မုံရွာ၊ACM Re-Post 1-6-2014
စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့ အနောက်ဘက်ခြမ်း ရွာမရပ်တွင် မေလ ၃၁ ရက်နေ့ မွန်းလွဲ ၃ နာရီ ဝန်းကျင်ခန့် အချိန်က ထမင်းချက်ရာမှ စတင်၍ တစ်နာရီခန့် ကြာအောင် လောင်ကျွမ်းခဲ့သော မီးကြောင့် လူနေအိမ် ၅၇ လုံး ဆုံးရှုံးခဲ့ရပြီး လူဦးရေ ၁၆၀ ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး တိုင်းမီးသတ်တပ်ဖွဲ့မှူး ရုံးမှ အရာရှိတစ်ဦးက အတည်ပြု ပြောကြားသည်။
“မီးစလောင်တဲ့ အချိန်မှာ လေတွေက အရမ်းတိုက်နေတယ်။ ချောင်းဦးမြို့ တစ်မြို့လုံးကို မီးခိုးတွေ ဖုံးသွားတယ်။ လေတိုက်နေတော့ မီးကလည်း ကူးတာမြန်တယ်။ မီးတောက်ကလည်း တစ်အားပြင်းတော့ မီးသတ်ကားတောင် တော်တော်နဲ့ မဝင်နိုင်ဘူး” ဟု ချောင်းဦးမြို့ခံ တစ်ဦးက ဆိုသည်။
မီးလောင်မှုကြောင့် ချောင်းဦး အနောက်ဘက်ခြမ်း ရွာမရပ်ကွက်မှာ တစ်ရပ်ကွက်လုံးနီးပါး မီးလောင် ဆုံးရှုံးခဲ့ရပြီး အများစုမှာ ပစ္စည်း မသယ်နိုင်ဘဲ လူအလွတ်ရုံး၍ ပြေးခဲ့ရကြောင်း မီးဘေးသင့် ဒေသခံများက ဆိုသည်။
“ကျွန်မ အိမ်ဆိုရင် ဘာမှ မသယ်နိုင်ဘူး။ ကျွန်မက တစ်ယောက်တည်း ရှိတာ။ အားလုံး မီးထဲပါကုန်ပြီ။ ဘာမှ မရလိုက်ဘူး” ဟု အသက် ၅၀ နှစ်အရွယ် မီးဘေးသင့် အမျိုးသမီးကြီးတစ်ဦးက ငိုကြွေးရင်း ပြောကြားသည်။
မီးလောင်ချိန်မှာ၂ နာရီ ၄၅ မိနစ်တွင် စတင်လောင်ကျွမ်းခဲ့ပြီး ၃ နာရီ ၄၅ မိနစ် အချိန်မှသာ မီးကိုထိန်းနိုင်ခဲ့ကာ မီးသတ်ယာဉ်နှင့် ရေသယ်ယာဉ် စုစုပေါင်း ၁၇ စီးခန့်ဖြင့် ငြှိမ်းသတ်ခဲ့ရကြောင်း စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ အရာရှိတစ်ဦးက ဆိုသည်။
မီးဘေးသင့်ခဲ့သော အိမ်ထောင်စု ၄၅ စုကို မီးလောင်ပြင်အနီးရှိ မဟာအောင်မြေသာစံ ကျောင်းတိုက်အတွင်းတွင် ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ပေးထားပြီး ကျန်းမာရေး စောင့်ရှောက်မှုများအတွက် ယင်းကျောင်းတိုက် အတွင်းမှာပင် ယာယီဆေးခန်း ဖွင့်လှစ်ထားကြောင်း ဒေသခံများထံမှ သိရသည်။
Aye Chan Mon Credit To: The Voice Weekly
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/
Post a Comment