လင့်ခဲ့သော်ငြား သမ္မတမင်း၏ ပြောရေးဆိုခွင့်ရှိသူက အဆိုပါကိစ္စရပ်တွင် သမ္မတကြီး ကြားဝင်မည်မဟုတ်ကြောင်း အတိအလင်းစာထုတ်ပြန်လေပြန်ရာ ဆြာဒင့်မှာ မြို့လုံးကျွတ် မြုပ်တော့မည့် ရန်ကုန်ရေပြင်ဝယ် ခေါင်းစိုက်၍သာ သေချင်စိတ် ပေါ်မိလေတော့သည်။

(ငါး)
နောက်ဆက်တွဲဆက်တိုက် ကြားရသော သတင်းတို့ကား ဆြာဒင်အတွက် သတင်းဆိုးများ သာဖြစ်ချေသည်။ ထိုညက ထိန်း သိမ်းထားသည့် သံဃာတော်များ ထဲမှ ငါးပါးကို လူဝတ်လဲစေကာ တရားစွဲဆိုပြီး အင်းစိန်ထောင် တွင်းသို့ ပို့ဆောင်ခဲ့ပြီဟုဆိုသည်။ ထိုအထဲမှ လန်ဒန်ဆရာတော် ဦးဥတ္တရမှာ ပီနန်ဆရာတော်ကြီး ၏ တပည့်ရင်းဖြစ်ကာ လန်ဒန် သာသနာ့ရံသီဝိဟာရတွင် သီတင်းသုံးရင်း ဗြိတိန်နိုင်ငံပါလီမန်အဆောက်အအုံအနီးရှိ စိန့်သောမတ်အန်ဂိုင်းစ်ဆေးရုံကြီးတွင် လူနာများကို တရားပြနေသူ ဖြစ်သည်ဟု ဆိုသည်။ ဆရာတော်ဦးဥတ္တရလွတ်မြောက်ရေးအတွက် ဖြစ်နိုင်ခြေအားလုံးကို စဉ်းစားလုပ်ဆောင်သွားမည်ဟု လန်ဒန်မြို့ South-wark နယ်မြေ ပါလီမန်အမတ် Simon Hughes က ဆားသည်ယင်မောင်းသကဲ့သို့ လုံးပန်းလျက်ရှိနေ၏။

‘‘ဖူးခက်ကိုပဲ ပြန်ကြပါစို့ တပည့်တို့ရာ’’

စိတ်အပျက်ကြီးပျက်နေ သော ဆြာဒင့်စကားအဆုံးတွင် အွန်လိုင်းသတင်းနှင့် မျက်ခြည် မပြတ်ကြသည့် ကပ္ပလီ၊ ဖေကြည် နှင့် လေမင်းသားတို့သည် ညှိုး ငယ်သော မျက်နှာထားအသီးသီး ဖြင့် စိုးရိမ်တကြီးညည်းတွားရေ ရွတ်ကြပြန်သော်ငြား ရှေ့တိုး ထမ်းပိုးနောက်ဆုတ်လှည်းတုတ် ဘဝရောက်နေသော ဆြာဒင် ကား ပိုင်နိုင်သောဆုံးဖြတ်ချက် ကိုပင်ချရလေတော့သည်။

‘‘ဒီတစ်ခါ ဖူးခက်ကိုပြန်ဖို့ သိပ်မချောင်လောက်ဘူးထင် တယ် ဆြာဒင်။ ထိုင်းစစ်တပ်က အာဏာသိမ်းပြီး နိုင်ငံခြားအလုပ် သမားမှန်သမျှ မောင်းထုတ်နေလို့ နှစ်ရက်အတွင်း ကမ္ဘောဒီးယား အလုပ်သမားတစ်သိန်းကျော် ပြည်တော်ပြန်ကြသတဲ့။ ဖူးခက် ပါတောင်ကမ်းခြေက ဗီယက်နမ် ဆိုင်တွေလည်း ပိတ်ကုန်ကြပြီ တဲ့။ စစ်တပ်က တစ်နှစ်ကျော် အာဏာသိမ်းထားမှာဆိုတော့.. ’’

‘‘ထိုင်းစစ်တပ်က ဖမ်းရုံမက လို့ ထောင်ထဲပဲထည့်ထည့် ရာဇ ဝင်ထဲက ရန်သူနိုင်ငံမို့ဖြေသာပါ တယ်ကွာ။ ကမ္ဘာ့သာသနာပြု အထင်ကရဆရာတော်ကို လူ ဝတ်လဲပြီး အင်းစိန်ထောင်လို လူ့ ငရဲပို့တာထက်တော့ အပုံကြီးသာ တယ်မောင်။ ဖမ်းမိလို့ ယိုးဒယား မြန်မာနယ်စပ်ပြန်ပို့တော့ကော ဘာဆန်းသတုံး။ ဒီခရီးလမ်း ကြောင်းတွေက ငတို့ဆြာတပည့် တွေအတွက် အိမ်ဦးနဲ့ကြမ်းပြင် ဖြစ်နေကမင့်ဟာ။ အဆိုးဆုံးက တော့ ထေရဝါဒနောက်ဆုံးခံတပ် ဆိုပြီး ကြွေးကြော်နေတဲ့နိုင်ငံမှာ ကိုယ့်လူမျိုးချင်း၊ သံဃာချင်း ဇာတ်တူသားစားကြတာမျိုးတော့ လက်မခံနိုင်ဘူး။ တိုင်းတစ်ပါးလူ မျိုးခြားက အနိုင်ကျင့်တယ်ဆိုတာ ဖြေစရာတရားရှိတယ်ကွ။ ဘယ့် နှယ်ကွာ၊ ဗုဒ္ဓဘာသာရဟန်းတော် လွတ်မြောက်ရေးအတွက် အင်္ဂလန်နိုင်ငံလွှတ်တော်အမတ်မင်းက နည်းလမ်းပေါင်းစုံနဲ့ အစွမ်းကုန်ကြိုးပမ်းနေသတဲ့။ ဆက်နေရင် ဆြာဒင်အရှက်လွန်ပြီး နေရာတင်လဲ ပွဲချင်းပြီးသေနိုင်တယ်ဟေ့’’

(ခြောက်)
ဆြာဒင်တို့နှင့် ခရီးသည်များ ကို သယ်ဆောင်မောင်းနှင်လာ သည့် အဝေးပြေးကားကြီးသည် ယိုးဒယားမြန်မာနယ်စပ် မြဝတီ မြို့ဆီသို့ ဦးတည်မောင်းနှင်လျက် ရှိရာ တပည့်ကျော်သုံးဦးမှာ နေ့ ရောညပါ အိပ်ရေးပျက်ကြလေ သဖြင့် ငိုက်မျဉ်းလျက်ရှိကြချိန် တွင် ထူးခြားဆန်းပြားလှသော ကျောင်းလုပွဲစစ်ဆင်ရေးအပေါ် ဆြာဒင်တစ်ယောက် မျက်လုံး အကြောင်သားဖြင့် အတွေးမျှင် မပြတ်နိုင်အောင် ရှိနေချေ၏။ ပိဋကတ်သုံးပုံကို ထုံးလိုမွှေ ရေလို နှောက်တုန်လှုပ်ချောက်ချားနိုင် စွမ်းရှိသူ ရွှေဉာဏ်တော်ရှင်တို့ သည် ဓမ္မဝိဟာရကျောင်းတိုက် တစ်ခု၏အရေးမျှကိုပင် အပြန် အလှန်ဆွေးနွေးညှိနှိုင်းအဖြေမရှာ နိုင်ကြလေယောင်တကား။ သီလ သမာဓိသိက္ခာသုံးပါးနှင့်ပြည့်စုံ ကြသော အဓိကရဆရာတော်ကြီး တို့ပင် ဤအရေးတွင်နှုတ်ဆိတ် ကာ ကြားမဝင်နိုင်အောင် အဘယ် ကိုယ်ကျိုး၊ အဘယ်အာဏာစက် တို့ဖြင့် လောဘ၊ မောဟ၊ ဒေါသ စိတ်လွန်ကဲသော အုပ်စုအားကိုး နိုင်ရာစားထင်တိုင်းကြဲကြလေ သနည်း။

သုံးလောကထွတ်ထား သဗ္ဗညုမြတ်စွာဘုရားရှင်သာ သက်ရှိထင်ရှားရှိနေတော်မူဆဲရှိပြီး ဤဖြစ်ရပ်ကို အစမှအဆုံ တိုင်မြင်တော်မူပါလျှင် ကရုဏာမုဒြာဖြင့်..‘‘အန္ဓီဘူတော အယံလော ကော- အကြင်လောကသည်အမိုက်တိုက်သာတည်း’’ ဟူ၍ ထပ်မံမိန့်ဆိုမည်ကို ဆြာဒင် မြင်ယောင်၊ ကြားယောင်နေမိလေသည်တကား။

(ဖော်ပြပါ သရော်စာသည် စာရေးသူ မင်းဒင်၏ အာဘော်သာဖြစ်သည်)

Aye Chan Mon Credit To: 7 Day Daily
http://www.ayechanmon-news1.com/

Post a Comment

 
Top