0

လိုင်စင်သက်တမ်းတိုးခြင်း ဆိုင်ရာ ခရီးလွန် ယာဉ်စစ်ခြင်းကို လာမည့် ဇူလိုင်လ (၁) ရက်နေ့ မှ စတင်၍ ပြုလုပ်ပေးတော့မည် မဟုတ်ကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးနေလင်း က The Messenger Media သို့ပြောသည်။

မော်တော်ယာဉ် အစီးရေများပြားလာ မှုကြောင့် ယာဉ်ကြော ပိတ်ဆို့ခြင်းများ ရှိလာသည်ကို ကြိုတင်ကာကွယ်သည့် အနေဖြင့် လည်းကောင်း၊ မန္တလေးလိုင်စင်ဖြင့် မော်တော်ယာဉ်များ သီးသန့်ဖြစ်စေရန် ရည်ရွယ်၍ လည်းကောင်း ခရီးလွန် ယာဉ်စစ်ခြင်းကို ၂၀၁၁ ခုနှစ် နောက်ပိုင်းတွင် ပြုလုပ်ပေး ခဲ့ခြင်း ဖြစ်သည်။

မန္တလေးမှာ အသုံးပြုနေတဲ့ ရန်ကုန်က ကားတွေကို လိုင်စင် သက်တမ်တိုးဆောင်ရွက်တဲ့ အခါမှာ အရင်တုန်း ကတော့ မန္တလေး ရုံးမှာ ယာဉ်စစ်လုပ်ပေးတယ်။ သူ့အတွက် လိုအပ်တဲ့ စာရွက်စာတမ်းလောက်ပဲ ရန်ကုန်ပြန်လုပ်ရ တာပေါ့။ ဒီမှာ ယာဉ်စစ်လုပ်ပေးပေမယ့် ကားနံပါတ် ကတော့ YGN နဲ့ပဲပေါ။ အများသိတာ ကတော့ ယာဉ်တစ်ခြမ်းစစ်လို့ ခေါ်တယ်။ ကညန မှာတော့ ခရီးလွန်ယာဉ်စစ်တယ်လို့ခေါ်ပါတယ်။ အခုက မန္တလေးမှာ ယာဉ်ကြောပိတ်တာတွေ ကလည်း များလာနေပြီ။ အဓိက ကတော့ ကိုယ့်ဒေသနဲ့ ကိုယ့်ကားဖြစ်စေချင်တာပါ ဟု ၄င်းက ပြောသည်။

ယင်းကဲ့သို့ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနရုံးမှ ခရီးလွန်ယာဉ်စစ်ခြင်းကို ရန်ကုန်မြို့တွင်လည်း ပြီးခဲ့သည့် မေလ (၁) ရက်နေ့မှ စတင်ကာ မပြုလုပ်ပေး တော့ကြောင်း သိရသည်။ ခရီးလွန် ယာဉ်စစ်ခြင်း လုပ်ငန်းများ မန္တလေးတိုင်းဒေသကြီး ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီး ဌာနရုံးတွင် မဆောင်ရွက်ပေး သော်လည်း နီးစပ်ရာ စစ်ကိုင်းမြို့ ကျောက်ဆည်မြို့များတွင် ပြုလုပ်၍ ရနိုင်ကြောင်း၊ ယင်းကဲ့သို့ မဆောင်ရွက်လိုပါက မန္တလေးလိုင်စင်ဖြင့် ထိုက်သင့်သည့် အခွန်အခများ ပေးဆောင်ကာ လိုင်စင်ပြောင်းလဲ၍ ရနိုင်ကြောင်း ညွှန်ကြားရေးမှူး ဦးနေလင်းက ပြောသည်။

Aye Chan Mon Credit To: Messenger News Journal
http://www.ayechanmon-news1.com/

Post a Comment

 
Top