0

ရန်ကုန်၊ ACM Re-Post 29-5-2014

ယာဉ်မတော်တဆမှုကြောင့် ခရီးသည် ၃၈၀ ဦး သေဆုံးခဲ့ပြီ ဖြစ်သည့် ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ခရီးသည် လုံခြုံရေးအတွက် အရှိန်နှုန်းတိုင်း ကင်မရာနှင့် လမ်းနံရံထိန်း (Guard Rail) တို့ တပ်ဆင်ရန် တင်ဒါလျှောက်ထားသည့် ကုမ္ပဏီ ၂၁ ခုခန့် ရှိကြောင်း နေပြည်တော် ဆောက်လုပ်ရေး ဝန်ကြီးဌာနထံမှ စုံစမ်းသိရှိရသည်။

အိတ်ဖွင့်တင်ဒါတွင် တင်ဒါ လျှောက်ထားသည့် ကုမ္ပဏီများမှာ အရှိန်နှုန်းတိုင်း ကင်မရာအတွက် သိန်း ၁၀၀ နှင့် လမ်းနံရံထိန်းအတွက် သိန်း ၂၀၀ စပေါ် တင်ရမည် ဖြစ်ပြီး အရှိန်နှုန်းတိုင်း ကင်မရာ လေးခုနှင့် လမ်းနံရံထိန်း အရှည် ၄၀ ဒသမ ၃ မိုင်ကို လမ်းပိုင်းအလိုက် တပ်ဆင်ရမည် ဖြစ်ကြောင်း အဆိုပါဌာန၏ တင်ဒါခေါ်ယူမှု အချက်အလက်များအရ သိရသည်။

“အရှိန်နှုန်းတိုင်း ကင်မရာကတော့ Mobile စနစ် လမ်းမှာ တပ်ထားပြီး ရေဒါနဲ့ အရှိန်လွန် မောင်းတဲ့ကားကို ဓာတ်ပုံရိုက်ပြီး တိုးဂိတ်တွေကို လှမ်းပို့ပြီး ကားကို အရေးယူနိုင်မယ်။ လမ်းနံရံထိန်းကတော့ ကားအရှိန်မထိန်းနိုင်ရင် ကားမှောက်တာ၊ လိမ်တာတွေ မဖြစ်ဖို့အတွက် ထားမယ်။ တင်ဒါကတော့ ဌာနက ခေါ်ပေးရတယ်။ တပ်ဆင်ပြီးတာနဲ့ အမြန်ရဲတပ်ဖွဲ့ကို လွှဲပေးရမယ်” ဟု နေပြည်တော် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း အင်ဂျင်နီယာမှူးကြီး ဦးကြည်ဇော်က ဆိုသည်။

မေလ ၁၉ ရက်မှ ၃၀ ရက်အထိ အရှိန်နှုန်းတိုင်း ကင်မရာနှင့် လမ်းနံရံထိန်း (Guard Rail) များ တပ်ဆင်ရန် တင်ဒါ ခေါ်ယူရာတွင် အရှိန်ထိန်းကင်မရာ တပ်ဆင်ရန် လျှောက်ထားသည့် ကုမ္ပဏီ ခြောက်ခုနှင့် လမ်းနံရံထိန်း တပ်ဆင်ရန် ကုမ္ပဏီ ၁၅ ခုခန့် လျှောက်ထားလျက် ရှိကြောင်း၊ ဇွန်လ ၂ ရက်နေ့တွင် တင်ဒါဖွင့်မည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန (နေပြည်တော်က) ရုံးအဖွဲ့ထံမှ သိရသည်။

အမြန်လမ်းတွင် ယာဉ်တိမ်းမှောက်မှုများ မကြာခဏ ဖြစ်ပွားနေပြီး လမ်းအပိုင်းများတွင် အားနည်းချက် ရှိကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးတင့်က နေပြည်တော် ရထားပို့ဆောင်ရေး ဝန်ကြီးဌာနတွင် မေလ ၁၅ ရက်နေ့က ပြုလုပ်သော ရာဇာမင်း ခရီးသည်တင် ယာဉ်တိမ်းမှောက်မှုနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ကျပ်ဘီလီယံ ၉၀၀ ကျော် ကုန်ကျခံကာ ဆောက်လုပ်ခဲ့သည့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှာ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ JICA ၏ တိုင်းတာချက်အရ လမ်းမကြီး၏ ၆ ရာခိုင်နှုန်းကို ဦးစားပေး၍ အမြန်ဆုံး ပြုပြင်သွားရန် လိုအပ်ကြောင်း ထုတ်ပြန်ထားသည်။

Aye Chan Mon Credit To: The Voice Weekly
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top