0

ACM Re-Post 21-6-2014

မဟာသန္တိသုခ ကျောင်းတိုက်မှ ဖမ်းဆီးခံရသော သံဃာငါးပါးကို တာမွေမြို့နယ် တရားရုံးတွင် ဇွန်လ ၂၀ ရက် နံနက်ပိုင်းက ရုံးထုတ်စစ်ဆေးရာတွင် အရှေ့ပိုင်းခရိုင် တရားရုံးမှ ရဲတပ်ဖွဲ့များ လုံခြုံရေး ပူးပေါင်း ဆောင်ရွက်ပေးရသဖြင့် ယင်းနေ့က ရုံးထုတ်စစ်ဆေးမည့် အမှုကြီးများကို ရက်ရွှေ့ဆိုင်းခဲ့ရကြောင်း အဆိုပါ ခရိုင်တရားရုံးထံမှ သိရှိရသည်။

“သံဃာငါးပါး ရုံးထုတ်တာကို လာကြည့်သူတွေ အရမ်းများလို့ ပြဿနာ မဖြစ်ဖို့ လုံခြုံရေးအတွက် ရဲအင်အား လိုအပ်လို့ ခရိုင်တရားရုံးက ရဲတွေပါ အဲဒီကို သွားရတယ်။ အမှုကြီးတွေကို ရုံးထုတ်စစ်ဆေးဖို့ ဒီမှာ ရဲအင်အား လိုအပ်ချက် ရှိတာကြောင့် စစ်ဆေးမယ့် ရုံးချိန်းရက်တွေကို ရွှေ့လိုက်တာပါ” ဟု အရှေ့ပိုင်းခရိုင် တရားရုံးမှ ဥပဒေအရာရှိ အမျိုးသားတစ်ဦးက ပြောကြားသည်။

အဆိုပါ အမှုကြီးများ ရုံးထုတ် စစ်ဆေးမှုကို ရက်ရွှေ့ဆိုင်းခဲ့သောကြောင့် ဇွန်လ ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က ရန်ကင်းမြို့နယ်မှ ခေါင်းဖြတ် လူသတ်မှု ရုံးချိန်းကို ဇွန်လ ၂၅ ရက်နေ့သို့ ရက် ရွှေ့ဆိုင်းခဲ့ပြီး အခြားအမှုကြီးများ စစ်ဆေးမှုကိုလည်း အလားတူရက်များ ရွှေ့ဆိုင်းခဲ့ကြောင်း ယင်းခရိုင် တရားရုံးထံမှ စုံစမ်းသိရှိရသည်။

“တရားရုံးရှေ့မှာ သံဃာတွေ၊ လာရောက် ကြည့်ရှုသူတွေနဲ့ ပြည့်နှက် နေတာကြောင့် မြို့နယ် ရဲတပ်ဖွဲ့က ခရိုင်ရဲတပ်ဖွဲ့ကို သတင်းပို့တာကို ခရိုင်က လိုအပ်တဲ့ လုံခြုံရေး ရဲတပ်ဖွဲ့တွေကို စီမံ ဆောင်ရွက် ပေးခဲ့တာပါ” ဟု တာမွေမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

မဟာသန္တိသုခ ကျောင်းတိုက်မှ ဖမ်းဆီးပြီး လူဝတ်လဲ ခံထားရသည့် လန်ဒန် ဆရာတော် အပါအဝင် သံဃာငါးပါးကို တာမွေမြို့နယ် တရားရုံးတွင် ရုံးထုတ်စစ်ဆေးစဉ် ယင်းတရားရုံးရှေ့၌ ရွှေညဝါ ဆရာတော်၊ ဦးဝီရသူနှင့် ဦးပါမောက္ခတို့ အပါအဝင် သံဃာတော်များ၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းဝင်များနှင့် ရုပ်ရှင် အနုပညာရှင်များ၊ ပြည်သူများ အပါအဝင် အင်အား လေးရာနီးပါးခန့်က တရားရုံးရှေ့သို့ လာရောက် စောင့်ကြည့် ခဲ့ကြသည်။

လုံခြုံရေး အခြေအနေကြောင့် အရှေ့ပိုင်းခရိုင်တွင်းရှိ မြို့နယ် ၁၄ ခုမှ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း ဆောင်ရွက်ခဲ့သော်လည်း ခရိုင်တရားရုံးမှ ရဲအင်အားများကို ခေါ်ယူခြင်းသည် သက်ဆိုင်ရာ မြို့နယ် ရဲတပ်ဖွဲ့မှ ရဲအင်အား လိုအပ်မှုကြောင့် ဖြစ်ကြောင်း ယင်းအရှေ့ပိုင်း ခရိုင်ရဲတပ်ဖွဲ့ရုံးမှ အကြီးတန်း အရာရှိတစ်ဦးက ရှင်းပြသည်။

အရှေ့ပိုင်းခရိုင် တရားရုံးတွင် လုံခြုံရေး ရဲအင်အားကြောင့် အမှုကြီးများ စစ်ဆေးမည့် ရက်ရွှေ့ဆိုင်းခဲ့သော်လည်း ကျန်ခရိုင် တရားရုံးများတွင် ပုံမှန် ရုံးထုတ်စစ်ဆေးရမည့် အမှုများကို ဆက်လက် စစ်ဆေးလျက် ရှိကြောင်း မြောက်ပိုင်းခရိုင် တရားရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

Aye Chan Mon Credit To:The Voice Weekly
http://www.ayechanmon-news1.com/

Post a Comment

 
Top