0

မောင်မန်း| တနင်္လာနေ့၊ ဇွန်လ ၂၃ ရက်၊ ၂၀၁၄ ခုနှစ်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ၂၀၁၃ ခုနှစ် ဧပြီလ မှ ၂၀၁၄ ခုနှစ် မေလအထိ ၁၄ လ အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံးသို့ ကျပ်တစ်ထောင့်ငါးရာတန် မိုဘိုင်းဖုန်း ၅ ဒသမ ၀၅ သန်း ရောင်းချခဲ့သည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဇွန် ၂၂ ရက်တွင် သတင်းထုတ်ပြန်သည်။

အဆိုပါထုတ်ပြန်ချက်တွင် ကျပ် ၁၅၀၀ တန် တန်ဖိုးနည်းမိုဘိုင်းဖုန်းများအပါအ၀င် စုစုပေါင်း မိုဘိုင်းဖုန်း လိုင်း ၈ ဒသမ ၈၅ သန်းကျော်ရောင်းချခဲ့ပြီး ဖြစ်သည်ဟု ဖော်ပြထားသည်။ ယင်းအရေအတွက်သည် မြန် မာနိုင်ငံ လူဦးရေ၏ ၁၄ ရာခိုင်နှုန်း ကျော်ဖြစ်သည်။

လက်ရှိချထားပေးပြီးဖြစ်သည့် မိုဘိုင်း ဖုန်းအရေအတွက်တွင် ကုမ္ပဏီများကအသုံးပြုထားခြင်းများ၊ လူတစ် ဦးလျှင်ဖုန်းနှစ်လုံး ကိုင်ဆောင်မှုများကြောင့် ချထားပေးသည့် အရေအတွက်၏ ထက်ဝက်ခန့် လူဦးရေတွင် သာ မိုဘိုင်ဖုန်းပျံ့နှံ့မှု ရှိနိုင်သည်ဟု မြန်မာနိုင်ငံကွန်ပျူတာပညာရှင် အသင်းကအိုင်တီ ပညာရှင်တစ်ဦးက သုံးသပ်လိုက်သည်။

၎င်းက“ချထားပေးတဲ့ ဖုန်းတွေမှာ ကုမ္ပဏီတွေ၊ လူတစ်ယောက်ကို ဖုန်းနှစ်လုံးစသဖြင့် ကိုင်ထားတာတွေ ကြောင့်ချထားပေးတဲ့ အရေအတွက်ရဲ့ထက်ဝက်လောက် လူဦးရေကိုပဲပျံ့နှံ့နိုင်မယ်လို့ ခန့်မှန်းပါတယ်။ မြန် မာ့ဆက်သွယ်ရေးဘက်က မဟုတ်တဲ့အတွက် အတိအကျတော့ မပြောနိုင်ပါဘူး”ဟု ဆိုသည်။

၁၄ လအတွင်း ရောင်းချပေးခဲ့သည့် ကျပ် ၁၅၀၀ တန်မိုဘိုင်းဖုန်းများတွင် CDMA 800 MHz အလုံးရေ ၂,၇၄၀,၀၀၀ လုံး၊ GSM ၁,၆၄၉,၇၀၀ လုံး၊ WCDMA ၆၆၀,၃၀၀ လုံးပါဝင်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တန်ဖိုးနည်း မိုဘိုင်းဖုန်းများကို စတင်ရောင်းချသည့်အချိန်တွင် တစ်လလျှင် အလုံး ၃၅၀,၀၀၀ နှုန်းဖြင့် ရောင်းချခဲ့ပြီး ၂၀၁၄ ခုနှစ် ဧပြီလမှ စတင်ကာ တစ်လလျှင် အလုံးရေ ၄၀၀,၀၀၀ အထိ တိုးမြှင့်ရောင်းချ ပေးနေသည်။ ပြည်နယ်နှင့်တိုင်း ဒေသကြီးများရှိ ပြည်သူများအတွက် ပုံမှန်ရောင်းချပေးနေသည့်အစီအစဉ် တွင် နိုင်ငံတော်တာဝန်ထမ်းဆောင်ခဲ့သည့် အငြိမ်းစား ၀န်ထမ်းများအတွက် ထည့်သွင်းဖြန့် ဖြူးရောင်း ချပေးသွားမည်ဖြစ်သည်။

၂၀၁၄ ခုနှစ် ဇွန်လအတွက် ပြည်နယ် နှင့် တိုင်းဒေသကြီးအားလုံးအတွက် တန်ဖိုးနည်း မိုဘိုင်းအလုံးရေ ၄၀၀,၀၀၀ ချထားပေးသွားမည်ဖြစ်ပြီးCDMA 800 MHz အလုံးရေ ၂၅၀,၀၀၀ ၊GSM အလုံးရေ ၁၀၀,၀၀၀ နှင့်WCDMA အလုံးရေ ၅၀,၀၀၀ ပါဝင်မည်ဖြစ်ကာWCDMA ဖုန်းများသည် အငြိမ်းစားဝန် ထမ်းများအတွက် ချထားပေးရန်ဖြစ်သည်။

Aye Chan Mon Credit To: Mizzima - News in Burmese
http://www.ayechanmon-news1.com/

Post a Comment

 
Top