0


ကာနို၊ ACM Re-Post 3-6-2014

ဒေသတွင်း မတည်ငြိမ်မှုများ ဖြစ်ပေါ်လျက် ရှိသော နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းဒေသတွင် ဘောလုံး အားကစားပွဲ တစ်ပွဲအတွင်း၌ ဗုံးပေါက်ကွဲပြီး အနည်းဆုံး လူ ၄၀ ခန့် သေဆုံးခဲ့ကြောင်း CNA သတင်းဌာနတွင် ဖော်ပြထားသည်။

နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းရှိ အရေးပေါ် အခြေအနေ ကြေညာထားရသော ပြည်နယ်သုံးခုအနက် တစ်ခုအပါအဝင် ဖြစ်သော အဒါမာဝါပြည်နယ်၊ မူဘီမြို့တွင် တနင်္ဂနွေနေ့က ဘောလုံးအားကစားပွဲ တစ်ပွဲအတွင်း၌ ဗုံးပေါက်ကွဲပြီး လူ ၄၀ ခန့် သေဆုံးခဲ့သည်။

“ညနေတုန်းက ဘောလုံးကွင်းမှာ ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားပြီး လူ ၄၀ လောက် သေဆုံးသွားပါတယ်” ဟု မူဘီမြို့မှ အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ထိုရဲအရာရှိတစ်ဦး၏ ပြောကြားမှုကို မူဘီအထွေထွေ ရောဂါကုဆေးရုံမှ သူနာပြုတစ်ဦးကလည်း အတည်ပြုပေးခဲ့သည်။

ဗုံးပေါက်ကွဲမှုသည် ဒေသစံတော်ချိန် ညနေ ၆ နာရီ ၃၀ မိနစ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ဒေသတွင်း ဘောလုံးပြိုင်ပွဲ တစ်ပွဲကို လာရောက်ကြည့်ရှုပြီး ပြန်ထွက်လာသည့် ပရိသတ်များကို ပစ်မှတ်ထား တိုက်ခိုက်ခြင်း ဖြစ်သည်ဟု ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသွားသူများထဲတွင် ဘောလုံးကစားသမားများ ပါဝင်ခြင်း ရှိ၊ မရှိ အတိအကျ မသိရသေးသော်လည်း သေဆုံးသူ အများစုမှာ ပရိသတ်များသာ ဖြစ်သည်ဟု အဆိုပါ ရဲအရာရှိ၏ ပြောကြားချက်အရ သိရသည်။

အဒါမာဝါသည် နိုင်ဂျီးရီးယား အရှေ့မြောက်ပိုင်းရှိ အခြားဒေသများနှင့် ယှဉ်လျှင် အစ္စလာမ္မစ် စစ်သွေးကြွအဖွဲ့ ဘိုကိုဟာရမ်၏ တိုက်ခိုက်မှုကို ခံရသည့် အကြိမ်အရေအတွက် နည်းသည်ဟု ဆိုနိုင်သော်လည်း ၂၀၁၂ ခုနှစ် အောက်တိုဘာလ အတွင်းက နည်းပညာကောလိပ်တစ်ခု၌ အလွန်ထိတ်လန့် ခြောက်ခြားစရာ ကောင်းသော အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတစ်ခု ဖြစ်ပွားခဲ့သည်။

ထို ၂၀၁၂ ခုနှစ် အောက်တိုဘာလ အစုအလိုက် အပြုံလိုက် သတ်ဖြတ်မှုတွင် ဓားစာခံ ဖြစ်ခဲ့ရသော ကျောင်းသားများမှာ ၎င်းတို့၏ အိပ်ဆောင်များ အတွင်း၌ အသတ်ခံခဲ့ရခြင်း ဖြစ်ပြီး လည်လှီး အသတ်ခံရသူများလည်း အများအပြား ပါဝင်ခဲ့သည်။

အစွန်းရောက် အစ္စလာမ္မစ် စစ်သွေးကြွအဖွဲ့ ဘိုကိုဟာရမ်သည် ၎င်းတို့အဆိုအရ အနောက်တိုင်း ယဉ်ကျေးမှု လွှမ်းမိုးသည် ဆိုသော နေရာများ ဖြစ်သည့် အားကစားကွင်း၊ စာသင်ကျောင်း တို့ကဲ့သို့သော နေရာများကို ပစ်မှတ်ထား တိုက်ခိုက်လေ့ ရှိသည်။

ဘိုကိုဟာရမ် အဖွဲ့သည် နိုင်ဂျီးရီးယားအစိုးရကို ဆန့်ကျင်သည့် အကြမ်းဖက် လုပ်ရပ်များ လုပ်ကိုင်နေခဲ့သည်မှာ ငါးနှစ်ခန့် ရှိပြီ ဖြစ်သော်လည်း ဧပြီလအတွင်းက ကျောင်းသူ ၂၇၆ ဦးကို ပြန်ပေးဆွဲသည့် လုပ်ရပ်ကို ကျူးလွန်ပြီးနောက်တွင်မှ နိုင်ငံတကာ၏ အာရုံစိုက်မှုကို ပိုမိုခံလာခဲ့ရခြင်း ဖြစ်သည်။

Aye Chan Mon Credit To : The Voice Weekly
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top