0

ACM Re-Post 24-4-2014

မြန်မာလူငယ်များ နိုင်ငံပြုပြင်ပြောင်းလဲရေးတွင် လူငယ် အကြံပြုချက်များကို အစိုးရထံ ထိရောက်စွာ ပေးပို့နိုင်မည့် အမျိုးသားလူငယ်စင်တာ (National Youth Center) အကောင်အထည်ဖော်ရေး မူဝါဒများ ရေးဆွဲရန်အတွက် အရပ်ဘက် လူ့အဖွဲ့အစည်း ၁၀၀ ကျော် တွေ့ဆုံ ညှိနှိုင်းမည် ဖြစ်ကြောင်း Generation Wave ဥက္ကဋ္ဌ ဦးမိုဃ်းသွေးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနဝင်းအတွင်း ဖွင့်လှစ်မည့် အမျိုးသားလူငယ်စင်တာ လှုပ်ရှား ဆောင်ရွက်ရန် ပဋိညာဉ်များ၊ အခြေခံမူဝါဒများ၊ သင်းဖွဲ့ စည်းမျဉ်းများ၊ အဖွဲ့အစည်း ပုံစံများနှင့် ပတ်သက်ပြီး မေလ ၂၆ ရက်နေ့တွင် အရပ်ဘက် လူငယ်အဖွဲ့အစည်းများက ဆွေးနွေး ညှိနှိုင်းမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“ကျွန်တော်တို့က လူငယ်ဗဟိုပြု ဆိုတာနဲ့အညီ ဗဟိုကော်မတီတွေ၊ ဒါရိုက်တာ အဖွဲ့အစည်းတွေကို အားလုံး သဘောတူညီချက်နဲ့ ဖွဲ့စည်းမယ်။ အစိုးရဘက်က ဘယ်နှယောက် ပါမလဲ ညှိနှိုင်းမှာပါ” ဟု ၎င်းကဆိုသည်။

ထို့အပြင် အစိုးရ၏ ချုပ်ကိုင်မှု ကင်းလွတ်သော လွတ်လပ်သည့် လူငယ်စင်တာများ ဖွဲ့စည်းရန်အတွက် အရပ်ဘက် လူငယ်အဖွဲ့အစည်းများ အားလုံး သဘောတူညီချက်ဖြင့် မူဝါဒများ ရေးဆွဲသွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

အဆိုပါ လူငယ်စင်တာ ဖွင့်လှစ်နိုင်ရေး မူဝါဒများ ရေးဆွဲရာတွင် အစိုးရမှ ချုပ်ကိုင်မှု မရှိဘဲ လူငယ်များ ဦးဆောင်နိုင်ရန်အတွက် လမ်းဖွင့်ပေးထားကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာ (Myanmar Peace Center) မှ ဦးညိုအုန်းမြင့်က ပြောကြားသည်။
“အရင်ခေတ်တွေတုန်းကလို အစိုးရက အလုံးစုံ ချုပ်ထားတာ မဟုတ်ဘဲ လူငယ်တွေအရေးကို လူငယ်တွေကပဲ လွတ်လပ်စွာ ဆောင်ရွက်နိုင်ဖို့အတွက် ဘေးကနေ ကြီးကြပ်ပေးတာပဲ ရှိတော့မှာပါ” ဟု ၎င်းကဆိုသည်။

လူငယ်များ၏ စီးပွားရေး၊ လူမှုရေးဆိုင်ရာ မူဝါဒ၊ အကြံပေးချက်များကို ရယူသွားရန်အတွက် အမျိုးသားလူငယ်စင်တာ (National Youth Center) ဖွဲ့စည်း တည်ထောင်မည် ဖြစ်ကြောင်း မတ်လ တတိယပတ်အတွင်း ပြုလုပ်သော အာဆီယံလူငယ်ဖိုရမ်သို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သဝဏ်လွှာ ပေးပို့ထားသည်။

ACM Credit To:The Voice Weekly
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top