0


Samsung Galaxy K Zoom
---------------------------------------------------------------------

သုံးသပ်ချက်
Samsung က K Zoom ကိုအသုံးချပြီး ကင်မရာဈေးကွက်ရော၊ စမတ်ဖုန်းဈေးကွက်ကိုပါ နေရာယူလိုက်တဲ့သဘောပါ။ ခဲတစ်လုံးတည်းနဲ့ စာနှစ်ကောင် ပစ်သလိုပေါ့။

အားသာချက်
ကင်မရာက 10x Optical zoom ဆွဲယူရိုက်ကူးနိုင်စွမ်းရှိတယ်။ ဒီဇိုင်းကလည်း အခြားကင်မရာဖုန်းတွေနဲ့ မတူအောင် ဖန်တီးထားတယ်။ အတွင်းပိုင်း အစိတ်အပိုင်းတွေကလည်း အားကောင်းတယ်။

အားနည်းချက်
အခြားဖုန်းတွေနဲ့ ယှဉ်ရင် ဂင်တိုတိုဒီဇိုင်းပုံစံပေါက်နေတယ်။ Screen Resolution က ထင်သလောက်မများဘူး။ အမြင့်ဖုန်းတွေနဲ့ ယှဉ်ရင် Storage အားနည်းသလို ဘတ်ထရီလည်း အားနည်းပါတယ်။

ဖုန်းနဲ့ကင်မရာနည်းပညာနှစ်မျိုး ပေါင်းစပ်ထားတဲ့ ကင်မရာဖုန်းသစ် တစ်လုံးကို Samsung က မိတ်ဆက်ပြသလိုက်ပါပြီ။ Galaxy K Zoom လို့အမည်ပေးထားတဲ့ ကင်မရာဖုန်းဟာ Samsung က ထုတ်လုပ်တဲ့ ကင်မရာဖုန်းတွေထဲမှာတော့ တတိယမြောက်ပေါ့။ သူ့အရင် Galaxy Camera နဲ့ Galaxy S4 Zoom ဆိုတဲ့ ကင်မရာဖုန်းတွေက ရှိနှင့်ပြီး သားလေ။ သူတို့တွေရဲ့ဈေးနှုန်းတွေက သာမန်လူတွေအဖို့ လက်လှမ်းမီဖို့
ဝေးလွန်းတာကြောင့် ကင်မရာဖုန်းတွေက ထင်သလောက် ခရီးမရောက်ခဲ့ ပါဘူး။ Galaxy K Zoom မှာဖုန်းရဲ့အရွယ်အစားကို လျှော့ချထားတာကြောင့် ယခင်ကင်မရာဖုန်းတွေထက် ဈေးနည်းမယ်လို့ ယူဆရပါတယ်။ Galaxy K Zoom မှာသုံးထားတဲ့ K ဆိုတဲ့ စကားလုံးဟာ တောင်ကိုရီးယားကို ကိုယ်စားပြု ထားတာပါ။ တောင်ကိုရီးယားအခြေစိုက် Samsung ရဲ့ အထူးထုတ် ဖုန်းတစ်လုံး ဖြစ်တယ်ဆိုတာ ထင်ရှားစေပါတယ်။

ဒီဇိုင်း

မော်ဒယ်ဟောင်း Galaxy S4 Zoom ရဲ့အဓိကပြဿနာက အရွယ်အစား ကြီးမားနေခြင်းပါ။ သူ့ကို အိတ်ကပ်ထဲမှာ အလွယ်တကူသယ်ယူ သွားဖို့ အဆင်မပြေခဲ့ပါဘူး။ Galaxy S4 Zoom ရဲ့ အနောက်ဘက်အောက်ခြေ တစ်ဖက်မှာ ဖန်တီးထားတဲ့ ခပ်ကောက်ကောက်ပုံသဏ္ဍာန် ဒီဇိုင်းက ကင်မရာ တစ်လုံးနဲ့ ပိုတူပါတယ်။ Galaxy K Zoom မှာတော့ ဒီပြဿနာ ကို ဖြေရှင်းပေးတဲ့အနေနဲ့ သေးသေးသွယ်သွယ် ကျစ်ကျစ်လစ်လစ် ဖန်တီးပေးထားပါတယ်။ ဖုန်းတစ်လုံးနဲ့ ဆင်တူလာပါတယ်။ အနောက်ဘက် မှာတော့ ကင်မရာက ခပ်ကြီးကြီး နေရာယူထားလေရဲ့။ အစက်အပြောက်
တွေ ပါတဲ့ နောက်ကာဗာဒီဇိုင်းကြောင့် Galaxy S5 နဲ့ ခပ်ဆင်ဆင်ဖြစ်
နေပါတယ်။ အားမရတာက သူ့ရဲ့ 1200 x 720 Pixels မျက်နှာပြင်ပါ။ Full HD တောင်မရပါဘူး။ ၄.၈ လက်မဆိုတော့ ခပ်သေးသေးပေါ့။

ကင်မရာ

Galaxy K Zoom မှာသုံးထားတာက BSI CMOS sensor တပ်ဆင်ထားတဲ့ 20.7MP ကင်မရာပါ။ ပြတ်သားမှုမှာ ထိပ်တန်းကျပြီး မြင်ကွင်းတွေကို အသေးစိတ်ဖမ်းယူရာမှာ ဆရာတစ်ဆူဖြစ်ပါတယ်။ ပရော်ဖက်ရှင်နယ် ကင်မရာတွေမှာ အသုံးချနိုင်တဲ့ Function မျိုးတွေ ပါဝင်တာ တွေ့ရပါတယ်။ ဓာတ်ပုံရိုက်စဉ်မှာ လှုပ်ရှားမှုကြောင့် မြင်ကွင်းဝေဝါးခြင်းကို လျှော့ချပေးမယ့် Optical Image Stabilizer (OIS) စနစ်နဲ့ အလင်းအားကောင်းတဲ့ Xenon Flash မီးတွေကို သုံးပေးထားတယ်။ အလင်းအမှောင်ကို အကောင်းဆုံးချိန်ညှိပေးမယ့် AF/AE Separation ၊ Filter Setting (၅) မျိုးချိန်ညှိနိုင်တဲ့ Pro Suggest mode စတဲ့ စနစ်သစ်တွေ ထည့်သွင်းထားပါသေးတယ်။ Zoom (၁၀) အထိ Optical ဆွဲယူနိုင်ခွင့်ရှိခြင်းက Galaxy K Zoom ရဲ့အားသာချက်တစ်ခုပါ။

စွမ်းဆောင်ချက်

Galaxy K Zoom မှာ GSM ဆင်းကဒ်ထည့်သုံးနိုင်ပြီး 4G LTE ကိုပါ Support လုပ်နိုင်ပါတယ်။ Android OS, v4.4.2 (KitKat) ကိုသုံးထားပြီး Samsung ရဲ့ကိုယ်ပိုင် Exynos 5260 ချစ်ပ်မျိုးကို သုံးပေးထားပါတယ်။ 1.3 GHz Quad-core နဲ့ 1.7 GHz Dual-core Processor နှစ်ခုကို ပေါင်းစပ်ထည့် သွင်းထားပါတယ်။ စုစုပေါင်း Core ခြောက်လုံး (Hexa-core) စွမ်းရည်ရှိတဲ့ ကင်မရာဖုန်းတစ်လုံးပေါ့။ ပိုပြီး သွက်သွက် လက်လက် သုံးနိုင်အောင် 2GB RAM ကို ထည့်သုံးပေးထားပါတယ်။ Memory အနေနဲ့ 8GB ပေးထားပြီး 6GB လောက်သုံးဖို့ ကျန်နေပါသေး တယ်။ Galaxy S5 မှာသုံးထားတဲ့ S Health Lite နဲ့ Kids Mode လုပ်ဆောင်ချက်တွေကို Galaxy K Zoom မှာ သုံးပေးထားတယ်။ ဖုန်းတစ်လုံးအနေနဲ့ ကြည့်မယ်ဆိုရင် တန်းမြင့်ဖုန်း တစ်လုံး နီးပါး စွမ်းဆောင်ရည်ရှိတာ ထင်ရှားနေပါတယ်။

ထင်မြင်ချက်

အားလုံးကို ခြုံကြည့်မယ်ဆိုရင် Galaxy K Zoom ရဲ့ဒီဇိုင်းကမော်ဒယ်ဟောင်း
ကင်မရာဖုန်းတွေထက် ဆွဲဆောင်မှုရှိတာတော့ အမှန်ပါပဲ။ ရုပ်ထွက်ကောင်းဖို့
ကင်မရာမှာ အဆင့်မြင့်နည်းပညာတွေကို ထည့်သုံးထားတဲ့အပြင် ထိပ်တန်း ဖုန်းတစ်လုံးအဖြစ်သုံးနိုင်ဖို့ စွမ်းဆောင်ရည်ကို အမြင့်ဆုံးထိ မြှင့်တင်ပေး ထားက အထင်အရှားပါ။ ကျေနပ်စရာမကောင်းတဲ့အချက်ကတော့ Resolution အားနည်းတဲ့မျက်နှာပြင် တပ်ဆင်ထားခြင်းပါ။ ကင်မရာပိုင်းရော စွမ်းဆောင်ရည်ပိုင်းပါ မြှင့်ထားတဲ့ဖုန်းတစ်လုံးမှာ ဘယ်လိုရည်ရွယ်ချက်ေ ကြာင့် အားနည်းတဲ့ မျက်နှာပြင်မျိုးကို သုံးထားလဲဆိုတာ စဉ်းစားလို့ မရခဲ့ပါဘူး။ Galaxy K Zoom ကိုဘယ်အချိန်မှာဈေးကွက်ထဲ စတင်ရောင်းချ မလဲ၊ ဈေးနှုန်း ဘယ်လောက်ရှိမလဲ ဆိုတာ Samsung က အတိအလင်း မကြေညာထားပါဘူး။အခြားကင်မရာဖုန်းတွေထက် ဈေးနှုန်းသက်သာမယ်ဆိုရင် ၂၀၁၄ ခုနှစ်ဟာ ကင်မရာဖုန်းတွေရဲ့ ကမ္ဘာအဖြစ် ပြောင်းလဲသွား လိမ့်မယ်လို့ ထင်မြင်မိပါတယ်။

Specifications
- 4.8” Super AMOLED Display
- 8 GB Storage, 2 GB RAM
- 20.7 MP Camera (Main), 2MP (Secondary)
- Android OS, v4.4.2 (KitKat)
- 1.3 GHz Quad-core & 1.7 GHz Dual-core Processor
- Li-Ion 2430 mAh battery

-----------------------------
May Thazin (TSJ Team)

Aye Chan Mon# Credit To :TechSpace Journal
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်
 (4 photos)

Post a Comment

 
Top