0



လက်ရှိရှိတဲ့အစိုးရသွားတဲ့ နိုင်ငံရေးလမ်းစဉ်၊ အစိုးရရဲ့လမ်းစဉ် ဝေဖန်ပေးတာကို ပြည်သူ့အစိုးရ တစ်ရပ်အနေနဲ့ ရပ်တည်မယ်ဆိုရင်တော့ မြန်မာသံတော်ဆင့်ကို ပိုပြီးတော့ ကျေးဇူးတင်ရပါမယ်။


သံတော်ဆင့်ကို ကြိုဆိုရပါမယ်။ အဲဒီလိုမဟုတ်ဘဲ သံတော်ဆင့်ဟာ ငါတို့ကိုပေါက်တဲ့ ဂျာနယ်၊ ငါတို့ကို ဝေဖန်တဲ့ဂျာနယ်ဆိုရင်တော့ အစိုးရမှာ အရည်အချင်းမရှိဘူးလို့ ယူဆတယ် …


 သမ္မတဦးသိန်းစိန်ကို နောက်တစ်ကြိမ် သမ္မတလုပ်ပါဦးဆိုတာ ကရင်တိုင်းရင်းသားထု တစ်ရပ်လုံးရဲ့ ဆန္ဒမဟုတ်ဘူး။


ကေအန်ယူတစ်စုရဲ့ စကား။ ကရင်တိုင်းရင်းသားထု တစ်ရပ်လုံးက သမ္မတ ဦးသိန်းစိန်ကြီးကို သမ္မတလုပ်ပါလို့ ကရင်တွေ မပြောဘူး။ ကေအန်ယူဥက္ကဋ္ဌ ပြောတဲ့စကားက ကရင်တစ်မျိုးသားလုံး ပြောတဲ့စကား မဟုတ်တဲ့ အကြောင်းကိုတော့ မြန်မာသံတော်ဆင့်ကို ဆရာတော် အတိအလင်းပြောလို့ရတယ် . . .

နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် တောင်ကလေးဆရာတော်
အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တပညာသာမိ
တောင်ကလေးဆရာတော်ကို ဇွန်လ ၁၅ ရက်နေ့တွင် ကရင်ပြည်နယ် တောင်ကလေးပရိယတ္တိကျောင်းတိုက်၌ ဖူးတွေ့ရစဉ် – ဓာတ်ပုံဆန်းဝင်းထွန်း
နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်၊ ၀ိနိစ္ဆယရေးရာများ ဆောင်ရွက်တော်မူနေသည့် တောင်ကလေး ဆရာတော်ကြီးအား ဇွန်လ ၁၅ ရက်နေ့တွင် မြန်မာသံတော်ဆင့်မှ သွားရောက် ဖူးမြော်၍ သာသနာရေး၊ နိုင်ငံရေးများ မေးမြန်း လျှောက်ထား ခဲ့သည်တို့ကို ဆရာတော်ကြီးမှ ပြန်လည် မိန့်ကြားချက်များအား ဖော်ပြ လိုက်ပါသည်။
တပည့်တော်တို့ မြန်မာသံတော်ဆင့်ကနေ ဂိုဏ်းပေါင်းစုံ အစည်းအဝေး၊ ဒါက သမိုင်းဝင်ကို တပည့်တော်တို့ ဖော်ပြလိုက် တယ်။ နှစ်ပတ်ပေါ့ ဘုရား။ နောက် အခု သန္တိသုခကိစ္စပေါ့။ ဒီအပတ်မှာ ဖော်ပြလိုက်ပါတယ်ဘုရား။ ဂိုဏ်းပေါင်းစုံ အစည်းအဝေး ဖော်ပြချက်တွေနဲ့ သန္တိသုခကိစ္စ တပည့်တော်တို့ မြန်မာသံတော်ဆင့်က သတင်းထုတ်ပြန်တာနဲ့ ပတ်သက်လို့ ဆရာတော်ရဲ့ သဘောထားပေါ့ဘုရား။
မြန်မာသံတော်ဆင့်က သတင်းအမှန်၊ သတင်းအစစ်တွေကို ဖော်ပြခဲ့တဲ့ အတွက် သူ့ရဲ့တာဝန်က သတင်းအမှန်၊ သတင်းအစစ်တွေ ဖော်ပြရမှာလေ။ သူ့ဘက်မှာနေတယ်။ ကိုယ့်ဘက်မှာ နေတယ်လို့တော့ ဆရာတော့် အနေနဲ့တော့ မှာရမှာပဲ။ သံတော်ဆင့်က ဘယ်ဘက်ကိုမှလည်း နေလို့မရဘူး။ သတင်းဌာန ဆိုတာက အမှားပြောတဲ့ ပုဂ္ဂိုလ်ကလည်း သူမှားနေလား၊ မှန်နေလား ဆရာတော်တို့ မသိဘူး။ သံတော်ဆင့် ဖော်ပြတဲ့ သတင်းနဲ့ ပတ်သက်လာရင်တော့ အမှားမတွေ့ရပါဘူး။ ပုဂ္ဂိုလ်ရေးရာတွေနဲ့ မုန်းတီးတာ၊ တစ်ယောက်နဲ့ တစ်ယောက် တွန်းတာ၊ တိုက်တာရှိတဲ့ သဘောတရား ရှိမယ်ဆိုရင်လည်း တချို့ကျတော့ ရှိကောင်း ရှိနိုင်ပါတယ်။ ဆရာတော် အနေနဲ့ကတော့ မြန်မာသံတော်ဆင့် အပေါ်မှာ သံသယ လုံးဝကင်းတယ်။ သံသယ မရှိတဲ့အပြင် လုံးဝကင်းတယ်။ ဘယ်ဘက်မှာမှလည်း နေစရာလည်း မလိုဘူး။ နေလို့လည်း မရဘူးလေ။ ဒကာကြီးတို့ ရပ်တည်လာခဲ့တာ ၂ နှစ် ရှိသွားပြီ။
တပည့်တော်တို့ အစိုးရအပေါ်မှာ အမြဲတမ်း မကောင်းမြင်ပြီးတော့ ရေးနေတယ် လို့ပဲ တချို့က သုံးသပ်နေတယ်လို့ ကြားရပါတယ်ဘုရား။
နိုင်ငံတော် အစိုးရက သူရပ်တည်တဲ့ နိုင်ငံရေး မူဝါဒတွေ မှားတယ်၊ မှန်တယ် ဆိုတာက အစိုးရ လုပ်တိုင်း မှန်တယ်လို့ ဆရာတော်တို့ ယူဆလို့မရဘူး။ အစိုးရရဲ့လုပ်ဆောင်တဲ့ လုပ်ငန်း တစ်ခုမှာ အမှားလည်းရှိတယ်။ အမှန်လည်းရှိတယ်။ အမှားကိုပဲ ယူဆလို့ ဖော်ပြလိုက်ခြင်း အားဖြင့်လည်း အစိုးရမှာ ဒီသဘောကို ကြည်ဖြူအောင်တော့ သုံးသပ်ရမယ်။ မှန်တယ်လို့ ယူဆလို့ ဖော်ပြရင်လည်းပဲ အစိုးရမှာ သုံးသပ်ရမယ်။ ပြည်သူရဲ့ သဘောထားလေးတွေကိုပဲ ကြေညာသင့်တယ်။ ဆရာတော် အနေနဲ့ တော့ လက်ရှိရှိတဲ့ အစိုးရသွားတဲ့ နိုင်ငံရေး လမ်းစဉ်၊ အစိုးရရဲ့လမ်းစဉ် ဝေဖန်ပေးတာကို ပြည်သူ့အစိုးရ တစ်ရပ်အနေနဲ့ ရပ်တည်မယ် ဆိုရင်တော့ မြန်မာသံတော်ဆင့်ကို ပိုပြီးတော့ ကျေးဇူးတင်ရပါမယ်။ သံတော်ဆင့်ကို ကြိုဆို ရပါမယ်။ အဲဒီလိုမဟုတ်ဘဲ သံတော်ဆင့်ဟာ ငါတို့ကို ပေါက်တဲ့ဂျာနယ်၊ ငါတို့ကို ဝေဖန်တဲ့ဂျာနယ် ဆိုရင်တော့ အစိုးရမှာ အရည်အချင်းမရှိဘူးလို့ ယူဆတယ်။
စာနယ်ဇင်းသမားတွေရဲ့ ကျင့်ဝတ်နဲ့ ပတ်သက်လို့ တပည့်တော်တို့ ရေးသား ဖော်ပြတာတွေ အပေါ်မှာရော ဆရာတော် ဘယ်လိုမြင်လဲဘုရား။
မြန်မာနိုင်ငံမှာ စာနယ်ဇင်းကျင့်ဝတ် အနေနဲ့ဘယ်သူမှ၊ ဘာမှ ပြဋ္ဌာန်းထားတာမရှိ သေးပါဘူး။ ကတိက၀တ် ပြုထားတဲ့ စာနယ်ဇင်း ကောင်စီရဲ့ စည်းမျဉ်း စည်းကမ်းလေး ၁၀ ချက်လားပဲ။ အဲဒါလေး ၁၀ ချက်နဲ့ မီဒီယာ တစ်ခုလုံး၊ မြန်မာနိုင်ငံ တစ်ခုလုံး သွားနေရတယ်ဆိုတော့ ဒါဟာ မီဒီယာတွေကို ထိုင်ပြီးတော့ ဒုက္ခပေးနေ သလားလို့ ဆရာတော်က သံသယ ဖြစ်မိတယ်။ ဥပဒေလည်း ပြုပေးသင့်နေပြီ။ လုပ်လည်း လုပ်ပေးသင့်နေပြီ။ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း လက်ထက်တုန်းက ဒကာကြီး ဦးကျော်ဆန်း ဒီနေရာမှာ တာဝန်ယူမယ် ဆိုရင်တော့ ဒီဥပဒေဟာ ပြီးမြောက်သွားပြီလို့ ယူဆတယ်။ လက်ရှိ ဒီနေရာမှာ တာဝန်ယူတဲ့ ဒါယကာကတော့ ဦးအောင်ကြည်။ သူက စိတ်မ၀င်စားဘူး ထင်တာပဲ။ သတင်းအချက်အလက် မီဒီယာအပေါ်မှာ စိတ်မ၀င် စားဘူးလို့ ယူဆတယ်။ နဂိုတည်းကိုက စိတ်ပါဝင်စားမှု အားနည်းလား မသိဘူး။ မြန်မာပြည်မှာ သတင်း သမားတွေ ဖောက်ပြန်ရင် အကုန်လုံး ထောင်ချမယ်ဆိုတဲ့ မူဝါဒ ပုံစံမျိုးတွေ ရှိတယ်။ ဒါကလည်း အဲဒီလို ဥပေက္ခာပြုထားလို့ မရဘူးပေါ့နော်။
7
ဓာတ်ပုံ-ဆန်းဝင်းထွန်း
တပည့်တော်တို့ မြန်မာသံတော်ဆင့်မှာက ဘုန်းတော်ကြီး သတင်းတွေများတယ်တဲ့။ အဲဒီမှာ တပည့်တော်တို့ မြန်မာသံတော်ဆင့်က ဘာသာ၊ သာသနာကို ထိခိုက်အောင်၊ ညှိုးနွမ်းအောင်၊ အကြည်အညို ပျက်အောင် ဆရာတော်တွေကို ရေးထားတဲ့ အရေးအသားမျိုးများ ဆရာတော် တွေ့မြင် ဖတ်ရှု ရပါသလား။
ဘာသာရေး အခန်းကဏ္ဍမှာ ဘုန်းကြီး၊ ရဟန်း သံဃာတွေ၊ ဘာသာရေး ဦးဆောင်တဲ့ ပုဂ္ဂိုလ်တွေဟာ လူထုတွေနဲ့ စကားပြောရင် တော်တော်လေးကို ပြောတာ ဆိုတာတွေ အဆင်မပြေတာ တွေ့ရတယ်။ ဘာသာရေး ဦးဆောင်တဲ့ ပုဂ္ဂိုလ်တွေ လူထုတွေနဲ့ လက်ပွန်းတတီး အလုပ်လုပ်တာ၊ အတူတကွ ဆောင်ရွက် တာတွေကို မပြုဘူးဆိုလို့ရှိရင် ဘာသာရေးဟာ အများအကုန်လုံး နားမလည်ဘူး။ မြန်မာသံတော်ဆင့်က ဘာသာရေးနဲ့ ပတ်သက်လာလို့ ဗုဒ္ဓဘာသာ တစ်ခုတည်းမှာပဲ အခြေခံပြီး ပြောနေတာလည်း မဟုတ်ဘူး။ ဗုဒ္ဓဘာသာ ကောင်းကြောင်းကိုလည်း အထောက်အပံ့ ပေးတာရှိသလို သတင်းကိုလည်း လူထုတွေကို ရစေချင်တဲ့ ဆန္ဒလည်းပါတယ်။ ဒါကတော့ ဗုဒ္ဓဘာသာ အနေနဲ့ ဘာမှ — မရှိဘူး။ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာနဲ့ ပတ်သက်လို့ သတင်းပေးတဲ့၊ သတင်းထုတ်ပြန်တဲ့ ဂျာနယ်ဆိုတာ မရှိဘူးလေ။ ဦးဇင်းတို့ ငယ်ငယ်တုန်းက ရတနာမွန် မဂ္ဂဇင်း၊ မင်္ဂလာဗျူဟာ အခုအဲဒီ မဂ္ဂဇင်းတွေက တိမ်ကောသွားသလို သိပ်ပြီးတော့ လူထုကြားထဲကို မထိုးဖောက်နိုင်တော့ဘူး။ မြန်မာသံတော်ဆင့် အနေနဲ့ ဖော်ပြတဲ့ ဘာသာရေး သတင်းဟာ မမှားပါဘူး။ ဗုဒ္ဓမြတ်စွာ ဘုရားရှင် ကိုယ်တော်မြတ်ကြီးရဲ့ သာသနာတော်ကို ပုဒ်မ ၂၉၅ (က) သာသနာ ညှိုးနွမ်းတဲ့ အစီအစဉ်တစ်ရပ် ဆောင်ရွက်တဲ့ သံတော်ဆင့် မဟုတ်ပါဘူးလို့။
သန္တိသုခ အရေးအခင်းမှာ တပည့်တော်တို့ဘက်က ဖော်ပြတဲ့ ဖော်ပြချက်တွေမှာ လိုအပ်တာတွေ ရှိသွားလား ဘုရား။
ဦးဇင်းအနေနဲ့ကတော့ ၂ ခု။ ဒီနေရာမှာ အများသိလိုတဲ့ ဆန္ဒပါတဲ့အတွက်ကြောင့် အများနားလည်တဲ့၊ အများ သိဖို့အတွက် ဖော်ပြတဲ့ အကြောင်းအရာ ဒါကလည်းဝေဖန်ရမယ့် အစီအစဉ်။ အဓိကကတော့ ဘက်နှစ်ခုပေါ့။ သံဃာဘက်ကို ရပ်တည်မလား။ အလုပ်လုပ်တဲ့ ဘက်ကို ရပ်တည်မလား။ အဲဒီဘက်နှစ်ခု သံတော်ဆင့် ကတော့ ဘယ်ဘက်ကိုမှ ရပ်မတည်ဘူး။ ပြောလာတဲ့ သတင်းမှန်သမျှကို ပြောတဲ့အတိုင်း ရေးတဲ့ အတွက်ကြောင့်မို့ ဒါသတင်း။ သန္တိသုခ ဘုန်းတော်ကြီးကျောင်းနဲ့ ပတ်သက်တာတွေ အားလုံး ဆရာတော်ကတော့ မှားတယ်လို့လည်း မယူဆဘူး။ မှန်တယ်လို့လည်း အတိအလင်း အားလုံးလည်း မပြောချင် ပါဘူး။ နိုင်ငံတော်သမ္မတ မဟာနာယကက သံဃာငါးသိန်းကျော်တို့ရဲ့ ဦးဆောင်ထားခဲ့ရတဲ့ ဆရာတော် အဖွဲ့တွေ ဆိုတော့ ဒီအဖွဲ့တွေက အလှူလုပ်ပြီဆိုရင် မှားတယ် ဆိုတာကတော့ မှားဖို့ ခဲယဉ်းပါတယ်။ တစ်ပါး ဆုံးဖြတ်ချက်၊ တစ်ပါးအာဏာ မဟုတ်ဘူး။ အများဆုံးဖြတ်ချက် အများလုပ်ဆောင် ရတဲ့အတွက် မမှားပါဘူး။ ဥပဒေ ဆိုတာကတော့ ဘယ်ဥပဒေ မဆိုပေါ့။ ဒီဥပဒေကတော့ ရှိခဲ့တယ်။ ဒီဥပဒေနဲ့ အပြစ်ပေးခံရရင် အပြစ်ပေး ခံရတဲ့ပုဂ္ဂိုလ်ကတော့ သူကကျေနပ်မှာ မဟုတ်ဘူး။ ဒါကသဘာဝပဲ။ ဆရာတော်က အဲဒီလို မဟုတ်ဘူး။ ဆရာတော်တို့ လုပ်ခဲ့တယ်။ ဒီဥပဒေနဲ့ ငြိမ်းသွားတယ် ဆိုရင် အဲဒီဥပဒေ အတိုင်းကို ဆရာတော်တို့က ခံယူရမယ်။ သန္တိသုခ ဘုန်းတော်ကြီးကျောင်းနဲ့ ပတ်သက်တာတွေ၊ အငြင်းပွားမှုနှင့် ပတ်သက်တာတွေက အခုအချိန်မှာတော့ ဘယ်ပုဂ္ဂိုလ်က ပိုင်ဆိုင်တယ်၊ ဘယ်ပုဂ္ဂိုလ်က မပိုင်ဆိုင်ဘူး ဆိုတာကို စတင်ရတော့မှာ ဖြစ်တယ်။ နိုင်ငံတော် သံဃမဟာ နာယကက ပိုင်ပါတယ်ဆိုရင် ၀ိနည်း အဆုံးအဖြတ်နဲ့ ဆုံးဖြတ်ပါလိမ့်မယ်။ တစ်ဖက် ဆရာတော်တွေက ပိုင်ဆိုင်တယ် ဆိုရင် ၀ိနည်းအဆုံးအဖြတ်နဲ့ ရယူပါလိမ့်မယ်။ ဆရာတော်တို့ ဒီပွဲဟာ မပြီးသေးဘူးလို့ပဲ ယူဆပါတယ်။
တချို့ကလည်း ဗိုလ်ချုပ်ကြီးခင်ညွန့် မရိုးမသား လုပ်ခဲ့တယ်လို့ ပြောနေတယ်။
အဲသလိုတော့ ပြောလို့မရဘူး။ ဒကာကြီး ဦးခင်ဩညွန့်ကတော့ ဘာသာ၊ သာသနာအတွက်နဲ့ သူလုပ်သွား ပေးတာပါပဲ။ ဘယ်သူ့မှ ထိခိုက်အောင် သူလုပ်သွားတာ မဟုတ်ပါဘူး။ ဒီကျောင်းတော်ကြီး ပြီးမြောက်   အောင် လုပ်သွားတဲ့ ဒယကာကြီးတွေ ဖြစ်ပါတယ်။ သိရသလောက်ပေါ့။ ရန်ကုန်မြို့တော်ဝန် ဒါကာကြီး ဦးကိုလေး၊ ဒကာကြီး ဦးပါတို့ ဒီပုဂ္ဂိုလ်ကြီးတွေရဲ့ အထောက်အပံ့တွေနဲ့ လုပ်သွားလို့ ကျောင်းတော်ကြီး ပြီးသွားတယ်လို့ မြင်ပါတယ်။ နောက်ပြီးတော့ ဒကာကြီးတို့ မြန်မာသံတော်ဆင့်ထဲမှာ ဆောင်းပါးရှင် ဦးဓမ္မ ရေးထားတဲ့ သန္တိသုခ ကျောင်းတော်ကြီးရဲ့ ဖြစ်စဉ်လေးကို ဖတ်လိုက်တော့ ဆရာတော်တို့ ပိုပြီးတော့ သိသွားတယ်။
မြန်မာသံတော်ဆင့်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကိုတော့ ဆရာတော် ဘယ်တော့မှ အမှားမယူပါဘူး။ သန္တိသုခ ဘုန်းတော်ကြီးကျောင်းနဲ့ ပတ်သက်လို့ မြန်မာသံတော်ဆင့်က ဖော်ပြတာကို မကြိုက် မနှစ်သက်သော ဝေနေယျများ ရှိကောင်း ရှိခဲ့မယ်ဆိုရင် သတင်းမီဒီယာတို့ရဲ့ ဖော်ပြရတဲ့ သံတော်ဆင့်ကို ဘာမှ အပြစ်မယူဖို့ မေတ္တာရပ်ခံပါတယ်။ နားလည်ပေးစေချင်ပါတယ်။ လူမှုဆက်သွယ်ရေး အတွက်နဲ့ သံတော်ဆင့်က တာဝန် ယူတာ။ မီးမွေးသော သံတော်ဆင့်မဟုတ်။ ပြဿနာ ရှာဖွေသော သံတော်ဆင့်မဟုတ်။ ပဋိပက္ခဖြစ်စေသော သံတော်ဆင့်မဟုတ်။ သံတော်ဆင့်ဂျာနယ်သည် လူထုအတွက်၊ ပြည်သူအတွက်၊ တိုင်းပြည်အတွက်၊ နိုင်ငံအတွက်၊ ဘာသာ သာသနာအတွက်၊ လူမျိုးအတွက်ပဲ ဖြစ်ပါတယ်ဆိုတာ ဆရာတော် အနေနဲ့ နားလည် စေချင် ပါတယ်လို့ ပြောကြားပါရစေ။
တပည့်တော်တို့က အရင်တပ်မတော် အစိုးရနဲ့ ပတ်သက်လို့ စစ်အာဏာရှင်တွေ အဲဒီ အရေးအသား မှားသွားလား။
တချို့ကျတော့ မကြိုက်ဘူးပေါ့။ စစ်အာဏာရှင်တွေ ကြည်ညိုတဲ့ ပုဂ္ဂိုလ်က သူ့ ကိုယ်သူ အာဏာရှင်နဲ့ ပတ်သက်လို့ မခံယူဘူးလေ။ ဒီလို သုံးနှုန်းလိုက်တဲ့ အခါကျတော့ သူက စည်းထိသွားတာပေါ့။ အဲဒီ အတိုင်းပါပဲ။
တကယ်တမ်း အဲဒီလိုရေးလိုက်တော့ သူတို့အနေနဲ့ သိပ်တော့ နားထောင်လို့ မကောင်းဘူးပေါ့။ အာဏာရှင် ဆိုတာ တကယ်တမ်းကျတော့ အာဏာရှင်ဆိုတာ ခဏခဏ မပေါ်ပါဘူး။ တိုင်းပြည်တစ်ပြည်မှာ အာဏာရှင် ဆိုတာ ခဏခဏ မပေါ်ဘူး။ ပေါ်တဲ့အခါဆိုရင် လူထုတွေဟာ ချမ်းသာတဲ့လူရှိတယ်။ ဆင်းရဲတဲ့လူရှိတယ်။ ဒါ သဘာဝပဲ။ အဲဒီအာဏာရှင် ပျောက်ကွယ်သွားတဲ့ အခါကျရင် အာဏာရှင် မဟုတ်တဲ့ ဒီမိုကရေစီပေါ့။ လူတွေ ဟာ ဒီမိုကရေစီနဲ့ နေထိုင်ကြတဲ့ အခါကျတော့ အာဏာရှင်လည်း မျှော်ပြီးတော့ တောင်းတကြတယ်။ အာဏာရှင် ဆိုတာ ခဏခဏ မပေါ်ပါဘူး။ ဦးဇင်းတို့ တစ်သက်မှာ အာဏာရှင် ဘယ်သူ ဘယ်သူဆိုတာ ထုတ်မပြောသည့် တိုင်အောင်လည်း အကောင်းဘက်ကို ကြည့်မယ်ဆိုရင်လည်း မဆိုးပါဘူး။ အဆိုးဘက် ကြည့်မယ် ဆိုရင်လည်း တအားအကောင်းကြီး မဟုတ်ဘူး။
ဒီတိုင်းပြည်ကို အာဏာရှင်တွေအားလုံး လုပ်ဆောင် လာခဲ့တာတွေကို မကျေနပ်တဲ့ ပုဂ္ဂိုလ်ရှိသလို ကျေနပ်တဲ့ ပုဂ္ဂိုလ်လည်း ရှိမှာပဲ။ ဒါပေမဲ့ အလုပ်လုပ်တဲ့ ပုဂ္ဂိုလ်ကတော့ လုပ်သွားမှာပဲ။ ကိုယ်လည်းပဲ အဲဒီနေရာ ရောက် လာရင် အာဏာရှင် မဖြစ်ဘူးလို့ ဘယ်သူက ပြောနိုင်လဲ။ မေတ္တာရှင်နှင့်လုပ်တဲ့ နိုင်ငံရေးလောက ကမ္ဘာမှာ ဘယ်မှာရှိလဲ။
ကေအန်ယူနဲ့ အခုအစိုးရနဲ့ ဆွေးနွေးနေတဲ့ဟာက အစစ်အမှန် ဖြစ်နိုင်မလားဆိုတာ တကယ်သိချင်တာ။ လက်ရှိ ကေအန်ယူဥက္ကဋ္ဌက ကေအန်ယူကြီး တစ်ဖွဲ့လုံးပေါ်မှာ သြဇာ လွှမ်းမိုးမှုရှိတဲ့ Key Player ဟုတ်ပါ့မလား ဆရာတော်က ပဒိုအဖွဲ့တွေ ရှိတယ်လို့ ပြောဖူးပါတယ်။ တကယ်သြဇာကြီးတဲ့ ပဒိုကြီးတွေ ရှိတယ်ဆိုတော့ သူတို့ရဲ့ သဘောထားလေး သိချင်လို့ပါ။
အဓိကကတော့ အဘိုးတာမလာဘောတို့က အဓိကပါပဲ။ လက်ရှိ ကေအန်ယူ   ငြိမ်းချမ်းရေး ဒီဘက်အစီအစဉ်နဲ့ ပတ်သက်လို့ ကေအန်ယူဟာ ကရင်မဟုတ်ဘူးဆိုတဲ့ စကားနဲ့ ပတ်သက်လို့ အဲဒီလို ပုံစံမျိုးတော့ ဘယ်ပြောလို့ ရမလဲ။
ဒါက အစိုးရ ထုတ်ပြန်ခဲ့တာလေ။ တစ်ချိန်က သဘောထား ကရင် တိုင်းရင်းသားတွေကို ကိုယ်စား မပြုဘူးလို့ ဆိုချင်တာ။
ကေအန်ယူက ကရင်တိုင်းရင်းသား တစ်ရပ်လုံးကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းတစ်ရပ် အနေနဲ့တော့ ဆရာတော်တို့ မမြင်သေးဘူး။ သူတို့ လုပ်ဆောင်တာတွေ အကုန်လုံးက ကရင်တွေ အကုန်လုံးက အကြွင်းမဲ့ ယုံကြည်ထားတဲ့ အဖွဲ့အစည်း တစ်ရပ် အနေနဲ့ မယူဆသေးဘူး။ ကေအန်ယူရဲ့ ယနေ့လုပ်ဆောင်နေတဲ့ လုပ်ဆောင်ချက်တွေ၊ ငြိမ်းချမ်းရေးတွေ အကုန်လုံးဟာလည်းပဲ ဆရာတော့် အနေနဲ့ မဖြစ်သင့်၊ မဖြစ်ထိုက်တဲ့ သဘောတရားတွေ ပြည်သူလူထုအပေါ်မှာ အများကြီးတွေ့ရတယ်။ ဒါပဲလားဆိုတော့ ဥပမာအားဖြင့် သမ္မတ ဦးသိန်းစိန်ကို နောက်တစ်ကြိမ် သမ္မတလုပ်ပါအုံးဆိုတာ ကရင်တိုင်းရင်းသားထု တစ်ရပ်လုံးရဲ့ ဆန္ဒ မဟုတ်ဘူး။ ကေအန်ယူ တစ်စုရဲ့စကား။ ကရင်တိုင်းရင်းသားထု တစ်ရပ်လုံးက သမ္မတ ဦးသိန်းစိန်ကြီးကို သမ္မတ လုပ်ပါလို့ ကရင်တွေ မပြောဘူး။ ကရင်တစ်ရပ်လုံး ဦးသိန်းစိန် သမ္မတ လုပ်ပါလို့ မပြောဘူး။ ကေအန်ယူ ဥက္ကဋ္ဌ လုပ်တဲ့ ပုဂ္ဂိုလ်က ပြောတဲ့စကား။ ကေအန်ယူ ဥက္ကဋ္ဌ ပြောတဲ့ စကားက ကရင်တစ်မျိုးသားလုံး ပြောတဲ့စကား မဟုတ်တဲ့ အကြောင်း ကိုတော့ မြန်မာသံတော်ဆင့်ကို ဆရာတော် အတိအလင်း ပြောလို့ရတယ်။ အတိအလင်း ကြေညာ ပေးစေချင်ပါတယ်။ ဒါအဓိပ္ပာယ် မရှိဘူး။ ဒီလို အဓိပ္ပာယ်မရှိတဲ့ စကားကို အဲလိုပြောလို့ ကရင်တွေ ဘယ်လောက် ရှက်စရာကောင်းလဲ။ အင်မတန် ယုတ်မာတဲ့ စကားလို့ ဆရာတော့် အနေနဲ့ ပြောချင်ပါတယ်။
ဘာဖြစ်လို့ ယုတ်မာတဲ့ စကားလို့ ဆရာတော်သုံးနှုန်းပါလဲဘုရား။
ကရင်တစ်ခုလုံးကို ဖျက်ဆီးတဲ့ မျက်နှာကြီးကို ကရင်လူမျိုးတွေ အကုန်လုံးက ဦးသိန်းစိန်ကြီးကို ကြိုက်တာမှ မဟုတ်ဘူး။
ဘာလို့ မကြိုက်တာလဲဘုရား။
ဦးသိန်းစိန်က လိမ်တာကိုး။ တိုင်းပြည်ကိုလိမ်တယ်။ ဖောက်ပြန်တယ်။ အဲဒီလို လုပ်တာကိုး။ ကိုယ်ပိုင်ပြည်နယ် အုပ်ချုပ်ခွင့်ရ တိုင်းဒေသ အတိအလင်း ပေးမယ်ဆိုရင် အစိုးရကို အစိုးရမှန်း ဖြစ်သင့်တယ်။ သူက အဲဒီလိုမျိုး မဟုတ်ဘူး။ ပြည်ထောင်စု အစိုးရက ပြည်နယ် အစိုးရကိုလာပြီး လွှမ်းမိုးလို့ ဘာအဓိပ္ပာယ်ရှိမှာလဲ။ သူကိုယ်၌ကို က ပြီးခဲ့တဲ့ ဆရာတော် ရေးထားတဲ့ ဆောင်းပါးလိုပဲ ပြည်နယ် ၀န်ကြီးချုပ်တွေကို တိုက်သလိုလုပ်တာ။ ဒါတွေဟာ မလုပ်ကောင်းဘူး။ သူဘာသ၀ဏ်လွှာမှ ထုတ်စရာမလိုဘူး။ မပြောသင့်ဘူး။ နိုင်ငံရေးမှာ သူကိုယ်၌ ကိုက တွန်းတယ်။ တိုက်တယ်။ လုပ်တယ်ဆိုတာ မကောင်းဘူး။
ဒါသမ္မတ တစ်ယောက်အတွက် မပြောအပ်တဲ့ စကားတွေထဲမှာ ပါတယ်။ နောက်ဆုံးငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကိစ္စနဲ့ ပတ်သက်တာ အတိအလင်း ငြိမ်းချမ်းရေးကို အသေအချာ လုပ်မယ့် အစီအစဉ်နဲ့ ပတ်သက်လာရင် ဘာတစ်ခုမှ ရေရေရာရာ မရှိဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲဖို့ ကိစ္စမှာ ပြည်တွင်း ငြိမ်းချမ်းရေး မရှိရင် အခြေခံဥပဒေက ရေးဆွဲလို့ မရဘူး။ အရင်တုန်းက န၀တ၊ နယက ခေတ်ကာလ တုန်းကလည်း ကြေညာခဲ့တယ်။ ပြောခဲ့တယ်။ ဟုတ်ပြီ။ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ဆောင်လာပြီးတော့ ဦးသိန်းစိန် အစိုးရ လက်ထက် သမ္မတ ဖြစ်လာတဲ့အခါကျတော့ ပြီးခဲ့တဲ့ အပတ်က ရေဒီယို မိန့်ခွန်းမှာ ပြည်တွင်း ငြိမ်းချမ်းရေးဆိုတဲ့ စကားလုံးတောင် မသုံးတော့ဘူး။ တိုင်းရင်းသား အားလုံးတွေရဲ့ အပစ်အခတ် ရပ်စဲရေးကိစ္စ ဆောင်ရွက်ပြီးမှ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်လို့ရမှာ။ ဆင်လို့ရမှာတို့ အဲဒီလို သက်ရောက်တဲ့ စကားလုံးတွေ သူ့ရဲ့ မိန့်ခွန်းမှာပြောတယ်။
DKBA ၊တခြားငြိမ်းချမ်းရေးအဖွဲ့တွေက သူ့ကိုဘယ်လို သဘောထားလဲဘုရား။
သမ္မတကြီးကို ဘယ်လိုသဘောထားလဲ ဆိုတော့ သမ္မတ လုပ်တဲ့လူက မမျှတဘူး ဆိုလို့ရှိရင်တော့ ဘယ်သူမှလည်း ကြိုက်မှာ မဟုတ်ဘူး။ ကြိုက်တယ်လို့လည်း ဘယ်သူမှလည်း မပြောဘူး။ အကြိုက် သဘောဆောင်ပြီးတော့ နေကြည့်တဲ့ သဘောပါ။
အခု ဂိုဏ်းပေါင်းစုံ အစည်းအဝေးကြီးကို သမ္မတနဲ့ အကြီးအကဲတွေ မလာတဲ့အပေါ်မှာ ဆရာတော် ဘယ်လို သဘောထားလဲဘုရား။
သံဃာ့ အစည်းအဝေးကတော့ သူတို့နဲ့ မဆိုင်ဘူးပေါ့။ တစ်ယောက် ကြည်ညိုမှု၊ သဒ္ဓါတရား ပွားများရုံနဲ့တော့ နိုင်ငံတော် သမ္မတ တစ်ဦးအနေနဲ့ တစ်ယောက်အနေနဲ့ တက်ရောက် ကြည်ညို သင့်တာပေါ့။ တက်ရောက် ကြည်ညိုရဖို့ သင့်တဲ့အချိန်အခါလည်း ဖြစ်တယ်။ သံဃာ့ အစည်းအဝေးကြီးကို သူမတက်ရောက် နိုင်ဘူး ဆိုရင်လည်း မတက်ရောက် နိုင်ကြောင်းကိုတော့ အစဉ်အလာ၊ အစဉ်အဆက်မှာတော့ သမ္မတ လုပ်တဲ့ ပုဂ္ဂိုလ်တွေ၊ ၀န်ကြီးချုပ်လုပ်တဲ့ ပုဂ္ဂိုလ်တွေကတော့ တက်ရောက်တာပဲ။
ကရင်ပြည်နယ်မှာကော ငြိမ်းချမ်းရေး အဖွဲ့တွေနဲ့ ဆရာတော် ဆုံဖြစ်သေးလား ဘုရား။
အဖွဲ့အကုန်လုံးနဲ့ ဆုံးဖြစ်ပါတယ်။ DKBA အဖွဲ့၊ KNU၊ KNLA အဖွဲ့တွေ သူတို့ကတော့ ကရင်ပြည်နယ်မှာတော့ သုံးဖွဲ့ပဲ ရှိတာပေါ့။
ဆရာတော်ဆီက အကြုံပြုချက်တွေကော သူတို့အနေနဲ့ လက်ခံလားဘုရား။
ဆရာတော်ရဲ့ ပေးတဲ့ အကြံပြု၊ ပေးတဲ့ အစီအစဉ်၊ ပေးတဲ့ အတွေးတွေကိုတော့ ယူပါတယ်။
အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တွေကော လာလားဘုရား။
အစိုးရဘက်က ငြိမ်းချမ်းရေး ဖော်ဆောင်မယ့် ကိုယ်စားလှယ် အဖွဲ့တွေနဲ့က အဆက်အစပ် မရှိဘူး။
ဆရာတော့်ကို လက်နက်ကိုင် တပ်ဖွဲ့တစ်ဖွဲ့ကို လက်ကိုင်တုတ် လုပ်ထားတယ်လို့ ပြောဆို သတင်းလွှင့်တဲ့ဟာ ဆရာတော် ကြားမိပါသလားဘုရား။
ကြားမိပါတယ်။
လက်နက်ကိုင်တဲ့ အဖွဲ့ကို လက်ကိုင်တုတ်လို့ သုံးတာတော့ ဆရာတော့်အနေနဲ့ မထင်ပါဘူး။ ဆရာတော်တို့က ဘုန်းကြီးဗျ။ ဒီမှာရှိတဲ့ ပုဂ္ဂိုလ်ကတော့ သူကြေညာချက်နဲ့ သူတို့ဟာသူတို့ ရပ်တည်နေတာပဲ။ ဆရာတော် တို့လည်း ရပ်တည်နေတာပဲ။ အဓိကကတော့ ဒီတိုင်းပြည်အတွက် ငြိမ်းချမ်းသွားဖို့ ဆောင်ရွက်တဲ့ အစီအစဉ်ပဲ ရှိတယ်။
လက်ရှိ သာသနာရေး လုပ်ငန်းတွေ ဘာတွေ လုပ်ကိုင်ဆောင်ရွက်နေလဲဘုရား။
လက်ရှိ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် တာဝန်ယူရတယ်။ အဲဒီမှာ နိုင်ငံတော် သံဃမဟာနာယကက ဒီကိစ္စ ဆောင်ရွက်စရာ ရှိမယ် ဆိုလို့ရှိရင်လည်းပဲ ဆရာတော်တို့ ၀ိုင်းဝန်းကူညီ ဆောင်ရွက်တယ်။ ကျန်တဲ့ အချိန်မှာတော့ စာရေးတယ်။ လက်ရှိ လုပ်နေတဲ့ လုပ်ငန်းတွေကို လုပ်တယ်။ ကလေးပညာရေး ကိစ္စတွေ ဆောင်ရွက်တယ်။
ကလေးတွေက ဘယ်နှစ်ယောက်လောက် ရှိပါလဲဘုရား။
၂၀၀၊ ၃၀၀ လောက်ရှိမယ်။ ၁၀ တန်း အထိရှိတယ်။
ပြည်နယ် အစိုးရနဲ့ကော ဆရာတော်။
ပြည်နယ်အစိုးရနဲ့ ဘာမှမဖြစ်ဘူး။ အဆင်ပြေပါတယ်။ ပြည်နယ်အစိုးရ သဒ္ဓါတရား ကောင်းပါတယ်။ ပြေပါတယ်။
ဝန်ကြီးချုပ်က ဆရာတော့် သြ၀ါဒ ခံယူလားဘုရား။
ဝန်ကြီးချုပ်ကတော့ အဝေးသြ၀ါဒကိုပဲ ခံယူတယ်။
ဝန်ကြီးချုပ်လည်း ဆရာတော်ကို ကြည်ညိုပါတယ်။ အာဃာတမထားပါဘူး။ မူကိုပဲ မကြိုက်တာ။ လူကတော့ ဘာမှ ပြဿနာမရှိဘူး။ သူလုပ်တဲ့မူက အများကို ထိခိုက်စေနိုင်တဲ့မူ။ အဲဒီမနှစ်သက်တဲ့ မူကိုတော့ ဆရာတော် အတိုက်အခံ လုပ်တာတော့ မဟုတ်ဘူး။ ဝေဖန်တာ။ ပုဂ္ဂိုလ် အနေနဲ့တော့ ဆရာတော်ဘာမှ အာဃာတ မထားဘူး။
ဆရာတော်က ကရင်တိုင်းရင်းသားတွေ တော်တော်များများ ကိုးကွယ်တယ်ဆိုတော့ ကရင်တိုင်းရင်းသား လူမျိုးတွေ အခုလောလောဆယ် လိုလားနေတဲ့ ဆန္ဒက ဘာဖြစ်မလဲဘုရား။
ကရင် တိုင်းရင်းသားတွေရဲ့ လိုလားနေတဲ့ဆန္ဒက ကရင်တစ်မျိုးသားလုံးရဲ့ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်မှာ နေထိုင်တာ တည်ငြိမ်ရေးနှင့် အေးချမ်းရေးကို အင်မတန် လိုလားတယ်။ နံပါတ်တစ်ပေါ့။ နံပါတ်နှစ် ကရင်တိုင်းရင်းသား လူမျိုးတွေရဲ့ အခွင့်အလမ်းနဲ့ အခွင့်အရေးကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအတိုင်း ကရင်ပြည်နယ်မှာ မိမိရဲ့ပြည်နယ် အခွင့်အရေး အခွင့်အလမ်းကို လုံးဝ လွတ်လပ်စွာ ရပ်တည်ဖို့ လိုချင်တယ်။ အထူးသဖြင့် ကရင်တိုင်းရင်သား လူမျိုးတွေရဲ့ ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးခွင့်ကို ပိုပြီးတော့ မျှော်လင့်တယ်။ အဲဒါ ကရင်တစ်မျိုးသားလုံးရဲ့ မျှော်လင့်ခြင်း ဖြစ်တယ်။

Aye Chan Mon Credit To: http://myanmarthandawsint.com
http://www.ayechanmon-news1.com/

Post a Comment

 
Top