ACM Re-Post 3-6-2014
(ဆောင်းပါးရှင် - ရဲထွတ်နီ)
ကျောင်းဖွင့်ရာသီသို့ ရောက်ပြန်သည်။
“မင်္ဂလာပါ” ဆိုသော ခွန်းချိုသံများ ဝေစည်တော့မည်။
အတန်းတက်ကြရသူ ကလေးများ တက်ကြွပျော်ရွှင်နေကြသည်။ ကျောင်းစစ်ရှစ်တန်း၊ ကိုးတန်း အောင်မြင်ကြသူ ကလေးများမှာ မြန်မာနှစ်ကူး သင်္ကြန်ပြီးကတည်းက နွေအပူရှိန်ကို မမှုအားဘဲ ကျူရှင်တို့၊ ဘော်ဒါဝိုင်းတို့သို့ သွားနှင့်ခဲ့ကြပြီ။ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းထွက်လာ၍ မိဘရော၊ ဆရာရော၊ ကျောင်းသားပါ ကြိုးစားအားစိုက်ခဲ့သလောက် ဂုဏ်ထူးတွေလှိုင်လှိုင် (ဖလိုင်းယင်းကာလာ) ဖြင့် အောင်မြင်ခဲ့ကြလျှင် အပျော်ရွှင်ဆုံး၊ အတက်ကြွဆုံး ဖြစ်ကြပါဦးမည်။ ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူ အမည်စာရင်း တသီတတန်း၊ အငြိမ်းစား ပါမောက္ခကြီးများ၊ အတွေ့အကြုံနှင့် ၀ါရင့်စာစစ်မှူးများ၊ ဘာသာရပ်မှူးများ ကြီးမှူးဦးစီးသောဟု ဂုဏ်ယူဝင့်ကြွားစွာ ကြော်ငြာသည့် ဘော်ဒါဝိုင်းကျူရှင်တို့၊ ကိုယ်ပိုင်ကျောင်းတို့ဆိုသော ကြော်ငြာတို့ကို တွေ့မြင်ကြရပါဦးမည်။ စာမေးပွဲ ထူးချွန်အောင်မြင်သူ ကလေး၏ ဘာပေါင်းရည်၊ ညာပေါင်းရည် သောက်သုံးမှီဝဲသဖြင့် ထူးချွန်အောင်မြင် ရပါသည်ဟူသော ကြော်ငြာကလည်း ရှိသေးသည်။ ဒါတွေသည် ကျွန်တော်တို့ ဖော်ဆောင်နေသည့် ပညာရေးလား၊ ပေါ်ပေါ်တင်တင် ပေါ်လွင်နေသည့် ပညာရေးလား။ အများအားဖြင့် အများစုကြီးကတော့ ကျောင်းဖွင့်ရာသီဆိုလျှင် ရင်ပူ၊ ခေါင်းပူ အသက်ရှူကျပ်လေ့ ရှိခဲ့ကြပါသည်။ ထိုသို့ရှိခဲ့၍လည်း ယခုနှစ်ပိုင်းများတွင် အခမဲ့ မူလတန်းပညာရေး၊ အခမဲ့ အလယ်တန်းပညာရေးဟု ဆိုသည့်အခါ အစိုးရအဖွဲ့ဒေသနှင့် ဌာနလူကြီးများ ကျောင်းများတွင် ကလေးများကို စာအုပ်များ၊ ငွေကြေးများ၊ ၀တ်စုံတို့ ပေးအပ်ချီးမြှင့်ပုံ သတင်းများ တအားလှိုင်လျက်ရှိသည် မဟုတ်ပါလား။
စာသင်ကျောင်းဆိုသော ပရ၀ဏ်သည် သိမ်မွေ့နူးညံ့လှသည်။
ကုန်လွန်ခဲ့သော တစ်နှစ်တုန်းက ဇာတိမြို့သို့ ခရီးတစ်ခေါက် ခဏရောက်ခဲ့ရာတွင် ကိုယ်ကျောင်းစနေခဲ့သော မြူနီစီပယ်ကျောင်း ကလေးကို လှမ်းတွေ့မိတော့ လွမ်းမောသလို ခံစားမိသေးသည်။ သူငယ်တန်း၊ တစ်တန်းလောက်သာ ကျောင်းနေခဲ့ပြီး ရန်ကုန်မြို့သို့ ပြောင်းရွှေ့ကြီးပြင်းလာခဲ့ရသော ကျွန်တော်။ ထိုကျောင်းကလေး၌ ဖြစ်ရပ်နှစ်ခု၊ သုံးခုလောက်သာ သတိရ မှတ်မိနေခဲ့သည်။ ကျွန်တော် ကျောင်းစနေချိန်တွင် အဖေသည် ကျွန်တော်တို့ကို အမေနှင့်ထားရစ်ကာ နောက်အိမ်ထောင် ပြုသွားခဲ့ပြီ။ နံနက်ကျောင်းချိန် နီးသည့်အခါ အဘိုးက ကျွန်တော့်ကို ကျောင်းသို့လိုက်ပို့ခဲ့သည်။ မိုးရေထဲတွင် အဘိုးက လိုက်ပို့လိုက်၊ ကျွန်တော်က ဖြတ်လမ်းကနေပြီး အိမ်သို့ပြန်ပြေးလိုက်နှင့် အဘိုးက လက်မြှောက်အရှုံးပေး ရသည်အထိ ကျောင်းမတက်ချင်လှသော ကျွန်တော်။
ကျောင်းတက်သော တစ်ရက်တွင်မူ ဆရာမက နွားအကြောင်း ရေးခိုင်းသည်ကို ကျွန်တော်က စာဖြင့်မရေးဘဲ ကျောက်သင်ပုန်းပေါ်တွင် နွားတစ်ကောင်ပုံကိုသာ ဆွဲနေခဲ့သဖြင့် ဆရာမက ခေါင်းခေါက်ခဲ့သည်။ သို့တိုင်အောင် စာမရေးဘဲ နွားပုံကိုပဲ ဆက်ဆွဲနေခဲ့သော ကျွန်တော်။ ကျောင်းမတက်ချင်လှ၍ အိမ်သို့ ပြန်ပြေးသော်လည်း အိမ်မှာက အမေလည်း မရှိပါ။ အမေက အလုပ်သွားရသည်။ ကျွန်တော့်ကိုချစ်သော၊ အလိုလိုက်သော ဘွားအေတော့ ရှိပါသည်။
ငယ်စဉ်ဘ၀ ကျောင်းဖွင့်ရာသီ ကျွန်တော်တို့ အမေလည်း ခေါင်းပူရင်ပူ ရှိခဲ့ပါလိမ့်မည်။ မိသားစုတွင် အမေတစ်ယောက်တည်း၏ လုပ်ခလစာပဲ ရှိခဲ့သည်ကိုး။ သားတို့၊ သမီးတို့ စာမေးပွဲအောင်မြင်၍ အတန်းတက်ကြသည်ကို ၀မ်းသာကြသော်လည်း ကျောင်းဝတ်စုံ အသစ်ကလေး ထပ်ချုပ်ဖို့ ကျောင်းဖွင့် မိုးရာသီအတွက် အမိုး၊ အကာ၊ အဆောင်းနှင့် မိုးတွင်းစီးဖိနပ်၊ လွယ်အိတ်၊ ကျောပိုးအိတ်ကလေး၊ ကျောင်းသုံးစာရေးကိရိယာ ကလေးများ၊ ကျောင်းသည် အိမ်နှင့်နီးသလား၊ ဝေးသလား၊ နီးနီးဝေးဝေး ကျောင်းကိုသွားဖို့၊ ကျောင်းမှအိမ်ပြန်ဖို့၊ ကျောင်းသွားသည့်အခါ ထည့်သွား၊ ယူသွားရမည့် ထမင်းဘူးကလေး၊ ကလေးပဲမို့ စားချင်ရာရာအတွက် မုန့်ပဲသရေစာဖိုး၊ အစစ ချင့်တွက်မိကြသည့်အခါ တစ်နေ့တစ်နေ့ တစ်လတစ်လ ပိုပြီးတိုးဝင်မလာသည့် ၀င်ငွေ၊ လုပ်ခနှင့် ကြီးမြင့်လှသော နေစရိတ်၊ စားစရိတ် အခြေပြတို့ကြောင့် ကျောင်းသားမိဘ အများစုတို့မှာ အသက်ရှူ ကျပ်ရပါတော့သည်။
ဒီအနေအထားမျိုးများနှင့် မိဘအုပ်ထိန်းသူနှင့် ကလေးတို့သည် ကျောင်းသို့ ကျောင်းအပ်လာသည့်အခါ၊ ကျောင်းပို့လာသည့်အခါ ကျောင်းမှတာဝန်ရှိသူတို့က မျက်နှာကြည်ကြည်သာသာ မရှိ၊ အပြောချိုချိုသာသာ မဟုတ်၊ တုတ်ကိုကြောက်နေရသူများပမာ မချေမငံ ဆက်ဆံမိတော့ ဆက်ဆံခံရသူ မိဘအုပ်ထိန်းသူနှင့် ကလေးတို့မှာ ပို၍လျှင်လည်း ၀မ်းနည်းမှု ခံစားမိကြပေလိမ့်မည်။ သို့မဟုတ်လျှင်မူ ဒေါသအလျောက် ပေါက်ကွဲပါတော့မည်။ ပြန်ပြီး ရန်ထောင်မိမလား၊ အရေးယူပေးရအောင် အထက်ကို တိုင်တာတောတာ လုပ်တော့မလား။ တစ်ခုခု ဖြစ်ပါတော့မည်။ ထိုအခါ အထက်ကလည်း စုံစမ်းစစ်ဆေး အရေးယူ အပြစ်ပေးတော့မည်။ သိမ်မွေ့နူးညံ့ရမည့် စာသင်ကျောင်းဆိုသော ပရ၀ဏ်ကလေး ကောင်းပါဦးမည်လား။ ထိလွယ်ရှလွယ်လှသည်မို့ ဘက်သုံးဖက် ထောင့်သုံးထောင့် ညီစွာ ပြေလည်ဖို့လိုပါသည်။
ပညာရေးဆိုသည်မှာ စာသင်တာလည်း ဟုတ်သည်။ ဒဏ္ဍာရီပုံပြင် ပြောပြတာလည်း ဟုတ်သည်။ ဇာတကဇာတ်ကြောင်း၊ ၀တ္ထုဇာတ်လမ်း၊ သမိုင်းဖြစ်ရပ်တို့ကို ပြောပြတာလည်း ဟုတ်သည်။ ကမ္ဘာ့လူမျိုးများ၊ ခေါင်းဆောင်များနှင့် အာဇာနည်များအကြောင်း ဖတ်ပြ၊ ပြောပြတာလည်း ဟုတ်သည်။ တောတောင်ရေမြေ၊ သားရဲတိရစ္ဆာန်၊ သစ်ပင်ပန်းမန်နှင့် ကျေးငှက်သာရကာတို့ကို မြင်ဖူး၊ တွေ့ဖူးအောင် ကြည့်ရှုစေတာလည်း ဟုတ်သည်။ စက်မှုသိပ္ပံ ဆန်းကြယ်မှု၊ ထွန်းကားမှု အစုစုသော ဗဟုသုတတို့ကို စုဆောင်းခိုင်းတာလည်း ဟုတ်သည်။ ကစား၊ ခုန်စား၊ အားကစား လှုပ်ရှားပြိုင်ပွဲမှာ ပါဝင်တာ၊ စာဖတ်တာ၊ ကဗျာသီချင်းနှင့် ဆိုကြ၊ ကကြတာလည်း ပါပါသေးသည်။ ဆုံးမသွန်သင်တာနှင့် စာဖတ်၊ စာအံခိုင်းတာ၊ လက်ရေးလှ ရေးခိုင်းတာမှ စလေသော ပညာရေးကို အစဉ်အလာ သမားရိုးကျအားဖြင့်တော့ ကျောင်းနှင့်စာသင်ခန်းတို့မှ ဆရာတို့သည် နည်းနည်းချင်း၊ ဖြည်းဖြည်းချင်း သင်ပြပေးအပ် လာခဲ့ကြသည်။ တပည့်တို့မှာလည်း ဖြည်းဖြည်းချင်း ရလာခဲ့ကြပါသည်။ ယခင် အစဉ်အလာမှာ အဆောတလျင် ကသောကမျောလည်း မရှိခဲ့ကြပါ။ ယခုမူ ခေတ်က ပြောင်းလဲခဲ့ပြီ။
ကမ္ဘာကြီး တိုးတက်ဖွံ့ဖြိုးတာ ကြည့်မြင်ကြပြီး ကိုယ့်တိုင်းပြည်ဆင်းရဲတာ၊ ဆင်းရဲချမ်းသာ အလွန်ကွာဟမှုမှာ အခြေတည်လျက် ဖြစ်ပျက်နေမှုများကို ဇွတ်အတင်းဝင် အံဝင်ခွင်ကျဖြစ်အောင် ဖန်တီးနေကြသလို ရှိနေသည်။ တစ်ဖက်တွင် ပိုက်ဆံရှိသူ၊ ချမ်းသာကြွယ်ဝသူတို့က သားသမီးများကို ကျောင်းကြီးကျောင်းကောင်းများ၊ ကျူရှင်များ၊ ဘော်ဒါနှင့် ၀ိုင်းကြီးဝိုင်းကောင်းများတွင် ကလေးတို့က လိုချင်ချင်၊ မလိုချင်ချင် အတင်းထားကာ သင်ယူခိုင်းနေကြသည်။ လောဘဖြင့် အတောမသတ်။ ကျန်တစ်ဖက်ကမူ အများစုဖြစ်သော ကျောင်းရယ်၊ ဆရာရယ်၊ မိဘနှင့် ကျောင်းသားတို့က ၀န်နှင့်အား၊ မြားနှင့်လေး ဆိုသလို ရုန်းကန်နေကြရသော ဘက်။ ကျွန်တော့်ဉာဏ်ကလေးနှင့် သဘောပေါက်သလောက် အထက်တွင်ဆိုခဲ့သော ပညာရေးဟုတ်သည်များကို ကလေးတို့ ရရှိသွားကြရန်မှာ စာသင်ခန်းထဲမှ ဆရာတစ်ဦးတည်းနှင့် ယခုအခါ မလုံလောက်တော့ပါ။ အခြေအနေမှာ ဘဲအုပ်က တစ်ရာနှစ်ရာ၊ မဗေဒါက တစ်ပင်တည်း ဖြစ်သည်။ ကျောင်းကလည်း မပြည့်မစုံ၊ ဖြည့်ဆည်းရတာက များလှသည်။ မြို့ပေါ်မှာပင် မြို့လယ်နှင့် ဆင်ခြေဖုံး၊ ရွာကြီးနှင့် ရွာငယ်ကျောင်း မတူညီမှုက ကြီးမားသည်။ Community ရပ်ရွာဒေသ ကူညီကြပါမှ ဆိုသော စကားတွေကလည်း လှိုင်လှိုင်ကြွယ်ခဲ့ပါသည်။ ပညာရေးဟူသော ဝေါဟာရ အဓိပ္ပာယ်တွင် “သင်ယူမှု ၀န်းကျင်ကောင်း” လိုအပ်သည်ကို အထူးပြုထားသော်လည်း ယခုမျက်မှောက် သင်ယူဝန်းကျင်သည် အချိန်တိုင်း၊ နေရာတိုင်းတွင် ဖြစ်လျက်ရှိသည်ကို လူကြီးဆိုသူများရော၊ မိဘများရော၊ ဆရာဆရာမတို့ကပါ သတိပြု စေ့ငုကြရပါမည်။ ဗီဇနှင့် ပတ်ဝန်းကျင်သည် မီးများလျှင် မီးနိုင်သွား၊ ရေများလျှင် ရေနိုင်သွားမည်ဖြစ်သည်။ မိဘဆရာတို့ ဆဲဆိုတတ်တာ ကလေးကို ဆဲဆိုတတ်စေတာပါပဲ။ မိဘဆရာတို့ အပြောအဆို အပြုအမူ ရင့်သီးမောက်မာတာ ကလေးကို ရိုင်းစိုင်းစေတာပါပဲ။ ဆင်းရဲနွမ်းပါး ဘ၀လမ်း ကြမ်းတမ်းရသူတို့မှာလည်း မာနကရှိပါသည်။ ပေးကမ်း၍ ယူရသော်လည်း မျက်နှာပေါ်မှ အပြုံးတို့သည် မချိပြုံးများ ဖြစ်ကြပါသည်။
အခမဲ့ ပညာရေးမို့ ထောက်ပံ့ဖြည့်ဆည်း လှူဒါန်းပေးတာတွေကိုရော ဆင်းရဲမွဲတေမှု လျှော့ချရေး အလုပ်တစ်ခုလို့ ဆိုဦးမှာလား။ အခုတော့ သတင်းတွေက လှိုင်လှသည်။ တကယ်ကမူ ဤမျှလွှင့်ထုတ်ပြနေစရာ မလိုပါ။ ကွယ်လွန်သူ ပညာရေးဝန်ကြီးတစ်ဦး ပြောကြားခဲ့ဖူးသလို “လမ်းတိုင်း၊ အိမ်တိုင်းလောက်မှာ ကျောင်းသားက ရှိတာမို့ ပညာရေးသတင်း၊ ကျောင်းသတင်းက အထူးထုတ်နေစရာ မလို။ ကောင်းတာရော၊ မကောင်းတာပါ ချက်ချင်း သိကြတာဗျ” ဖြစ်ပါသည်။ မိဘတို့က ကလေးတို့၏ ရှေးဦးဆရာ ပုဗ္ဗာစရိယာပါ။ ဆရာအာစရိယတို့ကလည်း မိဘများနှယ်ပမာပါ။ ဒုတိယမိဘဟုပင် မဆိုချင်ပါ။ သိမ်မွေ့နူးညံ့လှသော၊ ထိရှလွယ်လှသော စာသင်ကျောင်းဆိုသော ပရ၀ဏ်ကလေး အေးမြသာကြည် ပျော်ရွှင်သော ပရ၀ဏ်ကလေးတစ်ခု ဖြစ်ဖို့သည် ကျောင်းဖွင့်ရာသီအစမှ စလယ်အဆုံး တကယ်ကောင်းနေကြဖို့ လိုပါသည်။
(ဇွန် ၂ ရက်က အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ရာ မူလတန်းကျောင်းသားများအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်ကျော်ထက်))
Aye Chan Mon Credit To :Eleven Media Group
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/
Post a Comment