0
ရန်ကုန်၊ ဇွန် ၂၃

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်တွင် ဖေဖော်ဝါရီလက ပြုလုပ်သည့် ဂရုဏာမြင့်မိုရ် တရားပွဲနှင့် ပတ်သက်၍ သတ်မှတ်ရက်ထက် ပိုကျင်းပခဲ့သူ တရားပွဲဖြစ်မြောက်ရေး တာဝန်ခံကို ဇွန်လ ၂၃ ရက်က ထောင်ဒဏ်တစ်လ ကျခံရန် မြို့နယ်တရားရုံးက အမိန့်ချမှတ်ခဲ့ခြင်းအပေါ် ဒေသခံလူထု ၅၀၀ ခန့်က အဆိုပါ တရားရုံးရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း ရွှေပြည်သာမြို့နယ် ဒေသခံများထံမှ စုံစမ်းသိရသည်။

ဂရုဏာမြင့်မိုရ် တရားပွဲကို ဖေဖော်ဝါရီလ ၁၆ ရက်မှ ၂၁ ရက်အထိ ရွှေပြည်သာမြို့နယ် ၁၉ ရပ်ကွက် မြစံပါယ်လမ်းတွင် ကျင်းပခဲ့ရာ ရွှေညဝါဆရာတော်၊ ဆရာတော်ဦးသောမ၊ ဦးဝိစာရ၊ သန်လျင် သဘာဝ တရားရိပ်သာမှ ဦးဥတ္တမသာရ၊ တောင်ဒဂုံမှ ဆရာတော်ဆန္ဒကေသရတို့ ဟောပြောခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ရွှေပြည်သာ တရားရုံးက ဇွန်လ ၂၃ ရက်နေ့တွင် ယင်းတာဝန်ခံ ဦးကျော်ဟိန်းကို ပုဒ်မ ၂၆ အရ ထောင်ဒဏ်တစ်လ သို့မဟုတ် ငွေဒဏ်တစ်သောင်း ကျခံစေရန် အမိန့်ချမှတ်ခဲ့ရာ ၎င်းက ထောင်ဒဏ်တစ်လ ကျခံခဲ့ခြင်း ဖြစ်သည်။

ရွှေပြည်သာတရားရုံးက တရားပွဲခွင့်ပြုရက် သုံးရက်ထက် နှစ်ရက် ပိုကျင်းပခဲ့သူ တရားပွဲဖြစ်မြောက်ရေး တာဝန်ခံ ဂရုဏာမြင့်မိုရ် လူငယ်အဖွဲ့ ခေါင်းဆောင် ဦးကျော်ဟိန်းကို (၁၂) ကြိမ်မြောက် ရုံးထုတ်ချိန်တွင် ပုဒ်မ ၂၆ ဖြင့် ထောင်ဒဏ်တစ်လ ချမှတ်ခဲ့ခြင်းအပေါ် မကျေနပ်၍ ဇွန်လ ၂၃ ရက် ညနေပိုင်းတွင် ရွှေပြည်သာတရားရုံးရှေ့၌ NLD ပါတီ၊ ဂရုဏာမြင့်မိုရ် တရားပွဲဖြစ်မြောက်ရေးအဖွဲ့၊ ရွှေပြည်သာ မိုးကြီးဈေးသူဈေးသားများနှင့် ဒေသခံ လူအင်အား ၅၀၀ ခန့် ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်ကြောင်း တရားပွဲဖြစ်မြောက်ရေး အဖွဲ့တွင် ပါဝင်သူ ဦးကျော်ဝင်းက ပြောကြားသည်။

ဖေဖော်ဝါရီလ ၁၆ ရက်မှ ၂၁ ရက်ထိ ငါးရက် တရားပွဲပြုလုပ်ရန် ဂရုဏာမြင့်မိုရ် တရားပွဲဖြစ်မြောက်ရေး အဖွဲ့အနေနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးထံမှ ခွင့်ပြုချက် ရခဲ့သော်လည်း မြို့နယ်အုပ်ချုပ်ရေးမှူး၏ ခွင့်ပြုချက်မရဘဲ ကျင်းပခဲ့၍ ပုဒ်မ- ၂၆ ဖြင့် ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် ရွှေပြည်သာမြို့နယ် တရားရုံး၌ မြို့နယ်အုပ်ချုပ်ရေးမှူးက တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

“ငွေဒဏ်အစား ထောင်ဒဏ် ရွေးချယ်တာကတော့ သူ့စိတ်နဲ့သူ့ကိုယ် လုပ်တဲ့ကိစ္စကို ကျွန်တော်တို့က ဘာမှပြောပိုင်ခွင့် မရှိဘူးလေ။ ဆန္ဒပြတဲ့ လူတွေကိုလည်း အရေးယူဖို့ မရှိသေးပါဘူး” ဟု ရွှေပြည်သာ ရဲစခန်း တာဝန်ကျ အရာရှိတစ်ဦးက The Voice ၏ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားသည်။

ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုတွင် နေထိုင်သူသည် အခမ်းအနားများ၊ အများပြည်သူ ဖျော်ဖြေသည့်ပွဲများ၊ ပြပွဲများ၊ ပြိုင်ပွဲများ၊ ရိုးရာဓလေ့အရ ပြုလုပ်သည့်ပွဲများကို ကျင်းပလိုပါက သက်ဆိုင်ရာ တာဝန်ရှိသူထံမှ ခွင့်ပြုချက် ရယူရမည့်အပြင် သတ်မှတ်ပေးထားသည့် စည်းကမ်းချက်များကို လိုက်နာရမည်ဟု ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေး ဥပဒေပုဒ်မ ၂၁ တွင် ပြဋ္ဌာန်းထားသည်။

ပုဒ်မ ၂၁ ပါ တာဝန်ကို ပျက်ကွက်ပါက ပုဒ်မ ၂၆ အရ ထိုသူကို ခြောက်လထက် မပိုသော ထောင်ဒဏ်ဖြစ်စေ ကျပ်ငါးသောင်းထက် မပိုသော ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ သက်ဆိုင်ရာ တရားရုံးက ချမှတ်ရမည်ဟု အဆိုပါ ပြဋ္ဌာန်းချက်တွင် ဖော်ပြပါရှိသည်။

(နွေဦး၊ မေဇော်)

Aye Chan Mon Credit To: The Voice Weekly
http://www.ayechanmon-news1.com/

Post a Comment

 
Top