0


ရန်ကုန်၊ ACM Re-Post 4-6-2014

ထိုင်းနိုင်ငံတွင် မဲဆောက်မြို့တွင် ဇွန်လ ၃ ရက်နေ့ နံနက်ပိုင်းက တရားမဝင် နေထိုင်သူ မြန်မာ ၁၆၃ ဦးကို ပထမဆုံးအကြိမ် ဝင်ရောက် ဖမ်းဆီးခံခဲ့ရကြောင်း မဲဆောက်အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီမှ အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

မဲဆောက်မြို့နယ်ရှိ မြန်မာ ရွှေ့ပြောင်း အလုပ်သမား အများစု နေထိုင်သော ဘန်ဆောင်ခွဲ ရပ်ကွက်အတွင်းသို့ ယင်းနေ့ နံနက်ပိုင်းက ထိုင်းနိုင်ငံ အထူးစစ်ဆင်ရေး တပ်ဖွဲ့ဝင်များနှင့်အတူ လူဝင်မှုကြီးကြပ်ရေး၊ မြို့နယ်အုပ်ချုပ်ရေး အဖွဲ့များနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့တို့မှ ဝင်ရောက် စစ်ဆေးရှာဖွေခဲ့ရာ တရားဝင် အထောက်အထားမရှိဘဲ ခိုးဝင်နေထိုင်နေသည့် မြန်မာနိုင်ငံသား အမျိုးသား ၄၉ ဦး၊ အမျိုးသမီး ၅၉ ဦးနှင့် ကလေး ၅၅ ဦး၊ စုစုပေါင်း ၁၆၃ ဦးတို့ကို ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

“လက်ရှိ ထိုင်းစစ်တပ်က နယ်စပ်ဒေသတွေကနေ လက်နက်တွေ ဝင်လာမှာ စိုးရိမ်ပြီး အထူးစစ်ဆင်ရေး အဖွဲ့တွေနဲ့ နေရာအနှံ စစ်ဆေးနေတာ။ မဲဆောက်မှာ အလုပ်လုပ်နေတဲ့ မြန်မာ ရွှေ့ပြောင်းလုပ်သား ငါးသိန်းနီးပါးက တရားဝင် အထောက်အထား မရှိတာ များတယ်။ မဲဆောက်မှာ ထိုင်းစစ်တပ်က ဝင်ဖမ်းဆီးတာ ဒါပထမဆုံးအကြိမ်ပဲ” ဟု ထိုင်းနိုင်ငံအခြေစိုက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ အခွင့်အရေးကွန်ရက်မှ ဦးစိန်ဌေးက ရှင်းပြသည်။

ထိုင်းနိုင်ငံရှိ ရနောင်းခရိုင်တွင် လွန်ခဲ့သော သုံးရက်ခန့် (မေ ၃၁) ရက်က ထိုင်းစစ်တပ်က တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၆၄ ဦးကို ဖမ်းဆီးခဲ့ပြီး ဇွန်လ ၂ ရက်နေ့က ပြန်လွှတ်ပေးခဲ့ကြောင်း၊ ယခုလက်ရှိ ဖမ်းဆီးခံရသူများကို ပြန်လွှတ်ပေးရန် ရွှေ့ပြောင်း အလုပ်သမားများ၏ အခွင့်အရေးကို ကူညီဆောင်ရွက် ပေးနေသော လူမှုအဖွဲ့အစည်းများ ပူးပေါင်းကာ ကူညီ ဆောင်ရွက်ပေးရန် စီစဉ်လျက် ရှိကြောင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ (Myanmar Association in Thailand) မှ အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

“ထက်ဝက်လောက်က အထောက်အထား မရှိတဲ့ အလုပ်သမားတွေ များတယ်။ ခုဖမ်းဆီး စစ်ဆေးရေးတွေ စနေပြီဆိုပေမယ့် မဲဆောက်မှာ ဖမ်းခံရတဲ့ မြန်မာလုပ်သား ၆၀ ကျော်ကို ခဏထိန်းသိမ်းပြီး ပြန်လွှတ်ပေးသလို ဖြစ်ပါစေလို့ မျှော်လင့်ရမှာပဲ” ဟု ၎င်းက ရှင်းပြသည်။

အဆိုပါ တရားမဝင် ဝင်ရောက် နေထိုင်သူ မြန်မာနိုင်ငံသား ၁၆၃ ဦး ဖမ်းဆီးခံရမှုကို မြဝတီခရိုင် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့စုမှ သတင်းရရှိထားသော်လည်း အသေးစိတ် အချက်များကို ထိုင်းနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေး အထူးရဲတပ်ဖွဲ့မှ သတင်းပေးပို့မှု မရရှိသေးကြောင်း ယင်းလူကုန်ကူးမှု တားဆီး နှိမ်နင်းရေး တပ်ဖွဲ့မှ တာဝန်ရှိ အရာရှိတစ်ဦးက ပြောကြားသည်။

Aye Chan Mon Credit To:The Voice Weekly
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top