0
    Sunday, 22 June 2014

“အများအတွက် လူဖြစ်ရခြင်းကသာ ကျွန်မအတွက် နေပျော်တဲ့ဘဝ ဖြစ်ပါတယ်။ ကျွန်မအသက်ရှင်နေသရွေ့၊ ကျန်းမာနေသရွေ့ ပရဟိတနဲ့ လူမှုရေး လုပ်ငန်းတွေထဲမှာပဲ ဘဝကို နှစ်မြှုပ်နေချင်ပါတယ်” ဟုဆိုလာသူမှာ ပြည်ပရောက် မြန်မာလူမျိုးများက ရွေးချယ်ပေးအပ်သည့် ပြည်သူ့ဂုဏ်ရည်ဆုကို ၂၀၁၄ ခုနှစ်တွင် ရရှိခဲ့သူ၊ ပရဟိတ လုပ်ငန်းများစွာကို စွမ်းစွမ်းတမံ အောင်မြင် အောင်ဆောင်ရွက်နိုင်ခဲ့သူ၊ ဘဝ၏အချိန်နာရီ နေ့ရက်များအား လူသားများကို ကူညီဖို့အတွက် အကျိုးရှိစွာ အသုံးချနေသူ၊ တစ်နည်းဆိုရသော် နှလုံးသားလှသည့် လူသားတစ်ဦးဖြစ်သူ၊ ထိုသူမှာ စာရေးဆရာမ သန်းမြင့်အောင် ဖြစ်သည်။

သူ့ကို မွန်ပြည်နယ် သထုံခရိုင် ကျိုက်ထိုမြို့၌ သာမန် လက်လုပ်လက်စား မိဘနှစ်ဦးမှ မွေးဖွားခဲ့သည်။ ဖခင်ဖြစ်သူ ဓာတ်ပုံဆရာမှာ စာအလွန်ဖတ်သူ ဖြစ်ပြီး သားသမီးများကိုလည်း စာပေကို ချစ်မြတ်နိုးအောင် လေ့ကျင့်ပျိုးထောင် ပေးခဲ့သည်။ ငယ်စဉ် ကလေးဘဝက သူ့အတွက် အကောင်းဆုံး အဖော်မွန်များမှာ ဖခင်ဖြစ်သူ စာအုပ်စင်မှ စာအုပ်များပင် ဖြစ်သည်။ လူငယ်ဘဝတွင် ဖတ်ရှုခဲ့သော ရသစာပေများက ကိုယ်ချင်းစာစိတ်၊ ကိုယ်ကျိုးစွန့်ပြီး အများအကျိုးအတွက် ဆောင်ရွက် ပေးချင်စိတ်များ ဖြစ်ပေါ်လာအောင် တွန်းအားပေးခဲ့သည်။ မိခင်ဖြစ်သူမှာ ဈေးသည်တစ်ယောက် ဖြစ်ပြီး ကိုယ်တိုင်က မချမ်းသာသော်လည်း ပတ်ဝန်းကျင်တွင် မိမိထက် ဆင်းရဲနိမ့်ကျပြီး အခက်အခဲများ ကြုံတွေ့နေရသည့်သူများကို အမြဲကူညီပေးတတ်သူ ဖြစ်သည်။ ဖခင်ဆီမှ ရရှိခဲ့သည့် စာဖတ်ခြင်းအမွေ၊ မိခင်ဆီမှ လူတစ်ဖက်သားကို ကူညီချင်သည့်စိတ်နှင့် ကြင်နာတတ်သည့် နှလုံးသားများကို ရခဲ့ခြင်းက ပရဟိတသမားတစ်ယောက် ဖြစ်လာစေဖို့ အခြေခံ တွန်းအားများ ဖြစ်သည်ဟု သူက ဆိုပါသည်။

ပရဟိတ လုပ်ငန်းများကို သူစတင် လုပ်ကိုင်ရာတွင် အသင်းအဖွဲ့တစ်ခုတွင် ပါဝင်၍ လုပ်ဆောင်ခဲ့ခြင်းတော့ မဟုတ်။ လူမှုပတ်ဝန်းကျင်တွင် အတိဒုက္ခ ရောက်နေသူများကို သူတတ်နိုင်သမျှ အတိုင်းအတာ အတွင်းမှ တစ်ပိုင်တစ်နိုင် ကူညီပေးခဲ့ခြင်း ဖြစ်သည်ဟု သူကဆိုပါသည်။ လူမှုဝန်ထမ်းဌာန၊ အမျိုးသမီးလေးများ သင်တန်းကျောင်းတွင် နေထိုင်နေရသော မိဘမဲ့ မိန်းကလေးများ၊ ပြစ်ဒဏ်ကျခံနေရသည့် မိန်းကလေးများကို အသက်မွေးဝမ်းကျောင်း လက်မှု ပညာတစ်ခု တတ်မြောက်အောင် သူတတ်ကျွမ်းသည့် စက်ချုပ်ပညာဖြင့် သုံးလကြာ အခမဲ့ သွားရောက် သင်ကြားပေးသော အခါကျမှသာ အဖွဲ့အစည်းတစ်ခုနှင့် ပူးပေါင်း၍ ပရဟိတ လုပ်ငန်းတစ်ခုကို သူစတင် လုပ်ဆောင်ခဲ့ဖူးခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် အနာကြီးရောဂါသည် လူနာများ၏ လူမှုဘဝရှင်သန် ရပ်တည်ရေးအတွက် အကူအညီပေးသော လုပ်ငန်းများတွင် သူပါဝင်ဆောင်ရွက်ခဲ့သလို၊ စိတ်ရောဂါ အထူးကုဆေးရုံကြီးတွင် စိတ်ကုထုံးသစ် ရှာဖွေရေးအတွက် ဆောင်ရွက်မှု များတွင်လည်း ပါဝင်ခဲ့ဖူးသည်ဟု သူက ဆိုပါသည်။

တက္ကသိုလ်ဝင်တန်း ကလေးငယ်များ၏ ပညာရေးအတွက် အခမဲ့ ပညာသင်ကြားပေးသည့် အောင်မြေပညာဒါန ကျောင်းကို ၂၀၀၀ ပြည့်နှစ်တွင် သင်္ဃန်းကျွန်းမြို့နယ်ရှိ ကြီးပွားရေး ရပ်ကွက်၌ မောင်ဖြစ်သူ ဦးစိုးမင်းနှင့်အတူ သူစတင်တည်ထောင်ခဲ့သည်။ စာပေလောကမှ သူနှင့် ခင်မင်ရင်းနှီးသည့် ကျောင်းဆရာများက ပညာဒါနကျောင်းတွင် အချိန်ပိုင်း စာသင်ကြားပေးခြင်းဖြင့် ပံ့ပိုးကူညီပေးကြသည်။ အောင်မြေပညာ ဒါနကျောင်းကို သူနှင့်အတူ တည်ထောင်ခဲ့သည့် မောင်ဖြစ်သူ ဦးစိုးမင်းမှာ ၂၀၀၈ ခုနှစ်က ကွယ်လွန် သွားခဲ့သည့်အတွက် လက်ရှိတွင် သူတစ်ဦးတည်း ဆက်လက်ဦးစီး ဆောင်ရွက်လျက် ရှိသည်။

“ဆင်းရဲနွမ်းပါးတဲ့ ကလေးငယ်တွေရဲ့ ပညာရေးကို ကူညီပေးချင်တဲ့ ကျွန်မမောင်လေး ကိုစိုးမင်းက ဒီကျောင်းလေးကို ကျောင်းသားရှစ်ယောက်နဲ့ ၂၀၀၀ ပြည့်နှစ်က စခဲ့တာပါ။ ကျွန်မကတော့ သူလိုအပ်တာတွေ ကူညီပေးဖို့အတွက် ပူးပေါင်း ပါဝင်ပေးခဲ့ရာကနေ သူမရှိတော့ပေမယ့်လည်း အခုချိန်အထိ ဆက်လုပ် ဖြစ်နေတာပါ။ ဆယ်တန်းအောင်ခြင်း၊ ရှုံးခြင်းဟာ လူငယ်တစ်ယောက်ရဲ့ အနာဂတ်ကို ပြဋ္ဌာန်းတဲ့အတွက် လူငယ်တွေပညာနဲ့ ဘဝကို ရပ်တည်နိုင်ဖို့အတွက် ကျွန်မတို့က ဆယ်တန်းကျောင်းသားတွေကိုပဲ ဦးစားပေးပြီး သင်ပေးနေတာပါ” ဟု သူက ပြောပြသည်။

ပရဟိတသမား တစ်ယောက်အဖြစ် လူအများ သူ့ကို အသိအမှတ် ပြုလာခဲ့ကြသည်မှာ နာရေးကူညီမှု အသင်းတွင် အဖွဲ့ဝင်တစ်ယောက်အဖြစ် ပါဝင်ခဲ့ရာမှ စတင်ခဲ့ခြင်း ဖြစ်သည်။ နာရေးကူညီမှု အသင်းကို စတင်တည်ထောင်ရန် စိတ်ကူးရခဲ့သူမှာ စာရေးဆရာကြီး ဦးသုခ ဖြစ်သည်ဟု သူကဆိုပါသည်။ ဆရာကြီး၏ တိုက်တွန်းမှုကြောင့်သာမက ကိုယ်တိုင်က အများအကျိုးအတွက် ဆောင်ရွက်ချင်သည့် စိတ်ဓာတ်များကြောင့် နာရေးကူညီမှုအသင်း စတင်တည်ထောင်သည့် ၂၀၀၁ ခုနှစ်တွင် အဖွဲ့ဝင် တစ်ယောက်အဖြစ် သူပါဝင်ခဲ့ပြီး လက်ရှိအချိန်တွင် ဒုတိယဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပေးလျက် ရှိသည်။

နာရေးကူညီမှုအသင်း စတင်တည်ထောင်စ ကာလတွင် လူအများ၏ အယူမှား၊ အစွဲမှားများကို ချေဖျက်နိုင်အောင် ကြိုးစားခဲ့ရသလို နာရေးကူညီသည့်အလုပ်မှာ ပရဟိတအလုပ် ဖြစ်သော်လည်း နိုင်ငံရေးလုပ်သည့်ပမာ အထင်အမြင် လွဲမှားနေသည့် အာဏာပိုင်များ၏ ပိတ်ပင် တားဆီးမှုများကို ကြုံတွေ့ခဲ့ရပြီး တရားမဝင် အသင်းအဖြစ်လည်း ကြေညာ ခံခဲ့ရဖူးသည်ဟု သူကပြောပြသည်။ ကြုံတွေ့လာသော အခက်အခဲများကို မှန်ကန်သော ရပ်တည်ချက်နှင့် ကြံ့ခိုင်သည့် စိတ်ဓာတ်များဖြင့် ကျော်ဖြတ်ခဲ့ခြင်းကြောင့်သာ နာရေးကူညီမှု အသင်းမှာ ယခုအချိန်အထိ ရပ်တည်နိုင်နေခြင်း ဖြစ်သည်ဟု သူကဆိုသည်။

“အာဏာပိုင်တွေအနေနဲ့ ကျွန်မတို့အဖွဲ့ကို ထောက်ပြ တားဆီးနိုင်စရာ အချက်တွေ မရှိဘူး။ ကျွန်မတို့ နာရေးကူညီမှုအသင်းက အဖွဲ့ဝင်တွေက ငွေကြေးပိုင်းအရ၊ စာရင်းအင်းပိုင်းအရ အရှုပ်အရှင်းတွေ ရှိခဲ့ရင်ဖြစ်စေ၊ လူမှုရေး ဖောက်ပြန်တာမျိုးတွေရှိ ရင်ဖြစ်စေ၊ အများအကျိုးအတွက် ဆောင်ရွက် နေပါတယ်ပြောပြီး၊ ပရဟိတ လုပ်နေပါတယ်လို့ ခုတုံးလုပ်ပြီး ကိုယ်ကျိုးအတွက် ဆောင်ရွက်ခဲ့ရင် ဒီအဖွဲ့အစည်းက အခုချိန်အထိ အောင်မြင်မှာလည်း မဟုတ်ဘူး။ အဲဒီလိုအချက်တွေ မရှိခဲ့တဲ့အတွက် ကျွန်မတို့ အဖွဲ့ဝင်တွေက ဘယ်မှတ်ကျောက်နဲ့ပဲ လာတိုက်တိုက် အစမ်းသပ်ခံနိုင်တယ်” ဟု သူကပြောပြသည်။

မိခင် ဖြစ်နေသည့်အတွက် မိဘမဲ့ ကလေးငယ်များကို သားသမီးချင်း စာနာစိတ်ဖြင့် သူအမြဲ ကူညီပေးလေ့ရှိသည်။ ဘုန်းတော်ကြီး၊ သီလရှင်သင် ပရဟိတကျောင်းများနှင့် လူမှုဝန်ထမ်း ဂေဟာများတွင် နေထိုင်နေရသော မိဘမဲ့ ကလေးငယ် များကိုလည်း စိတ်ဓာတ်ပိုင်းဆိုင်ရာအရ နှစ်သိမ့်ပေးသည့် အနေနှင့် အားလပ်သည့် အခါများတွင် သွားရောက်၍ ပုံပြင်ပြောပြခြင်း၊ ကဗျာများ သင်ပေးခြင်းတို့ကို သူပြုလုပ်ပေးလေ့ ရှိသည်။ ရင်းနှီးသူမိတ်ဆွေများက သူ့ထံသို့ လာရောက် ပို့ဆောင်သော မိဘမဲ့ကလေးများ၊ နယ်မြို့များသို့ စာပေဟောပြောပွဲများ သွားသည့်အခါတွင် တွေ့ရှိခဲ့ရသော မိဘမဲ့ ကလေးငယ်များကို ရန်ကုန်သို့ ခေါ်ဆောင်လာခဲ့ပြီး အရွယ်အလိုက် သင့်တော်သည့် မိဘမဲ့ဂေဟာများသို့ သူပို့ဆောင်ပေးလေ့ ရှိသည်။

သူ့ထံသို့ မိတ်ဆွေများမှတစ်ဆင့် လာရောက် အပ်နှံသည့် မိဘမဲ့ ကလေးငယ်များထဲတွင် HIV ပိုး ကူးစက်ခံနေရသော ကလေးငယ်တစ်ဦး ပါဝင်လာခဲ့သည်။ သာမန်မိဘမဲ့ ကလေးငယ်များကို ဂေဟာများက လက်ခံသော်လည်း HIV ပိုးရှိသည့် ကလေးငယ် တစ်ယောက်ကို ပြုစုစောင့်ရှောက်ဖို့မှာ တာဝန်ကြီးမားသည့်အတွက် လက်မခံနိုင်ကြသောကြောင့် သူပြန်ပို့ခဲ့ရသည်။ ယင်းအချိန်ကာလက မြန်မာလူမှု အသိုင်းအဝိုင်းတွင် HIV ရောဂါပိုးနှင့်ဆိုင်သည့် အသိပညာ ဗဟုသုတများ နည်းပါးသေးသည့်အတွက် ကလေးငယ်မှာ ခွဲခြားဆက်ဆံခံရခြင်း၊ လိုအပ်သည့် ပြုစုစောင့်ရှောက်မှုများ မရရှိခြင်းတို့ကြောင့် ဆုံးပါးသွားခဲ့ရသည်ဟု သူက ဝမ်းနည်းစကား ဆိုသည်။

ယင်းဖြစ်ရပ်ကြောင့် HIV ပိုးကူးစက်ခံနေရသော ကလေးငယ်များကို ပြုစုစောင့်ရှောက် ပေးနိုင်သည့် ဂေဟာတစ်ခုကို တည်ထောင်ရန် သူဆန္ဒပြင်းပြ လာခဲ့သည်။ သူနှင့် ခင်မင်ရင်းနှီးသည့် စာရေးဆရာမ ဂျူး၊ စာရေးဆရာမ စုထားတို့ကို သူ၏ဆန္ဒအား ဖွင့်ဟတိုင်ပင် ဖြစ်ခဲ့သည်။ စာပေလောကမှ ခင်မင်ရင်းနှီးသည့် မိတ်ဆွေများ၊ စာနယ်ဇင်းလောကမှ မိတ်ဆွေများနှင့် ပူးပေါင်း၍ HIV ပိုး ကူးစက်ခံ ကလေးငယ်များကို ပြုစုစောင့်ရှောက်ပေးမည့် သုခရိပ်မြုံဂေဟာကို ၂၀၀၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ ယင်းဂေဟာကို မွန်မြတ်သည့် ရည်ရွယ်ချက်ဖြင့် စတင်တည်ထောင် ခဲ့သော်လည်း ငွေကြေးမရှိဘဲ စတင်လုပ်ကိုင်ခဲ့ရသည့်အတွက် အခက်အခဲများစွာ တွေ့ခဲ့ရသည်ဟု သူကပြောပြသည်။

သုခရိပ်မြုံဂေဟာအတွက် ကိုယ်ပိုင်အဆောက်အအုံ မရှိသည့်ကာလတွင် မိတ်ဆွေတစ်ဦး ဖြစ်သည့် ဒေါ်မိုးသူလေး ပိုင်ဆိုင်သော သန်လျင်ရှိခြံတွင် ကလေးငယ်များကို ထားခဲ့ရသည်။ စာပေမိတ်ဆွေများ ဖြစ်သည့် ကဗျာဆရာစောဝေနှင့် ကဗျာဆရာ အောင်ဝေးတို့က သုခရိပ်မြုံဂေဟာ တည်ထောင်နိုင်ရေးအတွက် အနုပညာရှင်များ၊ စာရေးဆရာများ၊ ကဗျာဆရာများ ပါဝင်သည့် အဖြူရောင်သက်တံ အမည်ရှိ ကဗျာရွတ်ဆိုပွဲကို ရန်ကုန်နှင့် မန္တလေးမြို့များတွင် ပြုလုပ်ပြီး ရန်ပုံငွေ ရှာဖွေပေးခဲ့သည်။ စေတနာရှင်များနှင့် မိတ်ဆွေများ၏ အလှူငွေများ၊ အဖြူရောင်သက်တံ ကဗျာရွတ်ဆိုပွဲများမှ ရရှိသည့် ငွေကြေးများဖြင့် သုခရိပ်မြုံ ဂေဟာအတွက် ကိုယ်ပိုင် အဆောက်အအုံ တစ်ခုကို တည်ဆောက်နိုင်ခဲ့ပြီး HIV ပိုးကူးစက်ခံ ကလေးငယ်များကို အဆင်ပြေစွာ ပြုစုစောင့်ရှောက် နိုင်ခဲ့သည်ဟု သူကဆိုသည်။

နာရေးကူညီမှုအသင်းနှင့် နာရေးပေါင်း များစွာကို လိုက်လံကူညီပေးရာမှ ရင်နင့်စရာ၊ ကြေကွဲစရာ အဖြစ်အပျက်များစွာကို သူတွေ့ခဲ့ရဖူးသည်။ ကျူးကျော်ရပ်ကွက် တစ်ခုတွင် သူသွားရောက် ကူညီပေးခဲ့သော နာရေးဖြစ်ရပ်တစ်ခုက ဆည်းဆာရိပ် ဂီလာန ဘိုးဘွားရိပ်သာ တစ်ခုကို တည်ထောင်ချင်စိတ် ပေါ်လာအောင် စေ့ဆော်ပေးခဲ့သည်။ ယင်းနာရေးမှာ အသက် ၈၀ အရွယ် လေဖြတ်နေသည့် ဆီးဝမ်းမနိုင်သော အမေအိုကြီးကို ပြုစုစောင့်ရှောက်နေသော အသက် ၅၀ အရွယ် တစ်ဦးတည်းသောသား လူပျိုကြီး၏ နာရေးဖြစ်သည်ဟု သူက ဖွင့်ဟသည်။

“ပြုစုစောင့်ရှောက်နေတဲ့ သားလူပျိုကြီး သေဆုံးသွားလို့ တစ်ယောက်တည်း ကျန်ခဲ့တဲ့ အမေအိုကြီးက အဲဒီနာရေးမှာ ဆီးတွေ၊ ဝမ်းတွေ အလိမ်းလိမ်း ဖြစ်နေတာကို ကြည့်ပြီး ကျွန်မတော်တော် စိတ်မကောင်း ဖြစ်ရတယ်။ အိမ်နီးနားချင်းတွေက ဒီအမေအိုကြီးကို ခေါ်သွားပြီး ပြုစုစောင့်ရှောက်ပေးဖို့ ကျွန်မကို ထိုးထည့်ကြတယ်။ ဒါပေမဲ့ ကျွန်မမှာကလည်း ထားစရာနေရာ မရှိတဲ့အတွက် ခေါ်မလာနိုင်ခဲ့ဘူး။ နေစရာရှိရင် ပြန်လာခေါ်မယ်လို့ ပြောပြီး ထားခဲ့ရတယ်” ဟု သူကပြောကြားသည်။

သက်ကြီးရွယ်အိုများကို ဘိုးဘွားရိပ်သာများက လက်ခံပြုစု စောင့်ရှောက် ပေးကြသော်လည်း ဂီလာန ဘိုးဘွားများကို လက်ခံဖို့အတွက်မှာ ဝန်ထမ်းအင်အား မလုံလောက်သည့် အတွက်ရော၊ ဂီလာန ဘိုးဘွားများ၏ ကျန်းမာရေးနှင့် တစ်ကိုယ်ရေ သန့်ရှင်းရေးကို ဆောင်ရွက်ပေးဖို့အတွက် အဆင်မပြေနိုင်သောကြောင့် လက်မခံကြသလို၊ ပြည်သူ့ဆေးရုံများသို့ သွားတင်သော အခါတွင်လည်း လူနာရှင် မရှိသည့်အတွက် ဂီလာန ဘိုးဘွားများကို လက်မခံကြသည်က များသည်ဟု သူကဖွင့်ဟသည်။ ဘဝနေဝင်ချိန်တွင် ကူညီစောင့်ရှောက်မည့်သူ မရှိဘဲ ခိုကိုးရာမဲ့နေသည့် ဂီလာန ဘိုးဘွားများကို ကြည့်ပြီး ခံစားရသော သနားကြင်နာမှု၊ ဝမ်းနည်းမှုများက တွယ်ရာမဲ့ ရှင်သန်ကျန်ရစ်သူများ အမည်ရှိ၊ ဂီလာန ဘိုးဘွားများအကြောင်း ဝတ္ထုတိုတစ်ပုဒ်ကို ကလျာမဂ္ဂဇင်းတွင် ရေးသား ဖြစ်စေခဲ့သည်။ ဘိုးဘွားများကြောင့် ခံစားနေရသော သူ၏ ရင်တွင်းခံစားမှုများကို မိတ်ဆွေများနှင့် တိုင်ပင်ဖြစ်ခဲ့ရာမှစပြီး ဆည်းဆာရိပ် ဂီလာန ဘိုးဘွားရိပ်သာကို အကောင်အထည် ဖော်ဖြစ်ခဲ့သည်ဟု သူကဆိုသည်။

စာပေလောကမှ မိတ်ဆွေများ၊ ပရဟိတ လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ရင်း ခင်မင်ခဲ့ရသော လုပ်ဖော်ကိုင်ဖက်များ၏ ကူညီမှုနှင့် ဆည်းဆာ ရိပ်ဂီလာန ဘိုးဘွားရိပ်သာကို ၂၀၁၀ ပြည့်နှစ်တွင် သူစတင် တည်ထောင်ခဲ့သည်။ လက်ရှိ တည်ဆောက်ထားသော ဂေဟောမှာ သိပ်မကြီးသည့်အတွက် ဘိုးဘွား ၅၀ ဦးကိုသာ လက်ခံနိုင်သေးပြီး စေတနာ ရှင်ပြည်သူများ၏ အလှူငွေများဖြင့် တည်ဆောက်နေသော လေးထပ်ဆောင်ဂေဟာ ပြီးစီးသော အချိန်မှသာ ဂီလာန ဘိုးဘွားများကို ပိုမိုလက်ခံနိုင်မည် ဖြစ်ကြောင်း သူကဖွင့်ဟသည်။

ပရဟိတ ဆိုသည်မှာ အများကောင်းကျိုးကို ဆောင်ရွက်ခြင်း ဖြစ်သည့်အတွက် တစ်ဦးတစ်ယောက်ခြင်းဖြစ်စေ၊ အဖွဲ့အစည်းနှင့်ဖြစ်စေ ပရဟိတ လုပ်ငန်းများ လုပ်ကိုင်ကြခြင်းကို ချီးကျူး ဂုဏ်ပြုလိုကြောင်း သူကဆိုသည်။ အစိုးရသစ် လက်ထက်၊ တိုင်းပြည် အကူးအပြောင်းကာလတွင် ပေါ်ပေါက်လာသော ပရဟိတ အဖွဲ့အစည်း အသီးသီးတွင် ပါဝင် ဆောင်ရွက်နေသော လူငယ်များကို အရည်အချင်းများ ပိုမို မြင့်မားလာစေရန်နှင့် ပရဟိတ လုပ်ငန်းများကို ပိုမိုတွင်ကျယ်စွာ လုပ်ဆောင်နိုင်ရန်အတွက် နယ်ပယ်အသီးသီးမှ ကျွမ်းကျင် ပညာရှင်များ၏ အသိအမြင် အတွေးအခေါ်များကို ရရှိစေဖို့ရာ ၂၀၁၀ ပြည့်နှစ်တွင် အောင်ဖောင်ဒေးရှင်း၊ လူမှုဝန်းကျင်နှင့် ပရဟိတ သင်တန်းကျောင်းကို မြောက်ဒဂုံ (၄၇) ရပ်ကွက်တွင် စတင်တည်ထောင်ခဲ့သည်။ ယင်းသင်တန်းကျောင်းတွင် တစ်နိုင်ငံလုံးရှိ ပရဟိတ အသင်းအဖွဲ့များမှ လူငယ်များကို ကျွမ်းကျင် ပညာရှင်များနှင့် ချိတ်ဆက်၍ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်တန်းများ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဘာသာရပ်များ၊ ခေါင်းဆောင်မှုပညာ၊ လူ့အခွင့်အရေး၊ အရပ်ဘက် လူ့အဖွဲ့အစည်းများ၏ လုပ်ငန်းစီမံခန့်ခွဲမှု၊ HIV/AIDS နှင့် ကူးစက်ရောဂါများ ကာကွယ်တားဆီးရေး၊ မီဒီယာနှင့် လူမှုဆက်ဆံရေး၊ အစားအစာနှင့် လူသုံးကုန်ပစ္စည်းများ၏ အန္တရာယ်မှ ဘေးကင်းလုံခြုံရေး၊ သဘာဝသီးနှံနှင့် ဓာတုလျှော့ချ လူသုံးကုန်ပစ္စည်း ထုတ်လုပ်ခြင်း သင်တန်းများကို ပေးလျက်ရှိသည်။

ပရဟိတ လုပ်ငန်းများတွင် စိတ်ရော၊ ကိုယ်ပါ နှစ်မြှုပ်လုပ်ဆောင်နေသော သူ့ကို ၂၀၁၂ ခုနှစ်တွင် မေတ္တာရှင် (ရွှေပြည်သာ) အရှင်ဇဝနက မေတ္တာရှင် စံပြပရဟိတဆုကို ပေးအပ်ခဲ့သလို၊ အမေရိကန်ရောက် မြန်မာလူမျိုးများက ရွေးချယ်သည့် ပြည်သူ့ဂုဏ်ရည် ဆုကိုလည်း ၂၀၁၄ ခုနှစ်တွင် သူရရှိခဲ့သည်။ ပရဟိတ လုပ်ငန်းများကို အကျိုးရလဒ် တစ်စုံတစ်ရာ မျှော်ကိုး၍ လုပ်ကိုင်နေခြင်း မဟုတ်ဘဲ ကိုယ်စိတ်နှစ်ပါး ဆင်းရဲဒုက္ခ ရောက်နေကြသူများ၊ ပူပင်သောကများပြီး ဘဝအတွက် ပူဆွေး၊ ရတက်ပွေ နေရသူများကို မြင်တွေ့ပါက မနေနိုင်သည့်စိတ်ကြောင့် ပါဝင်ကူညီခဲ့ခြင်း ဖြစ်ကြောင်း သူကဖွင့်ဟသည်။

“ပြည်ပရောက် ကျွန်မတို့ မြန်မာလူမျိုးတွေက စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး စတဲ့အကြောင်းအမျိုး မျိုးတွေကြောင့် ကိုယ့်နိုင်ငံနဲ့ဝေးတဲ့ ရေခြားမြေခြားကို ရောက်နေကြပေမယ့် ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးရဲ့ လူမှုအဖွဲ့အစည်းကို မမေ့ဘူးဆိုတာ ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်တဲ့ အစီအစဉ်က သက်သေပြလိုက်တာပါ။ သူတို့ကိုယ်တိုင် ထိထိရောက်ရောက် မလုပ်နိုင်တဲ့ လူမှုဒုက္ခ ဖြေရှင်းမှုတွေအတွက် သူတို့ကိုယ်စား ကျွန်မတို့က လုပ်ပေးနေတယ်လို့ ယူဆပြီး အားပေးဂုဏ်ပြုတဲ့ အနေနဲ့ ပြည်သူ့ဂုဏ်ရည်ဆုကို ချီးမြှင့်ပြီး ကျောထောက် နောက်ခံပြုပေးတာလို့ ကျွန်မယူဆပါတယ်။ အဲဒီအတွက် ဝမ်းသာပီတိ ဖြစ်ရသလို ကျေးဇူးလည်း တင်ပါတယ်” ဟု သူကပြောကြားသည်။

မြန်မာလူမှုအဖွဲ့အစည်းတွင် ပရဟိတလုပ်ငန်းများ လုပ်ကိုင်မည့်သူများ များစွာလိုအပ်သည်ဟု သူကဆိုပါသည်။ ကိုယ်တိုင်လည်း အသက်နှင့် ခန္ဓာမြဲနေသမျှ ပရဟိတ လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်သလို ကိုယ်ကျိုးမဖက် အမြတ်မထုတ်ဘဲ အများကောင်းကျိုးအတွက် ဆောင်ရွက်ပေးမည့် ပရဟိတ စိတ်ဓာတ်ရှိသည့် ရဲဝံ့စွန့်စားသော လူငယ်များ အနာဂတ် မြန်မာနိုင်ငံအတွက် များစွာပေါ်ထွန်း လာစေချင်ကြောင်း သူက ဆန္ဒပြုသည်။

သန့်ဇင်ဦး

Aye Chan Mon Credit To: The Voice Weekly
http://www.ayechanmon-news1.com/

Post a Comment

 
Top