0

Published on: June 23, 2014
Written by: စိုးမင်းထိုက်

ရခိုင်ပြည်နယ်၌ ရခိုင်လူမျိုးများနေ ပျော်လာရန်အတွက် အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် အခြေအနေ တစ်ရပ်ရပ်ကို ဖန်တီးဆောင်ရွက်ပေးရန် နိုင်ငံတော်အစိုးရကို တိုက်တွန်းကြောင်း အဆိုအား ကန့်ကွက်သူ မရှိသည့်အတွက် အမျိုးသားလွှတ်တော်တွင် ဆွေးနွေးရန် သဘောတူခဲ့ကြောင်း သိရသည်။

ဇွန် ၂၃ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော်တွင် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် ၁၂ မှ ဦးလှဆွေက တင်သွင်းခဲ့ခြင်းဖြစ်ပြီး ကန့်ကွက်သူမရှိ သဘောတူခဲ့ခြင်း ဖြစ်သည်။

ဦးလှဆွေက “ရခိုင်ပြည်နယ်မှာ အလုပ်အကိုင် ရှားပါးတဲ့အတွက် ရခိုင်လူမျိုးတွေဟာ ဒေသကိုစွန့်ခွာမှုတွေ များလာတယ်။ ဒီလိုအချိန်မှာ လစ်လပ်သွားတဲ့ နေရာတွေမှာ ၀င်ရောက်လာတဲ့ အီလီယံတွေဟာ ကြောက်ခမန်းလိလိ တိုးပွားလျက်ရှိနေပါတယ်။ နေရပ်စွန့်ခွာကြတဲ့နေရာမှာ အခြားဒေသတွေမှာ မသိသာပေမယ့် ရခိုင်ပြည်နယ် အတွက်တော့ သိသာလှပါတယ်။ အချို့ရခိုင်ရွာတွေဆိုရင် ရခိုင်နာမည်သာရှိပြီး ရခိုင်လူမျိုးအိမ်ထောင်စု မရှိတော့တဲ့ရွာတွေ အများအပြား ရှိနေပါတယ်။ အဓိကကတော့ အလုပ်အကိုင်ရှားပါး မှုကြောင့်ပါ” ဟု ပြောကြားသည်။

နေရပ်ဒေသ စွန့်ခွာကြခြင်းမှာ အလုပ်အကိုင် အခွင့်အလမ်းမရှိခြင်း၊ အရင်းအနှီးမရှိခြင်း၊ နည်းပညာ တတ်ကျွမ်းမှုမရှိခြင်း များကြောင့်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်တွင် တောင်ကုတ်၊ မာန်အောင်ဒေသများသာ တောင့်ခံနိုင်ကြောင်း၊ ရခိုင်ပြည်နယ်၏ ရှည်လျားလှသည့် ကမ်းရိုးတန်းတစ်လျှောက်တွင် အီလီယံများသည် လူဦးရေထူထပ်စွာ တိုးပွားလျက်ရှိကြောင်း ဦးလှဆွေက ပြောကြားသည်။

အဆိုပါကိစ္စများအား လယ်ယာမြေများ ဖော်ထုတ်ပေးရုံဖြင့် မရနိုင်ကြောင်း၊ စက်ရုံအလုပ်ရုံများ ထူထောင်ပေးခြင်း၊ ၀င်ငွေကောင်းသည့် လုပ်ငန်းများ ထူထောင်ပေးခြင်း၊ အထူးချေးငွေများ ထုတ်ချေးပေးခြင်းများ ဆောင်ရွက်ပေးသင့်ကြောင်း၊ ရခိုင်ပြည်နယ်တွင် မြေရှားသတ္တုသိုက်များ ရှိသည့်အတွက် ဒေသခံများအား လုပ်ကိုင်ခွင့်များ ပေးသင့်ကြောင်း ဆွေးနွေးခဲ့သည်။

ဆက်လက်ပြီး ဦးလှဆွေက “ကျယ်ပြောလှတဲ့ ကမ်းရိုးတန်းတစ်လျှောက်မှာ ဟိုတယ်ဇုန်တွေ တည်ထောင်ပေးသင့်ပါတယ်။ ရခိုင်တိုင်းရင်းသားတွေကို ဟိုတယ်ဇုန်တွေ၊ စက်မှုဇုန်တွေ တည်ထောင်ပေးပြီး လုပ်ကိုင်ခွင့်ပြုသင့်ပါတယ်။ နိုင်ငံခြားခရီးသွားနည်းပါးတဲ့ နေပြည်တော်မှာ ဟိုတယ်ဇုန်တွေအများကြီး တည်ထောင်ထားတယ်။ တစ်ရက်နှစ်သောင်း၊ သုံးရက်တည်းပါက တစ်ရက်အခမဲ့ဆိုပြီး ကြေညာထားတာ တွေ့ရတယ်။ နိုင်ငံခြားသား ၀င်ရောက်မှုရှိတဲ့နေရာတွေမှာ တည်ထောင်ပေးသင့်ပါတယ်” ဟု ပြောကြားသည်။

ယင်းကဲ့သို့ ဆောင်ရွက်ပေးပါက ရခိုင်ပြည်နယ်မှ ဒေသခံများသည် နေရပ်စွန့်ခွာမှု နည်းပါးလာမည်ဖြစ်ကြောင်း၊ လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ ရေကြောင်းကိုသာ အားထားရမှုမှ လေယာဉ်၊ ရထား၊ ကားလမ်းများကို ပိုမိုဖောက်လုပ်ပေးသင့်ကြောင်း ဆွေးနွေးခဲ့သည်။

လက်ရှိတွင် ချင်းပြည်နယ်သည် ဆင်းရဲနွမ်းပါးမှု အဆိုးဆုံးဆိုသော်လည်း ရခိုင်ပြည်နယ်ကဲ့သို့ ပြဿနာမျိုးများ မရှိကြောင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရှိလာပါက ရခိုင်မြေကို ပြန်လည်အခြေချလာ ကြမည်ဖြစ်ကြောင်း၊ နယ်စပ်ဒေသများတွင် စီးပွားရေးမဖွံ့ဖြိုးပါက စွန့်ခွာသူများသည့်အတွက် လူမျိုးအမျိုခံရသည့် ဖြစ်စဉ်များ ကမ္ဘာပေါ်တွင်ရှိခဲ့ကြောင်း ပြောကြားသည်။

၁၉၈၂ ဥပဒေအရ အကျုံးဝင်သည့်ဒေသတွင် ဘိုးစဉ်ဘောင်ဆက် နေထိုင်လာသည့် ဘင်္ဂါလီများကို ထပ်မံဝင်ရောက် လာသူများနှင့် ခွဲခြားနိုင်ရန် မြန်မာလိုက်ဇေးရှင်းလုပ်ပေးရန် လိုအပ်ကြောင်း၊ ကျောင်းများတွင် မသင်မနေရ စာသင်စေခြင်း၊ ဘင်ခရာအဖွဲ့များ၊ ပြည်မကကျောင်းသူများကဲ့သို့ ဘင်္ဂါလီ မိန်းမပျိုများအား သင်တန်းဖွင့်လှစ်ပေးခြင်းများ ဆောင်ရွက်ပေးသင့်ကြောင်း၊ ဒေသခံစစ်စစ်များသည် ဘင်္ဂလားဒေ့ရှ်မှ ခိုးဝင်လာသူများနှင့် သဟဇာတမရှိကြောင်း၊ ယင်းတို့အတွက် မြန်မာလိုက်ဇေးရှင်း အစီအမံများ ဆောင်ရွက်ပေးသင့်ကြောင်း၊ သို့မှသာ အခြားမှဝင်လာသူများနှင့် ခွဲခြားနိုင်မည်ဖြစ်ကြောင်း ဦးလှဆွေက ပြောကြားသည်။

Aye Chan Mon Credit To: Eleven Media Group
http://www.ayechanmon-news1.com/

Post a Comment

 
Top