0

ပြည်သူလူထု ရွေးချယ်တင်မြှောက်ခြင်းမရှိသည့် ကိုယ်စားလှယ်များ လွှတ်တော်ထဲတွင် အရေးကြီးသည့် ကိစ္စရပ်များအပေါ် မဲပေးပိုင်ခွင့်မရှိသင့်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

‘‘လွှတ်တော်ထဲမှာ ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားခြင်းမရှိတဲ့ ကိုယ်စားလှယ်တွေ ပါရင် ပါပါစေ။ ဒါပေမဲ့ အဓိကကျတဲ့ ကိစ္စတွေမှာတော့ မဲပေးပိုင်ခွင့် မရှိသင့်ဘူးလို့ ကျွန်မကတော့ ဒီလိုပဲ သတ်မှတ်တယ်’’ ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ခြင်းဖြစ်သည်။

ဇွန်လ ၂၁ ရက်က ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူမြို့နယ် အားကစားကွင်း၌ ပြုလုပ်ခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ပြင်ဆင်ရေး လူထုဟောပြောပွဲတွင် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ကို ပြင်ဆင်ခြင်းသည် တပ်မတော်အား မုန်းတီး၍ ပြင်ဆင်ခြင်းမဟုတ်ဘဲ တပ်မတော်၏ ဂုဏ်သိက္ခာအတွက် ငဲ့ကာ ပြုပြင် ပြောင်းလဲလိုခြင်းဖြစ်ကြောင်း၊ တပ်မတော်သား ကိုယ်စားလှယ် များအနေဖြင့် မယူထားသင့်သည့် အခွင့်အရေးကို မယူစေလို၍ ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည် က ထည့်သွင်းပြောကြားခဲ့သည်။

လက်ရှိလွှတ်တော်တွင် တပ်မတော်သား ၂၅ ရာခိုင်နှုန်းကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်ထားပြီး ဆန္ဒမဲပေးခွင့် ရရှိထားသည်။

လွှတ်တော်ကိုယ်စားလှယ်ဆိုသည်မှာ ပြည်သူကို ကိုယ်စား ပြုသည့်အတွက် ပြည်သူကို ကိုယ်စားပြုသော မဲပေးခြင်းမျိုးသာ ဖြစ် သင့်သည်ဟု ရွေးကောက်တင် မြှောက်ခြင်း မခံရသူများ မဲပေးခွင့် မရှိစေရန် သတ်မှတ်ခြင်းနှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။ လွှတ်တော်ရှိ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်ခြင်း ဖြစ်ပြီး ၎င်းတို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရမည့် တာဝန်ရှိသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဟောပြောပွဲ၌ တွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - NLD)

Aye Chan Mon Credit To: 7 Day Daily
http://www.ayechanmon-news1.com/

Post a Comment

 
Top