0

ACM Re-Post 3-6-2014
(ဆောင်းပါးရှင် - မြမြင့်မိုရ်)

အခြေခံပညာကျောင်းတွေ ဖွင့်ပြီ။

ကျောင်းသား၊ ကျောင်းသူတွေ ကျောင်းဝတ်စုံလေးတွေနှင့် လှုပ်ရှားသွားလာ နေကြသည်ကို မြင်ရတော့ လေပြည်ထဲတွင် ယိမ်းကနေသော ပန်းကလေးတွေကို မြင်လိုက်ရသကဲ့သို့ စိတ်ထဲကြည်နူးသွားပြီး မိမိတို့ငယ်စဉ်က ကျောင်းနေစဉ်ဘ၀ကို ပြန်တွေးရင်း လွမ်းမိပါသေးသည်။ ယခုအခါမှတော့ ပညာခေတ်ရယ်လို့ အသံတွေ ကျယ်လောင်လာ၊ ဂလိုဘယ်လိုက်ဇေးရှင်းဆိုသည့် ကမ္ဘာ့ပြားခေတ်ကို ရောက်လာ၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကူးလူးဆက်ဆံမှုတွေ များလာချိန်မှာတော့ ပညာတတ်တွေဖြစ်ဖို့ ပို၍ပို၍ လိုအပ်လာပြီ။ “ဘာသာမျိုးခြား၊ စာစကား၊ သင်ကြားသင့်သည်မှတ်” ဆိုသည့် သံပေါက်ကလေးလို အခြားဘာသာ နှစ်မျိုးသုံးမျိုးလောက် တတ်ထားမည်ဆိုလျှင် နိုင်ငံတကာ ဆက်ဆံရေး၌ လူတောသူတော တိုးကြပေလိမ့်မည်။

ပညာခေတ်ဆိုသည့် အသံကြောင့် ဒီကနေ့ မိဘတွေက ဟိုယခင် မိဘတွေထက် သားသမီးတွေကို ပညာတတ်ကြီးတွေ ပိုဖြစ်စေချင်ကြမည် ထင်ပါသည်။ တကယ်တော့ မိမိတို့ ငယ်စဉ်ကလည်း မိမိတို့ မိဘတွေက ပညာတတ်စေချင်၍ စာသင်ခန်းကို ပို့ခဲ့ကြပါသည်။ စာသင်ခန်းဆိုတာ တကယ်သာ ကြိုးစားပမ်းစား လေးလေးနက်နက် သင်ယူမည်ဆိုလျှင် ဘ၀၏ ပျိုးခင်းများပါပဲ။ တောသူတောင်သားတချို့သာ အခြေအနေ အမျိုးမျိုးကြောင့် မိမိတို့၏ ရင်သွေးများကို သေစာရှင်စာတတ်လျှင် တော်ပြီဟုဆိုကာ စာသင်ခန်းထဲမှ ဆွဲထုတ်ခဲ့ကြသည်။ ပြည်တွင်းစစ်ကြောင့်လည်း ပါပါလိမ့်မည်။

ဒီကနေ့ မြန်မာနိုင်ငံမှာ မူလတန်းအခမဲ့ ပညာရေးပြီးနောက် အလယ်တန်းအခမဲ့ ပညာရေးစနစ် ပေါ်လာရာ အစိုးရကိုလည်း ကျေးဇူးတင်ရသလို လက်လုပ်လက်စား မိဘအတွက်လည်း စိတ်ချမ်းသာရသည်။ ရုပ်သံလွှင့် မီဒီယာတွေမှာ စာသင်ခန်းထဲသို့ ကလေးတွေ ခါတိုင်းနှစ်တွေထက် ပိုရောက်လာသည့် သတင်းတွေ ကြားရတော့လည်း လူငယ်ဆိုတာ အနာဂတ်ရဲ့ ခေါင်းဆောင်ဆိုသည့် အဆိုအမိန့်က ပိုပြီးအားကောင်းလာသလိုပင်။ အခမဲ့ပညာရေး ပေါ်လာလို့ မိဘတွေ ပျော်ကြသော်လည်း တချို့မိဘတွေကတော့ အပြည့်အ၀ မပျော်နိုင်ပါ။ အပျော်တစ်ဝက်ပေါ့ဟု ဆိုလာကြသည်။ ဘာကြောင့်လဲ မေးကြည့်တော့ ကျန်တဲ့ မပျော်တစ်ဝက်က ပညာသင်နှစ် တစ်နှစ်လုံးစာ ကြုံရမည့် ထီး၊ ဖိနပ်၊ ကျောင်းဝတ်စုံ၊ လွယ်အိတ်၊ စာအုပ်ဖိုး၊ မုန့်ဖိုး၊ ထမင်းချိုင့်၊ ကျူရှင်ခ၊ ကားခ၊ အခြား သင်ထောက်ကူပစ္စည်းတွေနှင့် ကျောင်းနှင့်ပတ်သက်သည့် သာရေး၊ နာရေး၊ လမ်းခင်းတာ၊ ကျောင်းဆောင်အသစ် တိုးချဲ့တာ ပရိဘောဂတွေထည့်တာ၊ ၀ါဆိုသင်္ကန်း၊ ဆရာကန်တော့ပွဲ၊ ကထိန်ခင်းတာ၊ မိတ်ဆုံစားပွဲ၊ နှုတ်ဆက်ပွဲ၊ Fan Fair ပွဲ၊ ဆရာအပြောင်းအရွှေ့ နှုတ်ဆက်ပွဲ စသည်ဖြင့် ထွေလီကာ စားစရိတ်တွေအတွက် တွေးမိကာ သက်ပြင်းပူတွေချရင်း အပျော်တစ်ဝက်က မျောပါသွားသည်ဟု ဆိုပါသည်။

ဒါပေမဲ့ အတွေ့အကြုံအရ အချို့မိဘတွေမှာ ပညာတတ်တွေ မဖြစ်ခဲ့ရဘဲ အောင်မြင်တဲ့ စီးပွားရေးသမားတွေ၊ တစ်နည်းနည်းနဲ့ အောင်မြင်သူတွေ ဖြစ်လာကြတော့ ပညာရေးစနစ်ကို နှိမ့်ချပြောဆိုကာ စာမတတ်တာ ဘာမှမဖြစ်ဘူး။ စာတတ်တော့ရော၊ ဘွဲ့ရတော့ရော အဲဒီလူတွေ ဘာဖြစ်လာကြလို့လဲဟု ပြောတတ်ကြသည်။ တကယ်တော့ သူတို့က ပညာကို မယုံကြည်တာတော့ မဟုတ်။ ပညာရေးစနစ်ကို မယုံကြည်ခဲ့တာ ဖြစ်လိမ့်မည်။ သူတို့သည် စနစ်၏ သားကောင်ဖြစ်ကာ ပါးစပ်ဘရိတ် မအုပ်နိုင်ခဲ့ကြသော်လည်း သူတို့တွေ မိဘဖြစ်လာသောအခါ သားတွေသမီးတွေကို ပညာတတ်တွေ ဖြစ်စေချင်ခဲ့ကြသည်။ စာသင်ခန်းတွေဆီပို့ကာ ကလေးတွေကို တွန်းတွန်းတိုက်တိုက် အားပေးခဲ့ကြသည်ကို တွေ့ဖူးပါသည်။

ဒီလို အခြေအနေ၌ ၂၉ မေ ၂၀၁၄ နေ့ အစိုးရ သတင်းစာတစ်စောင်တွင် “ပညာရေးဝန်ကြီးဌာနအတွက် ကမ္ဘာ့ဘဏ်မှာ IDA Credit အမေရိကန်ဒေါ်လာ သန်း ၈၀ နှင့် Aus AID ၏ အကူအညီ Grant သန်း ၂၀ စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၁၀၀ ဖြင့် ပညာရေးဝန်ကြီးဌာနက အကောင်အထည်ဖော်မည့် ဘဏ္ဍာငွေသုံးစွဲမှုဆိုင်ရာ လုပ်ငန်းများကို ဗဟိုချုပ်ကိုင်မှု လျှော့ချပြီး အခြေခံပညာ ကျောင်းအဆင့်အထိ ဆောင်ရွက်ပေးသည့် စီမံကိန်းရှိသည်” ဟု ပညာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာဇော်မင်းအောင်က လွှတ်တော်သို့ ရှင်းလင်းတင်ပြသွားခဲ့သည်။ ပညာရေးအတွက် ငွေတွေအများကြီး သုံးတော့မည်ဟု တွေးမိကာ ၀မ်းသာသွားပြီး အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကို စိတ်ကူးထဲ၌ မြန်မာငွေနှင့် မြှောက်ကြည့်နေမိသည်။

ဒါပေမဲ့ စိတ်မကောင်းဖြစ်သွားရသော သတင်းတစ်ပုဒ်ကို ထပ်ဖတ်ရသည်။ ၂၉ မေ ၂၀၁၄ နေ့ထုတ် The Daily Eleven Newspaper ၌ “မိဘများအနေနှင့် သားသမီးပညာရေးအတွက် မြို့ကျော်၊ နယ်ကျော်၊ ရပ်ကွက်ကျော်၍ ကျောင်းအပ်နှံကြရာတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နာမည်ကြီး ကျောင်းအများစုမှာ ရန်ကုန်ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျောင်း (TTC)၊ အထက (၁) ဒဂုံ၊ အထက (၂) ဒဂုံ၊ အထက (၂) မင်္ဂလာဒုံ (လှသောင်းကျောင်း)၊ အထက (၂) ကမာရွတ် (စိန့်သြဂတ်စတင်း)၊ အထက (၂) စမ်းချောင်း၊ အထက(၂)လသာ၊ အထက(၅)ဗိုလ်တထောင်၊ အထက (၁) ဗဟန်း၊ အထက (၂) ရန်ကင်း (ကျောက်ကုန်း)၊ အလက (၁) ဒဂုံတို့ ဖြစ်ကြသည်။ အဆိုပါကျောင်းများသည် သင်ထောက်ကူပစ္စည်းများ ပြည့်စုံခြင်း၊ အခြေခံကောင်းများရှိခြင်း၊ ကျောင်းသားများဘ၀ တစ်ဆစ်ချိုး အပြောင်းအလဲတွင် အရေးပါသည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ၌ အောင်ချက်ရာခိုင်နှုန်း ကောင်းမွန်ခြင်း၊ ဂုဏ်ထူးရရှိနှုန်းမြင့်မားခြင်း စသည့်နာမည်ဂုဏ်သတင်းကောင်းများ ထွက်ပေါ်ခြင်းတို့ကြောင့် ကျောင်းသားမိဘများ၏ စိတ်ဝင်စားမှုကို ပိုမိုရရှိကြပြီး မိမိတို့ သားသမီးများ၏ ဘ၀နောင်ရေးအတွက် အာမခံချက်ကောင်းများ ပေးစွမ်းနိုင်သည့် ကျောင်းများအဖြစ် သတ်မှတ်ကာ ကျောင်းဝင်ခွင့် ရရှိရေးအတွက် ကြိုးပမ်းလေ့ရှိကြပြီး ကျောင်းဝင်ခွင့်ပြုမှု အပေါ်တွင်လည်း နှစ်စဉ်နှစ်တိုင်း ဝေဖန်မှုများ ထွက်ပေါ်သည့်ကျောင်းများ ဖြစ်ကြသည်တဲ့။

ဒီသတင်းလေး ဖတ်လိုက်ရတော့ ရန်ကုန်မြို့ပေါ်၌ အခြားကျောင်းများ၊ မြန်မာတစ်နိုင်ငံလုံးရှိ အခြားကျောင်းများ၌ ဒီလိုအခြေအနေကောင်းတွေ မရှိတော့ဘူးလား ခေါင်းထဲသို့ အဲဒီမေးခွန်း ၀င်လာပါသည်။ အထက်ဖော်ပြပါ သတင်းထဲက ကျောင်းတွေက ပန်းကလေးတွေမှ ပွင့်ရမွှေးရတော့မှာလား။ တစ်နိုင်ငံလုံးရှိ ကျောင်းတွေက ပန်းကလေးတွေကရော၊ မပွင့်ရ၊ မမွှေးရတော့ဘူးလား။ ဟုတ်ပြီ။ ဒါဆို ဒီလိုတွေးကြည့်ရအောင်။ အထက်ပါဖော်ပြပါ ကျောင်းတွေလိုပဲ အခြားကျောင်းတွေမှာ သင်ထောက်ကူပစ္စည်း ပြည့်စုံမယ်၊ စာအသင်အပြကောင်းသော ဆရာအခြေခံ၊ ပညာရေးကို မနှောင့်ယှက်သော ပတ်ဝန်းကျင်ကောင်းတွေ ရှိမယ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲ၌ အောင်ချက်ရာခိုင်နှုန်း ကောင်းမွန်မယ်၊ ဂုဏ်ထူးရရှိနှုန်း မြင့်မားမယ်ဆိုလျှင် မြန်မာတစ်နိုင်ငံလုံး မဟုတ်တောင်မှ ပထမအဆင့် ရာခိုင်နှုန်း ၅၀ သော ကျောင်းများကို မိဘများက ကလေးများ၏ ဘ၀နောင်ရေးအတွက် အာမခံချက်ကောင်းများ ပေးစွမ်းနိုင်မည့် ကျောင်းများအဖြစ် သတ်မှတ်လာနိုင်ကြလိမ့်မည် ထင်ပါသည်။

ထို့ပြင် ကျောင်းပြင်ပရှိ ကျောင်းသားလူငယ် ကလေးများ၏ မိသားစုဘ၀သည်လည်း စားဝတ်နေရေးပြေလည်သည့် အခြေခံကောင်းများလည်း မလွဲမသွေ လိုအပ်လာပါသည်။ ဒါကိုတော့ အစိုးရနှင့် ပြည်သူတို့ ဟန်ချက်ညီ ကြိုးစားကြရလိမ့်မည်။ တည်ဆောက်ကြရလိမ့်မည်။ အားနည်းချက်များအတွက် အပြစ်ဖို့သည့်အလုပ်ကို မလုပ်စေချင်ကြပါ။ ဘာပဲဖြစ်ဖြစ် ရိုးရိုးသတင်းလေး တစ်ပုဒ်က ပညာရှင်တို့၏ နှစ်ပေါင်းများစွာ လေ့လာပြီး ရေးသားတတ်သည့် ကျမ်းတစ်စောင် ပေတစ်ဖွဲ့ကဲ့သို့ မခမ်းနားသည့်တိုင် ကျောင်းများ၏ အခြေခံအကျဆုံးသော တည်ဆောက်မှုကို လမ်းညွှန်ပေးနေသည်ဟု လျှပ်ပြက်သလို မြင်လိုက်ရပါသည်။

ပန်းကလေးများအားလုံး ပွင့်စေ၊ မွှေးစေ၊ လန်းဆန်းစေချင်မိပါကြောင်း။

Aye Chan Mon Credit To :Eleven Media Group
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top