ACM Re-Post 26-5-2014
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ဆင်ပါက တိုင်းပြည်အေးချမ်းတိုးတက်မည် မဟုတ်ဟု တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) ခေါင်းဆောင် ဦးနိုင်ဟံသာက ပြောကြားသည်။
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA)နှင့် (NCCT) တို့ မေ ၂၄ ရက် ညနေပိုင်းက တွေ့ဆုံဆွေးနွေးမှု အပြီးတွင် ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ဆောင်ရွက်နေသည့် အဖွဲ့အစည်း ပါတီများနှင့် ငြိမ်းချမ်းရေးဆောင်ရွက်နေသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား ဖွဲ့စည်းပုံပြင်ဆင်ရေး မည်သို့ပူးပေါင်းလုပ်ဆောင်မည်ကို သိရှိလိုကြောင်း မီဒီယာများ၏ မေးမြန်းမှုအား ပြန်လည်ဖြေကြားရာတွင် ဦးနိုင်ဟံသာက ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
မိမိတို့သည် လုပ်ငန်းစဉ်များ မတူကြကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော်ထဲတွင် ရှိနေသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သဖြင့် လွှတ်တော်ထဲ၌ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို အားသန်ကြောင်း၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း အနေဖြင့် လူထုပညာပေးခြင်းမှတစ်ဆင့် လူထုဝိုင်းဝန်းတောင်းဆိုမှုဖြင့် မြန်မြန်ဖြစ်အောင် လုပ်ဆောင်လိုသည့် သဘောထားရှိကြောင်း အခြားအဖွဲ့အစည်းများ၏ သဘောထားနှင့် စပ်လျဉ်း၍ လေ့လာတွေ့ရှိမှုအား NCCT အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာက ပြောကြားသည်။
“ကျွန်တော်တို့ကတော့ လွှတ်တော်ထဲကလူလည်း မဟုတ်ဘူး။ ဒီမှာလူထုနဲ့လည်း နီးနီးကပ်ကပ် နေရတာ မဟုတ်ဘူး။ ကျွန်တော်တို့ကတော့ နိုင်ငံရေး၊ အပစ်အခတ်ရပ်စဲရေး လုပ်ပြီးတော့ နိုင်ငံရေး ဆွေးနွေးတဲ့ အခါကျရင် တကယ့် ကျွန်တော်တို့လူထုတွေ လူမျိုးစုံပြည်သူတွေ လိုလားနေတာကတော့ ကျွန်တော်တို့နိုင်ငံမှာ တစ်ဖက်က ဒီမိုကရေစီစနစ် ပီပီပြင်ပြင် ဖြစ်လာဖို့။ တစ်ဖက်က စစ်မှန်တဲ့ပြည်ထောင်စု ဖြစ်လာဖို့။ အဲဒီအပေါ်မှာ အခြေခံ တောင်းဆိုနေတာ ဖြစ်တယ်။ ယနေ့ ဒီ ၂၀၀၈ ဖွဲ့စည်းပုံမှာကတော့ ဒီမိုကရေစီ တော်တော်လေး အားနည်းတယ်။ ပြည်ထောင်စုအရလည်း ပြည်ထောင်စုစနစ်လည်း မပီပြင်ဘူးပေါ့ဗျာ။ သဘောကတော့ဗျာ စစ်အာဏာရှင်စနစ်ကို တစ်ဖက်က နေရာပေးထားတဲ့ အနေအထားမျိုး ဒါကို ပြည်သူလူထုက လက်မခံဘူးဆိုတော့ ဒါကို မပြင်နိုင်ရင် ကျွန်တော်တို့နိုင်ငံက ဘယ်လိုမှ ပြောမယ်ဆိုရင်တော့ မအေးချမ်းနိုင်ဘူးပေါ့ဗျာ။ မပြေလည်ဘူးပေါ့။ မတိုးတက်နိုင်ဘူးပေါ့။ အဲဒါကိုတော့ မြန်မြန်ပြင်ဖို့ လိုတယ်” ဟု ဦးနိုင်ဟံသာက ပြောကြားသည်။
မိမိတို့အနေဖြင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ ဖြစ်လာသည့် အခါကျမှသာ ယခုပုံစံအတိုင်း သွား၍ မဖြစ်နိုင်ကြောင်းကို ပြောပိုင်ခွင့်ရှိမည် ဖြစ်ကြောင်း၊ ယခုသွားမည့်ပုံစံ လမ်းကြောင်းသည် တစ်ဖွဲ့နှင့်တစ်ဖွဲ့ မတူသော်လည်း အားလုံး၏ ဦးတည်ချက်သည် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးဖြစ်ကြောင်း ဦးနိုင်ဟံသာက ဆက်လက်ပြောကြားသည်။
“၂၀၀၈ ဖွဲ့စည်းပုံနဲ့ ဆက်သွားနေရင် ကျွန်တော်တို့နိုင်ငံက ပိုပြီးတော့မှ ဒုက္ခရောက်နေမယ်။ လူထုတွေရဲ့ ဆန့်ကျင်မှု ခံနေရမယ်ဆိုတဲ့ ကျွန်တော်တို့ နားလည်မှု ရှိကြတယ်။ အဲဒီတော့ ဥပမာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥပဒေတွင်း လွှတ်တော်ထဲမှာ ပြင်ဆင်ရေးကိုလည်း ကျွန်တော်တို့ အားပေးတယ်။ 88 Generation ရဲ့ လူထုနည်းနဲ့ တစ်ဖက်က တွန်းအားပေးတာကိုလည်း ကျွန်တော်တို့ အားပေးတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ၀င်မရောဘူးပေါ့လေ။ ကိုယ့်အပိုင်း ကိုယ်တာဝန်ယူတယ်။ ကျွန်တော်တို့အပိုင်းကလည်း သူတို့ဝင်ပြီးတော့ ၀င်ရောလို့ မရပါဘူး။ သူတို့လည်း ဒါကိုလက်ခံတယ်။ အားလုံးကတော့ မတူညီတဲ့ဘက် နေပြီးတော့မှ တူညီတဲ့ ဦးတည်ချက်ကို သွားနေကြတာ ဖြစ်တယ်လို့ အဲဒီလိုနားလည်မှု ရှိကြတယ်” ဟု NCCT အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာက ဆက်လက်ပြောကြားသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးနှင့် ပတ်သက်၍ လူထုဟောပြောပွဲများ ပူးပေါင်းလုပ်ဆောင်လျက်ရှိပြီး ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ပြည်သူများ၏ လက်မှတ်ရေးထိုး ဆန္ဒပြုခြင်း အစီအစဉ်ကိုလည်း စတင်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ အလားတူ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် အခြားနိုင်ငံရေး အင်အားစုများနှင့် ပြည်သူလူထုများမှ သီးခြားဆန္ဒထုတ်ဖော် တောင်းဆိုမှုများ ဆက်တိုက်လုပ်ဆောင်လျက် ရှိသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောပွဲအဖြစ် ဗိုလ်စိန်မှန် အားကစားကွင်းတွင် မေ ၁၈ ရက်က ပြုလုပ်စဉ်
Aye Chan Mon Credit To:Eleven Media Group
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/
Post a Comment