0

ပြည်၊ACM Re-Post 19-6-2014

ပဲခူးတိုင်း (အနောက်ပိုင်း) ဒေသကြီး ပြည်မြို့တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတံဆိပ် တပ်ဆင်ထားသည့် လိုင်စင်မဲ့ မော်တော်ယာဉ် နှစ်စီးကို ဇွန်လ ၁၇ ရက်နေ့က ဖမ်းဆီး အရေးယူခဲ့ကြောင်း ပြည်မြို့ အမှတ် (၁) ရဲစခန်း တာဝန်ကျ ရဲအရာရှိက ပြောကြားသည်။

အဆိုပါ ကားနှစ်စီးမှာ Mark 2 ဇိမ်ခံကား အမျိုးအစား ဖြစ်ပြီး KNU/KNLA-PC တံဆိပ်နှင့် DKBA ကလိုထူးဘော စစ်ဌာနချုပ် တံဆိပ်တို့ တပ်ဆင်ထားသည့် ယာဉ်များဖြစ်ကြောင်း၊ ယင်းမော်တော်ယာဉ် နှစ်စီးကို ယာဉ်စည်းကမ်း ထိန်းသိမ်းရေးလုပ်ငန်း လုပ်ဆောင်စဉ် ရွှေတံချောင်းလမ်းနှင့် အမှတ် (၂) အခြေခံပညာအလယ်တန်း ကျောင်းရှေ့တွင် ဖမ်းဆီးမိခြင်း ဖြစ်သည်ဟု ၎င်းက ပြောဆိုသည်။

လက်နက်ကိုင် အဖွဲ့အစည်းတံဆိပ် တပ်ဆင်ထားသော်လည်း တရားဝင် စာရွက်စာတမ်းများ မရှိသည့်အတွက် လိုင်စင်မဲ့ယာဉ်ဟု ယူဆကြောင်း၊ လက်ဝယ်တွေ့ရှိသူများမှာ ပြည်မြို့နှင့် ပေါက်ခေါင်းမြို့တွင် နေထိုင်သူများဖြစ်ရာ သွင်းကုန်ထုတ်ကုန် ပုဒ်မဖြင့် အမှုဖွင့်ထားကြောင်း တရားလိုပြု တိုင်တန်းထားသည့် အမှတ် (၁၀) ယာဉ်ထိန်းရဲတပ်ဖွဲ့ စုမှူးရုံး ဒုရဲမှူး ဦးဝင်းနိုင်ဦးက ပြောကြားသည်။

“သတင်းပေး တိုင်တန်းတဲ့သူတွေ ရှိလို့ ရှောင်တခင် စစ်ဆေးလိုက်တာ။ ကားတွေကို သိမ်းထားပြီး အမှုဖွင့်ထားတယ်။ တကယ်လို့ လက်နက်ကိုင် အဖွဲ့အစည်းတွေက ကားဆိုရင်လည်း ကန့်သတ်နယ်မြေမှာပဲ အသုံးပြုခွင့် ရှိတယ်” ဟု ၎င်းက ပြောဆိုသည်။

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက သတ်မှတ်ထားသည့် လိုင်စင် မရှိသည့်အတွက် ယင်းမော်တော်ယာဉ် ပိုင်ရှင်များကို ပ (၁၂၄)/ ၂၀၁၄၊ သွင်းကုန်ထုတ်ကုန် ဥပဒေပုဒ်မ ၈ (၁၀) နှင့် ပ (၁၂၅)/ ၂၀၁၄၊ သွင်းကုန်ထုတ်ကုန် ဥပဒေပုဒ်မ ၈ (၁၀) တို့ဖြင့် အမှတ် (၁) ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း၊ တရားဝင်လိုင်စင် မရှိသည့် မော်တော်ယာဉ် ဖမ်းဆီးရရှိမှု ဖြစ်စဉ်၏ ယခုနှစ်တွင် ပထမဆုံးအကြိမ် ဖြစ်ကြောင်း အမှတ် (၁၀) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးက ပြောဆိုသည်။

Aye Chan Mon Credit To: The Voice Weekly
http://www.ayechanmon-news1.com/

Post a Comment

 
Top