0

Written by မြတ်ကျော်သူ ACM Re-Post 21-6-2014

ရန်ကုန်၊ မဇ္ဈိမ။ ။ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်သည် ဇွန် ၁၉ ရက်က နုတ်ထွက်သွားပြီ ဖြစ်ပြီး ယခုကဲ့သို့ နုတ်ထွက်မှုသည် ရခိုင်ပြည်နယ်တွင် ဖြစ်ပျက်နေသည့် ပြဿနာများ နှင့် ဝန်ကြီးအဖွဲ့အတွင်း ဖိအားများကြောင့် ဖြစ်နိုင်ဖွယ် ရှိသည်ဟု ရခိုင်အရေး ကျွမ်းကျင်သူများက ပြောဆိုလိုက်သည်။

ဝန်ကြီးချုပ်လှမောင်တင်က နုတ်ထွက်ခွင့်တောင်းခြင်းကို သမ္မတဦးသိန်းစိန်အစိုးရက ခွင့်ပြုလိုက်ခြင်းဖြစ်သည်ကို ဇွန် ၂ဝ ရက်ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြ ထားသည်။

"သူ့ရဲ့ ကက်ဘိနက်(အစိုးရဝန်ကြီးအဖွဲ့) ထဲမှာ သူ့ကို ဝန်းရံပေးနိုင်တဲ့သူ မရှိဘူး။ တစ်ချို့ဆို ဒုက္ခပေးနိုင်လောက်တဲ့သူတွေတောင် ရှိမယ်။ ဒီတော့ ပြဿနာ တော်တော် များများက သူတစ်ယောက်တည်း ဖြေရှင်းရသလိုဖြစ်နေတယ်။ ဖိအားတွေ များလာ တာပေါ့" ဟု ရခိုင်ပြည်နယ်၊ ပြည်နယ် လွှတ်တော်အမတ် ဦးအောင်မြတ်ကျော်က ဆိုသည်။

၂ဝ၁၁ ခုနှစ် ဦးသိန်းစိန်အစိုးရ စတင်ကတည်းက ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ရာထူး တာဝန်ယူခဲ့သည့် ဦးလှမောင်တင်သည် ၎င်း၏ ဝန်ကြီးသက်တမ်း ၃ နှစ်အတွင်း ၂ဝ၁၂ ခုနှစ် မေ လ ၂၈ ရက်က ရမ်းဗြဲ၊ ကျောက်နီမော်ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်မှတစ်ဆင့် စတင်ခဲ့သည့် ရခိုင်ပြည်နယ်တွင်း ပဋိပက္ခများသည် နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းများ စစ်တွေမှ နှင်ထုတ်ခံရသည့် ၂ဝ၁၄ ခုနှစ် ဧပြီထိ ဆက်တိုက်ဖြစ်ပွားခဲ့သည်။

ထို့ပြင် ပဋိပက္ခများ၏ အကျိုးဆက်များဖြစ်သည့် ဒုက္ခသည်များနှင့် ဘင်္ဂါလီဒုက္ခသည်စခန်းများတွင် သန်းခေါင်စာရင်း ကောက်ယူမှုအခြေအနေများသည်လည်း ရခိုင် ပြည်နယ်တွင်း တာဝန်ယူနေရသည့် ဝန်ကြီးချုပ်တစ်ယောက်အနေနှင့် စိန်ခေါ်မှုများ ဖြစ်ခဲ့သည်။

"တပ်မတော်ဘက်က ဗိုလ်ချုပ်တစ်ယောက်လာမယ်လို့ သတင်းကြားထားတယ်။ ဘယ်သူပဲ လာလာ ရခိုင်ပြည်နယ်ကိစ္စတွေကို ကိုင်တွယ်ရင် ပျော့ပျောင်းညင်သာစွာ ကိုင်တွယ်နိုင်ဖို့ လိုပါတယ်" ဟု ဦးအောင်မြတ်ကျော်က ဆိုသည်။

လတ်တလော အခြေအနေအရ ဦးလှမောင်တင်နေရာတွင် နယ်စပ်ရေးရာ ပြည်ထောင်စု ဒုဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်းကို တာဝန်ပေးမည်ဟု သတင်းများထွက်ပေါ်လျက် ရှိနေသည်။ ဗိုလ်ချုပ်မောင်မောင်အုန်းကို ဇွန်လ ၁၈ရက်က နယ်စပ်ရေးရာဒုတိယ ဝန်ကြီး တာဝန် ထမ်းဆောင်နေရာက စစ်ဘက်ရေးရာ တာဝန်များ ထမ်းဆောင်ရန် သမ္မတက တာဝန်ပေးအပ်လိုက်သည်။

ဦးလှမောင်တင်သည် ယခင်က တပ်မတော်မှ အရပ်ဖက်သို့ ပြောင်းလာသူတစ်ဦးဖြစ်ပြီး အမ်းမြို့နယ် မဲဆန္ဒနယ်မှ ကြံ့ခိုင်ဖွဲ့ဖြိုးရေးပါတီဝင် အဖြစ် ရွေးကောက်ခံကာ ဝန်ကြီးဖြစ်လာသူတစ်ဦးဖြစ်သည်။

"ဦးလှမောင်တင်ကို ဖြုတ်လိုက်တဲ့အတွက် ရခိုင်ပြည်သူတွေအနေနဲ့တော့ ရှော့ခ် ဖြစ်သွားတာ မျိုးတော့ မရှိပါဘူး။ သူ့ကို နဂိုကတည်းကိုက ထူးထူးခြားခြား မနှစ်သက်သလို၊ တူးတူးခါးခါး မုန်းနေတာမျိုးလည်း မရှိခဲ့ပါဘူး" ဟု စစ်တွေမြို့မိမြို့ဖ ဦးသန်းထွန်းက ဆိုသည်။

သမ္မတဦးသိန်းစိန်အစိုးရသည် ဇွန် ၁၉ ရက် တစ်ရက်တည်းမှာပင် သာသနာရေးရာဝန်ကြီး ဦးဆန်းဆင့်ကို ရာထူးမှ ရပ်စဲလိုက်သလို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်ကိုလည်း ရာထူးမှ နုတ်ထွက်ခွင့် ပြုလိုက်ခြင်းဖြစ်သည်။

Aye Chan Mon Credit To: Mizzima - News in Burmese
http://www.ayechanmon-news1.com/

Post a Comment

 
Top