မော်လမြိုင်မြို့ ရွှေမြင့်မိုရ်ထွန်း ဟိုတယ်၌ ပြုလုပ်မည့် မွန်ပြည်သူ့ဖိုရမ် ဆွေးနွေးပွဲမှ ထွက်ပေါ်လာသော ရလဒ်များကို မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုက်ရိုက် ဖြေရှင်းသွားမည် ဖြစ်ကြောင်း မွန်ပြည်သူ့ဖိုရမ် ကျင်းပရေး ကော်မတီအဖွဲ့ဝင် ဦးကိုကိုဇော်က ပြောကြားသည်။
မြန်မာပြည်သူ့ဖိုရမ် (MPF) ၏ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ယင်းဆွေးနွေးပွဲကို သုံးရက်တိုင် ကျင်းပမည်ဖြစ်ရာ၊ မွန်ပြည်နယ်အခြေစိုက် လူမှုအဖွဲ့အစည်းများနှင့် အရပ်ဘက်ကော်မတီ အဖွဲ့ဝင် ၁၅၀ ခန့် တက်ရောက်မည် ဖြစ်ကြောင်း၊ ဆွေးနွေးပွဲ ရလဒ်များကို ဖိုရမ်နောက်ဆုံးနေ့ ဖြစ်သည့် ဇွန်လ ၂၇ ရက်နေ့တွင် အရပ်ဘက် အဖွဲ့အစည်းများနှင့် အစိုးရအဖွဲ့များ မျက်နှာချင်းဆိုင် ဆွေးနွေးဖြေရှင်းနိုင်ရန် စီစဉ်ထားသည်ဟု ၎င်းက ပြောဆိုသည်။
ဆွေးနွေးပွဲအတွင်း ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို အဓိက ဆွေးနွေးမည် ဖြစ်ပြီး ပြည်သူများနှင့် အရပ်ဘက် အဖွဲ့အစည်းများ၏ အခန်းကဏ္ဍများကိုလည်း ထည့်သွင်း ဆွေးနွေးမည်ဟု ဖိုရမ်ကျင်းပရေး ကော်မတီဝင်က ရှင်းပြသည်။
“ဒါကောင်းတဲ့အချက်ပဲ၊ ကျွန်တော်တို့ဆီကို ဖိုရမ်အစီအစဉ်ကို ကြိုတင် အကြောင်းကြားထားပေးရင် ပိုကောင်းတာပေါ့။ သူတို့ ဆွေးနွေးခဲ့တဲ့ အချက်ပေါ်မှာ ကြည့်ပြီး အစိုးရဘက်က ဘယ်လို ဖြေရှင်းပေးရလဲ၊ ဘယ်လို ညှိနှိုင်းပေးရမလဲ ဆိုတာ ဆက်လုပ်နိုင်မယ်” ဟု မွန်ပြည်နယ် လူမူရေးဝန်ကြီး ဒေါက်တာလှဦးက ပြောဆိုသည်။
မွန်ပြည်သူ့ဖိုရမ်က ဆွေးနွေး အကြံပြုချက်များကို မွန်ပြည်နယ် အစိုးရအပြင် မွန်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များထံသို့လည်း ပေးပို့မည် ဖြစ်ကြောင်း မြန်မာပြည်သူ့ဖိုရမ် ကျင်းပရေး ကော်မတီဝင် ဦးကျော်လင်းဦးက ပြောကြားသည်။
Aye Chan Mon Credit To: The Voice Weekly
http://
Post a Comment