0

Published on: June 20, 2014
Written by:
အောင်မြတ်ကို

ဦးတေဇပိုင်ဆိုင်သည့် (Asia Green Development Bank Limited-AGD Bank) ၏ ရှယ်ယာများကို အများပြည်သူသို့ ရောင်းချခြင်း မရှိသေးသော်လည်း စီးပွားရေးလုပ်ငန်းအချို့နှင့် လူပုဂ္ဂိုလ်အချို့ ဝယ်ယူထားသည့်သတင်းများ ထွက်ပေါ်နေကြောင်း အဆိုပါဘဏ်နှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။

AGD Bank၏ ရှယ်ယာများကို ဝယ်ယူထားသည်ဟု နာမည်ထွက်ပေါ်ရာတွင် ဦးအေးနေဝင်းက အဆိုပါဘဏ်၏ ရှယ်ယာရာခိုင်နှုန်း ၂ဝ၊ ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၏သားဖြစ်သူ ဧရာရွှေဝါကုမ္ပဏီမှ ဦးအောင်သက်မန်းက ၁ဝ ရာခိုင်နှုန်း၊ AGD Bank ၏ မိခင်ကုမ္ပဏီဖြစ်သည့် ထူးကုမ္ပဏီများအုပ်စုမှ ရှယ်ယာရာခိုင်နှုန်း ၂ဝ နှင့် Mikko food Marketing Co.,Ltd မှ အဆိုပါဘဏ်၏ ရှယ်ယာ ရာခိုင်နှုန်း ၅ဝ မှ ၆ဝ အကြား ဝယ်ယူထားကြောင်း သတင်းများ ထွက်ပေါ်နေခြင်းဖြစ်သည်။

ယင်းကဲ့သို့ ရှယ်ယာဝယ်ယူထားသည်ဟု သတင်းများထွက်ပေါ် နေသူများအနက် ဦးအေးနေဝင်းကိုThe Daily Eleven သတင်းစာက ဆက်သွယ်မေးမြန်းရာ “AGD Bank ရဲ့ ရှယ်ယာကို ဝယ်ယူထားခြင်း မရှိပါဘူး”ဟု ဇွန် ၁၉ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က ငြင်းဆိုသည်။

ထို့ပြင်ရှယ်ယာ၏ ရာခိုင်နှုန်း ၅ဝ မှ ၆ဝ အကြား ဝယ်ယူထားသည်ဟု သတင်းထွက်ပေါ်နေသော Mikko food Marketing Co.,Ltd သို့ ဆက်သွယ်မေးမြန်းရာတွင် ဖြေကြားနိုင်သည့် တာဝန်ရှိသူများ အစည်းအဝေး တက်နေကြောင်းသာ ပြန်လည်ဖြေကြားခဲ့ပြီး ထပ်မံဆက်သွယ် ခဲ့သော်လည်း ယင်းကိစ္စနှင့်ပတ်သက်၍ မသိရှိရပေ။

အဆိုပါ ထွက်ပေါ်နေသော သတင်းများအရ AGD Bank ရုံးချုပ်သို့ ရှယ်ယာရောင်းချမှု အခြေအနေများအား The Daily Eleven သတင်းစာက ဆက်သွယ်မေးမြန်းရာ “ရှယ်ယာက အပိုင်းနှစ်ခုရှိတယ်။ ရှယ်ယာအသစ်ကို ၂ဝ၁၅ ခုနှစ် Yangon Stock Exchange မှာ ရောင်းချဖို့ ဒိုင်ဝါနဲ့ စာချုပ်ချုပ်ထားပါတယ်။ လောလောဆယ် ရှယ်ယာအသစ်ကို မရောင်းသေးပါဘူး။ ရောင်းချမယ်ဆိုရင် အားလုံးသိအောင် အသိပေးကြေညာသွားမှာပါ။ လက်ရှိအချိန်မှာ ရှယ်ယာအသစ်တွေကို ဘဏ်မှာရှိတဲ့ လုပ်သက်တစ်နှစ်နှင့် အထက်ရှိတဲ့ ဝန်ထမ်း ၁၄၈၆ ဦးကို ရှယ်ယာတစ်ခုစီ ရောင်းချပေးထားပါတယ်။ ရှယ်ယာ အဟောင်းနဲ့ပတ်သက်ပြီး ကျွန်တော်မသိဘူး” ဟုAGD Bank မှ အမှုဆောင်ဒါရိုက်တာ ဦးစိုးသိန်းက ဇွန် ၂ဝ ရက်တွင် ပြန်လည် ဖြေကြားသည်။

၂ဝ၁၃ ခုနှစ် မတ်လမှစတင်၍ အများပိုင်ဘဏ်အဖြစ် ပြောင်းလဲထားသော AGD Bank ၏ ရှယ်ယာများကို ၂ဝ၁၃ ခုနှစ် စက်တင်ဘာခန့်အတွင်း ရောင်းချရန်စီစဉ်နေကြောင်း အဆိုပါဘဏ်မှ ယခင် Managing Director ဦးရဲမင်းဦးက ၂ဝ၁၃ ခုနှစ် အတွင်းက ပြောကြားခဲ့သည်။

“မတ်လကတည်းက အများပိုင်ဘဏ်အဖြစ် ပြောင်းလဲပြီးပါပြီ။ စက်တင်ဘာလအတွင်းလုပ်မယ့် အစည်းအဝေးမှာ ကျွန်တော်တို့ အများပိုင်ကုမ္ပဏီဖြစ်ကြောင်း၊ စာရင်းဇယား၊ လုပ်ဆောင်ချက်တွေကို အစည်းအဝေးမှာ တရားဝင်ကြေညာမှာပါ။ ရှယ်ယာတွေကို အခုနှစ်မကုန်ခင် ရောင်းချဖို့ စီစဉ်နေပါတယ်။ လက်ရှိ ရှယ်ယာတန်ဖိုးကို မသတ်မှတ်ရသေးပါဘူး။ BOD အစည်းအဝေးကနေ တန်ဖိုးကြေညာပေးမှာပါ”ဟု ဦးရဲမင်းဦးက ပြောကြားခဲ့သော်လည်း အမှန်တကယ် ရောင်းချနိုင်ခြင်းမရှိပေ။

ယခုထွက်ပေါ်နေသော AGD Bank ၏ ရှယ်ယာများကို ဝယ်ယူထားသည်ဟူသော သတင်းများနှင့်ပတ်သက်၍ တရားဝင် ခွင့်ပြု၊ မပြုကိုလည်း အတိအကျ မသိရှိရသေးပေ။

AGD Bankသည် ယခုအခါ မြန်မာနိုင်ငံအနှံ့တွင် ဘဏ်ခွဲပေါင်း ၄ဝ ခန့် ဖွင့်လှစ်ထားပြီး နိုင်ငံတကာဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်၊ ငွေလဲလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်တို့ ရရှိထားပြီး နိုင်ငံတကာ ဘဏ်လုပ်ငန်းဌာနနှင့် ငွေလဲကောင်တာများစွာ ဖွင့်လှစ်ထားသည့် ဘဏ်တစ်ခုဖြစ်သည်။

ထို့ပြင် ငွေကြေးဆိုင်ရာဝန်ဆောင်မှု များဖြစ်သည့် ပြည်တွင်းငွေလွှဲလုပ်ငန်း၊ ပြည်ပငွေလွှဲလုပ်ငန်း၊ ငွေလဲလှယ်မှုလုပ်ငန်း၊ ငွေစုဘဏ်လုပ်ငန်း၊ စာရင်းရှင်အပ်ငွေ၊ စာရင်းသေအပ်ငွေ၊ ငွေချေးလုပ်ငန်း၊ အငှားဝယ်စနစ်လုပ်ငန်း၊ ဘဏ်အာမခံ လက်မှတ်ထုတ်ပေးခြင်း၊ အွန်လိုင်းမှ ငွေပေးချေမှုများနှင့် ကုန်သွယ်မှုဆိုင်ရာ ငွေကြေးထောက်ပံ့မှု အစရှိသည့် ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုများ လုပ်ကိုင်လျက်ရှိသည်။

ဇွန် ၁၇ ရက်တွင် ကျင်းပခဲ့သော အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့၏ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားဘဏ်များ ဝင်ရောက်မှုတိုးမြင့် လာနိုင်သောကြောင့် ဘဏ်လိုင်စင်ချထားပေးမှုအား စနစ်တကျပြုလုပ်ရန် တိုက်တွန်းထားပြီး လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ အကြီးဆုံးဖြစ်သည့် KBZ Bank သည်ပင်လျှင် ထိုင်းနိုင်ငံတွင် အသေးဆုံးဖြစ်သည့်ဘဏ်၏ Authorized Capitalကို မမီကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ဘဏ်သစ်များ ဖွင့်လှစ်ခွင့်ပြုခြင်းနှင့်ပတ်သက်၍ ဗဟိုဘဏ်၏ ခွင့်ပြုချက်ကို ရယူရပြီး ယင်းကဲ့သို့ ဘဏ်အသစ်များ ဖွင့်လှစ်မည်ဆိုပါက သတ်မှတ်ငွေဖြူ (အခွန်ဆောင်ပြီးငွေ)ပမာဏ ရှိရမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင်အများပိုင် ပြောင်းလဲမည်ဆိုပါက သက်ဆိုင်ရာသို့ တင်ပြရပြီး တရားဝင်ခွင့်ပြုချက်ရမှသာ ရှယ်ယာများရောင်းချခြင်း အပါအဝင် အများပိုင်ကုမ္ပဏီ၊ လုပ်ငန်းများအဖြစ် ရပ်တည်လုပ်ကိုင်နိုင်မည် ဖြစ်ကြောင်း သိရသည်။

Aye Chan Mon Credit To: Eleven Media Group
http://www.ayechanmon-news1.com/

Post a Comment

 
Top