0


ဒမတ်စကတ်၊ ACM Re-Post 4-6-2014

ပြည်တွင်းစစ် ဖြစ်ပွားနေသော ဆီးရီးယားနိုင်ငံ၌ သမ္မတရွေးကောက်ပွဲကို အင်္ဂါနေ့တွင် စတင်ကျင်းပလိုက်ပြီး လက်ရှိသမ္မတ ဘာရှားအယ်အာဆတ်ပင် မဲအများစု အသာဖြင့် အနိုင်ရရှိနိုင်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

သမ္မတအာဆတ် အုပ်ချုပ်မှုအောက်တွင်ရှိသည့် ဆီးရီးယား နယ်မြေများရှိ မဲရုံများကို နံနက် ၇ နာရီအချိန်တွင် စတင်ဖွင့်လှစ်ခဲ့သည်။

ရွေးကောက်ပွဲတွင် သမ္မတအာဆတ်ကို ယှဉ်ပြိုင်မည့် ပြိုင်ဘက်နှစ်ဦးမှာ လူသိများခြင်း မရှိသူနှစ်ဦး ဖြစ်ပြီး ဆီးရီးယားပါလီမန်က ၎င်းတို့ကို အတည်ပြု ထောက်ခံပေးခဲ့သည်။

လူပေါင်း ၁၆၀,၀၀၀ ကျော်သေဆုံးပြီး ဒေသခံသန်းနှင့်ချီ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသည့် ဆီးရီးယား ပြည်တွင်းစစ် သုံးနှစ်တာကာလတွင် သမ္မတရွေးကောက်ပွဲ ကျင်းပခြင်း ဖြစ်သည်။

အဆိုပါ ရွေးကောက်ပွဲတွင် လက်ရှိသမ္မတ အာဆတ်ပင် အနိုင်ရရှိပြီး ခုနှစ်သက်တမ်းရှိသည့် သမ္မတရာထူးကို တတိယအကြိမ် ဆက်လက်ထမ်းဆောင်မည်ဟု မျှော်လင့်ရကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

သို့သော်လည်း သမ္မတရွေးကောက်ပွဲမှာ အတုအယောင်သာ ဖြစ်သည်ဟု ဆီးရီးယား အတိုက်အခံများက ဝေဖန်ထားပြီး ရွေးကောက်ပွဲတွင် ပါဝင်ခြင်းမရှိပေ။

ဆီးရီးယားသမ္မတသည် ပြီးခဲ့သည့် ၁၄ နှစ်ခန့်မှစတင်၍ သမ္မတတာဝန် ထမ်းဆောင်ခဲ့ခြင်း ဖြစ်ပြီး ယင်းကာလတွင် ထောက်ခံမဲ ၉၉ ရာခိုင်နှုန်းဖြင့် ရွေးကောက်ပွဲ အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

သမ္မတအာဆတ်၏ ဖခင်ဖြစ်သူ ဟာဖတ်အယ်အာဆတ်သည်လည်း ဆီးရီးယားနိုင်ငံကို ၂၉ နှစ်ကြာ သံလက်သီးမိုး အုပ်ချုပ်ခဲ့ပြီး၂၀၀၀ ခုနစ်တွင် သေဆုံးခဲ့သည်။

လက်ရှိ ဆီးရီးယားသမ္မတ ရွေး ကောက်ပွဲကို အခြေခံဥပဒေသစ်အောက်တွင် ကျင်းပခြင်းဖြစ်ပြီး နိုင်ငံမှာရှေ့သို့ ချီတက်နေသည်ကို ရွေးကောက်ပွဲက ဖော်ပြပေးနေကြောင်း ဆီးရီးယား အုပ်စိုးသူများက ပြောကြားထားသည်။

သို့သော်လည်း လက်ရှိ ရွေးကောက်ပွဲ မကျင်းပရန် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက တောင်းဆိုပြီး ပြည်တွင်းနှင့် ပြည်ပရှိ ဆီးရီးယား အတိုက်အခံများကို သတင်းစကားပါးနိုင်ရန် သမ္မတအာဆတ်က ကျင်းပခဲ့ခြင်း ဖြစ်သည်ဟု လေ့လာသုံးသပ်သူများက မှတ်ချက်ပြုသည်။

ဒီမိုကရေစီကို ကပျက်ကချော်ပြက်ရယ် ပြုလိုက်ခြင်းပင် ဖြစ်သည်ဟု ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးရုံးက ဆီးရီးယား ရွေးကောက်ပွဲကို ရည်ညွန်း ပြောကြားလိုက်သည်။

အဆိုပါ ရွေးကောက်ပွဲသို့ အမေရိကန်၊ ဥရောပသမဂ္ဂနှင့် အခြားသောဥရောပ လုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့များကို လက်ခံမည် မဟုတ်သော်လည်း အချို့သော နိုင်ငံများမှ လေ့လာသူများကို ဖိတ်ခေါ်မည်ဟု ဆီးရီးယားအစိုးရက ပြောကြားသည်။

Aye Chan Mon Credit To: The Voice Weekly
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top