0

ACM Re-Post 24-4-2014

မြန်မာနိုင်ငံရှိ လူသားချင်း စာနာထောက်ထားမှု အစီအစဉ်နှင့် ဖွံ့ဖြိုးရေး အစီအစဉ်များ ဝင်ရောက်ကူညီခဲ့သော ကုလသမဂ္ဂ အဖွဲ့အစည်းများ ရုံးအခြေစိုက်ရမည့် ရန်ကုန်မြို့တော်တွင် အိမ်၊ ခြံ၊ မြေ ဈေးနှုန်း မြင့်တက်မှုကြောင့် ရန်ပုံငွေမှ အပိုသုံးစွဲမှုများ ဖြစ်လာ၍ ကုလ အဖွဲ့အစည်းများကို မြန်မာအစိုးရက မြေနေရာလွတ်များ ထောက်ပံ့ပေးရန် ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က မေလ ၂၂ ရက်နေ့တွင် တောင်းဆိုလိုက်သည်။

UNICEF ရန်ကုန် ရုံးချုပ်အတွက် တပ်မတော် အရာရှိတစ်ဦး၏ အိမ်ကို ငှားရမ်းထားပြီး လစဉ် ဒေါ်လာသောင်းချီ ပေးနေကြောင်း ပြည်တွင်းမီဒီယာ အချို့က ဖော်ပြခဲ့သည့်အပေါ် UNICEF တာဝန်ရှိသူများက ပြန်လည် ဖြေရှင်းသော မေလ ၂၂ ရက်နေ့ ထုတ်ပြန်ချက်တွင် အဆိုပါ တောင်းဆိုချက်ကို ထည့်သွင်းထားခြင်း ဖြစ်သည်။

ယခင်က UNICEF (ရန်ကုန်) ရုံးချုပ်ကို ကုန်သည်ကြီးများ ဟိုတယ်တွင် အခြေစိုက်ပြီး လစဉ် ကျပ်သိန်း ၄၀၀ ကျော် (အမေရိကန်ဒေါ်လာ ၄၅,၀၀၀) ဖြင့် ငှားရမ်းခဲ့သော်လည်း ၂၀၁၃ ခုနှစ်တွင် ထပ်မံ ငှားရမ်းခွင့် မပြုသောကြောင့် ဗဟန်းမြို့နယ် အင်းယားမြိုင်လမ်းတွင် လစဉ် ကျပ်သိန်း ၈၀၀ ကျော် (အမေရိကန်ဒေါ်လာ ၈၇,၀၀၀) နှင့် ငှားရမ်းခဲ့ရကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အခြား ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများကလည်း မြေနေရာ ငှားရမ်းနှုန်း မြင့်မားမှုများကြောင့် အကျိုးခံစားခွင့် ရှိသူများ လက်ဝယ်ရောက်ရှိမှု နည်းပါးကြောင်း ဆက်လက် ဖော်ပြထားသည်။

ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက် မြို့နယ်များတွင် ဝန်ထမ်း ၁၃၀ အတွက် နေရာထိုင်ခင်း မလုံလောက်ခြင်းနှင့် ရေကြီးရေလျှံမှုများ ရှိသည့်အတွက် အင်းယားမြိုင်လမ်းကို ရွေးချယ်ခဲ့ကြောင်း UNICEF က ဆိုသည်။

နိုင်ငံတကာ အဖွဲ့အစည်းနှင့် ပြည်တွင်း အစိုးရမဟုတ်သော အဖွဲ့အစည်းများတွင် ရန်ပုံငွေထဲမှ ရုံးခန်း ငှားခကဲ့သို့ သာမန် အသုံးစရိတ်များကို စိစစ် ကန့်သတ်ထားကြောင်း၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများကလည်း သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်း အတိုင်းသာ ရုံးခန်းနေရာ ငှားရမ်းခွင့် ရှိကြောင်း အဆိုပါ အစိုးရမဟုတ်သော အဖွဲ့အစည်းများ အသိုင်းအဝိုင်းထံမှ စုံစမ်း သိရှိရသည်။

“ပြည်တွင်းက အဖွဲ့အစည်းတွေကတော့ အိမ်ငှားခက အကန့်အသတ်နဲ့ ရှိတယ်။ သူတို့လောက် မသုံးနိုင်ဘူး။ တကယ်ဆို သူတို့လည်း နေနိုင်ရင် နေလို့ ရတာတွေ ရှိပါတယ်” ဟု ပြည်တွင်း အစိုးရမဟုတ်သော အဖွဲ့အစည်း တစ်ခုတွင် အလုပ်လုပ်ကိုင်သူ ဦးသီဟကြိုင်က The Voice သို့ ပြောကြားသည်။

ကုလသမဂ္ဂ အဖွဲ့အစည်းများ၏ ရုံးချုပ် နေရာများအတွက် အစိုးရ တာဝန်ရှိသူများက ပြင်ဆင်ပေးမည် ဆိုပါက ပိုမိုသင့်တော်နိုင်မည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း အကြံပြုသည်။

ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၏ ရုံးခန်း မြေနေရာအတွက် အစိုးရဘက်က သီးသန့် စီစဉ်ပေးရန် လက်တလော အစီအစဉ် မရှိသေးကြောင်း၊ UNICEF အပါအဝင် ကုလသမဂ္ဂ အဖွဲ့အစည်းများက အစိုးရ တာဝန်ရှိသူထံ တင်သွင်း တောင်းခံလာပါက ညှိနှိုင်း စီစဉ်သွားမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“အရင်တုန်းတည်းကလည်း သူတို့အတွက် စီစဉ်ပေးတာ မရှိခဲ့ဘူး” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

စီးပွားရေး ပိတ်ဆို့မှုများ ဖယ်ရှားပေးခြင်းနှင့် ပွင့်လင်းလာသော နိုင်ငံရေး အပြောင်းအလဲများကြောင့် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်း များစွာ မြန်မာနိုင်ငံတွင် အခြေစိုက်၍ လူသားချင်း စာနာထောက်ထားမှု လုပ်ငန်းများ၊ ဖွံ့ဖြိုးရေးနှင့် ကျန်းမာရေးကဏ္ဍတို့အတွက် နည်းပညာ၊ ငွေကြေး ထောက်ပံ့မှုများ ပြုလုပ်လျက် ရှိသည်။

ACM Credit To:The Voice Weekly
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top