Published on: May 4, 2014
Written by: ကျော်ဇင်ဝင်း၊ အောင်ရဲကို၊ မင်းသူဝင်းထွဋ်
အချိန်တိုလေးအတွင်း၌ မျှော်လင့်ချက်တွေကို တစ်စစီ ရိုက်ချိုးပစ်ခဲ့သည့် တိတ်တဆိတ် လူသတ်သမား ဆိုင်ကလုန်းမုန်တိုင်းနာဂစ်တိုက်ခတ်ခဲ့သည်မှာ ၂၀၁၄ ခုနှစ် မေ ၂ ရက်က ခြောက်နှစ်တင်းတင်း ပြည့်ခဲ့ပြီဖြစ်သည်။
နာဂစ်မုန်တိုင်း တိုက်ခတ်မှုကြောင့် ထိုစဉ်က အစိုးရ၏ တရားဝင်ထုတ်ပြန်ချက်အရ သေဆုံးသူဦးရေ ၇၇၇၃၈ ဦး၊ ပျောက်ဆုံးသူဦးရေမှာ ၅၅၉၁၇ ဦး စုစုပေါင်း ၁၃၃၆၅၅ ဦးဖြစ်ပြီး အားလုံးမှာ သေဆုံးခဲ့ခြင်းသာဖြစ်ကာ စာရင်းမရှိဘဲ သေဆုံးခဲ့သည့်သူများလည်း ရှိသဖြင့် သေဆုံးသူ အရေအတွက်မှာ နှစ်သိန်းနီးပါးအထိ ရှိနိုင်ကြောင်း နာဂစ်မုန်တိုင်းဒဏ်ခံ ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
မုန်တိုင်းတိုက်ခတ်ခဲ့ရာတွင် ဒေသခံများ အနေဖြင့် နာဂစ်ကဲ့သို့ ဆိုးရွားသည့် သဘာဝဘေးအန္တရာယ်မျိုး တွေ့ကြုံမှုမရှိခြင်း၊ သက်ဆိုင်ရာအစိုးရ၏ ကြိုတင်ပြင်ဆင်မှု အားနည်းခြင်း၊ သတင်းအချက်အလက်များ အချိန်မီထုတ်ပြန်ခြင်း မရှိခြင်းတို့ကြောင့်ဖြစ်ပြီး လူ့အသက်ပေါင်းသိန်းချီ သေဆုံးခဲ့သည့်အပြင် အိုးအိမ်စည်းစိမ်များစွာလည်း ပျက်စီးဆုံးရှုံးခဲ့ရသည်။
ထောက်ပံ့မှုရခဲ့တဲ့အိမ်တွေ ရောင်းသူကရောင်း
နာဂစ်မုန်တိုင်း တိုက်ခတ်မှုဖြစ်ပွားပြီး တစ်နှစ်၊ နှစ်နှစ်အတွင်း၌ နိုင်ငံတကာ အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ၊ NGO များ၊ အခြားသော ကူညီထောက်ပံ့သူများကြောင့် နာဂစ်ဒုက္ခသည်များအတွက် စားဝတ်နေရေး ခေတ္တအဆင်ပြေခဲ့ကြောင်း သိရသည်။
ကူညီသူများက ကူညီကြသော်လည်း အကူအညီပေးသည့် ပစ္စည်းများ၊ စီမံချက်များမှာ အပြည့်အ၀ မရောက်ခဲ့ကြောင်း၊ အမည်စုံ၊ လုပ်ငန်းစုံဖြင့် ၀င်ရောက်လုပ်ကိုင်ခဲ့ကြသည့် NGO အဖွဲ့အစည်းများနှင့် ဆက်နွှယ်ပြီး လုပ်ငန်းလုပ်ကိုင်သူများသည် ဒုက္ခသည်များထက် ပိုမိုအဆင်ပြေကြကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
မုန်တိုင်းအပြီး သုံးနှစ်အကြာ ပြန်လည်ထူထောင်ရေး၊ တည်ဆောက်ရေးလုပ်ငန်းများ ရုပ်သိမ်းသွားပြီး လက်ရှိအချိန် ဒီရေတော ပြန်လည်ထူထောင်ရေး၊ ပညာရေး၊ အသေးစားငွေချေးလုပ်ငန်း၊ စိုက်ပျိုးရေး စသည့်လုပ်ငန်းများကို ကူညီနေသည့် NGO အဖွဲ့အချို့သာ ကျန်ရှိပြီး ပြန်လည်ထူထောင်ရေးကာလက တည်ဆောက်ပေးခဲ့သည့် အိမ်ရာများမှာ ယိုယွင်းပျက်စီးလာပြီး ငွေကြေးတတ်နိုင်သူ အချို့ကသာ ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်နိုင်သဖြင့် အချို့ဆိုလျှင် နေအိမ်များကို ပြန်လည်ရောင်းချ၍ နေရပ်စွန့်ခွာသွားသူများ ရှိနေကြောင်း သိရသည်။
“နာဂစ်ပြီးတော့ ကျွန်မတို့ပြန်ရခဲ့တဲ့ အိမ်လေးက ပြုပြင်ထိန်းသိမ်းဖို့ ငွေကြေးမတတ်နိုင်တော့ ပျက်စီးသွားပြီ။ အခု အသိအိမ်တစ်လုံးမှာ ငှားနေတယ်။ သူတို့က လယ်စောင့်တဲမှာ သွားနေတော့ လူမှုရေးအရ ငှားထားပေးတယ်။ တစ်လ ၅၀၀၀ ပေးရတယ်။ စားဖို့တောင် အနိုင်နိုင် လုပ်နေရတာလေ” ဟု လပွတ္တာကံကွင်းကျေးရွာမှ မစန်းစန်းမြင့်က ပြောကြားသည်။
လပွတ္တာမြို့နယ် ဥက္ကံကြီးကျေးရွာမှ တောင်သူဦးတင်လှက “အိမ်တွေဖျက်ရောင်းတယ်လို့တော့ ကြားနေရတယ်။ သစ်ဈေးနဲ့ပေါ့။ တချို့က မိသားစုတွေ နာဂစ်မှာသေကုန်လို့ တစ်ယောက်တည်း ကျန်ခဲ့တော့ ရန်ကုန်မှာ အလုပ်သွားလုပ်တာ ရှိတယ်။ အိမ်ကို ပိတ်ထားခဲ့တယ်။ နောက်ပြန်မလာဖြစ်တော့ အိမ်ကိုရောင်းတာတို့ ဘာတို့ လုပ်တယ်။ ကျွန်တော်တို့ကတော့ ရပ်မိရပ်ဖ အနေနဲ့ ရောင်းရင် ရောင်းလို့ရတယ်။ အိမ်တော့ ဖျက်ယူခွင့်မပေးဘူး။ အဲဒီလိုမလုပ်ရင် တစ်အိမ်ဖျက် တစ်အိမ်ဖျက်နဲ့ ရွာမှာလူရှိမှာ မဟုတ်တော့ဘူး” ဟု အိမ်များရောင်းဝယ်နေမှုအပေါ် ရှင်းလင်းပြောကြားသည်။
နာဂစ်မတိုက်မီ ကာလများက တစ်နေ့လုပ် တစ်နေ့စား အခြေခံလူတန်းစားများအဖို့ နာဂစ်တိုက်ခတ်ပြီးနောက်ပိုင်း အလုပ်အကိုင် ရှားပါးမှုပြဿနာကြောင့် ၀င်ငွေရပေါက်ရလမ်းများ နည်းသွားပြီး မိုးတွင်းကာလများတွင် စပါးစိုက်သည့် လုပ်ငန်းများတွင် ၀င်ရောက်လုပ်ကိုင်ကြကာ ပွင့်လင်းရာသီများတွင် မိန်းကလေးများပင် မြေပေါက်ခြင်းကဲ့သို့သော လုပ်ငန်းများတွင် ၀င်ရောက်လုပ်ကိုင်နေကြရကြောင်း သိရသည်။
“အလုပ်ရှိရင်တော့ တစ်ရက်ကို လုပ်အားခက ၁၅၀၀၊ ၂၀၀၀ လောက် ရတယ်။ ငါးရှာ၊ ဖားရှာတွေလည်း လုပ်တယ်။ အရင်က ငါးရှာ၊ ဖားရှာတာ လွယ်တယ်။ အခုက ကန်ထရိုက်ဆွဲတာဆိုလား။ ဘာလားမသိဘူး။ ဖမ်းခွင့်မပေးတော့ ဖမ်းလို့မရဘူး။ ၀င်ငွေတစ်ခု လျော့တာပေါ့” ဟု မစန်းစန်းမြင့်က ပြောကြားသည်။
စပါးတောင်သူတို့ အသက်ရှူချောင်တဲ့နှစ်
နာဂစ်တိုက်ခတ်ပြီးနောက်ပိုင်းတွင် နာဂစ်ဒဏ်ခံစားခဲ့ရသည့် စပါးစိုက်တောင်သူ အများစုအနေဖြင့် နာဂစ်ပြီးနောက်ပိုင်း ကျွဲ၊ နွားမရှိခြင်း၊ လယ်ယာထွန်ယက်သည့် စက်ပိုင်မရှိခြင်း၊ အစိုးရမှထုတ်ချေးသော စိုက်စရိတ်နည်းပါးခြင်း၊ နာဂစ်နှင့်အတူ ရေငန်တားပတ်တာများ ပျက်စီးခြင်းကြောင့် ရေငန်ဝင်၍ မြေဆီလွှာပျက်စီးခြင်း စသည့်အကြောင်းအချက်များကြောင့် စပါးအထွက်နှုန်း လျော့ကျခဲ့သည်။
သို့ရာတွင် ပြီးခဲ့သည့် မိုးစပါးထွက်သည့် ရာသီတွင်မူ တောင်သူလယ်သမားများ အနေဖြင့် ရာသီဥတု ကောင်းမွန်ခြင်း၊ ရေငန်ဝင်ရောက်သော်လည်း စပါးများ ပျက်စီးထိခိုက်မှု နည်းပါးခြင်း၊ အစိုးရ စိုက်စရိတ် တိုးမြှင့်ထုတ်ပေးခြင်းတို့ကြောင့် မြေသြဇာကဲ့သို့ သွင်းအားစုများ ပိုမိုသုံးစွဲလာနိုင်သောကြောင့် အထွက်နှုန်း ပြန်တိုးလာကြောင်း သိရသည်။
နာဂစ်မုန်တိုင်းအတွင်း ငါးဒိုင်လုပ်ငန်းလုပ်ကိုင်သည့် ရေလုပ်ငန်းရှင် အများအပြား သေဆုံးသွားခြင်း၊ ကျန်ရှိသောရေလုပ်ငန်းရှင် အချို့မှာလည်း ရင်းနှီးထည့်ဝင်ငွေ စိုက်ထုတ်နိုင်မှု မပြုနိုင်ခြင်းတို့ကြောင့် ကြိုတင်ငွေရယူသည့် အခြေခံရေလုပ်သားများအား ငွေကြေးများ လိုအပ်သလောက် စိုက်ထုတ်ပေးနိုင်ခြင်း မရှိသောကြောင့် ငါး၊ ပုစွန် ရှာဖွေရာတွင် လိုအပ်ချက်များစွာ ရှိနေပြီး နာဂစ်မတိုင်မီ ကာလက ရှာဖွေရရှိသည့် အခြေအနေများ၊ ပိုင်ဆိုင်မှုများသို့ ပြန်ရောက်နိုင်ရန် အခက်အခဲများစွာ ရှိနေ . . . . .
“နာဂစ်ပြီးတော့ ကျွဲပိုင်နွားပိုင်က မရှိ။ ငှားသုံးတဲ့ စက်ကျတော့လည်း ကိုယ်ကနားမလည်၊ သွင်းအားစုအတွက် ငွေမရှိနဲ့ တော်တော်လေး အလုပ်ဖရိုဖရဲ ဖြစ်ခဲ့တာ။ ဒီကြားထဲ သုံးနှစ်လောက်က ရေငန်ဝင်လို့ စပါးတွေသေ ငွေရှုံးတယ်။ အခုကတော့ ကျွဲပိုင်လေးတော့ ပြန်ရလာတယ်။ ဒီနှစ်ကတော့ အထွက်နှုန်း အသင့်ဆုံးပဲ။ အမြတ်အစွန်းတော့ မကျန်ဘူး။ ရှုံးလည်းမရှုံးဘူး။ ရေငန်တားပတ်တာသာရှိရင် အထွက်နှုန်း ဒီထက်တိုးနိုင်တယ်” ဟု လပွတ္တာမြို့နယ် သင်္ဃန်းကလေးကျေးရွာမှ တောင်သူဦးအောင်မိုးက ဆိုသည်။
မည်သို့ပင်ဆိုစေ နာဂစ်မတိုင်မီ ကာလကဲ့သို့ အထွက်နှုန်းကို ပြန်လည်မရရှိကြောင်းနှင့် အစိုးရမှ ရေငန်တားပတ်တာများ ဆယ်ဖို့ခြင်းများ လုပ်ဆောင်ပေးနေသော်လည်း ပင်လယ်ဘက်သို့ထွက်သည့် မြစ်ဝအနီး တည်ရှိနေသော ကျေးရွာများတွင် ရေငန်တားပတ်တာများ လိုအပ်လျက်ရှိသေးကြောင်း ရေငန်တားတာ လိုအပ်နေသည့် စပါးစိုက်တောင်သူများ၏ ပြောကြားချက်အရ သိရသည်။
လပွတ္တာမြို့နယ် ဆားကျင်းချောင်းအတွင်း ငါးရှာဖွေနေသော မိသားစုတစ်စုကို တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဝင်း)
“ကျွန်တော်တို့ လိုအပ်နေတာ နည်းပညာရယ်။ သွင်းအားစုရယ်ပေါ့။ သွင်းအားစုအတွက် ငွေလိုတယ်။ စိုက်စရိတ်ကလည်း သတ်မှတ်ချက်နဲ့ချေးတာ မူဝါဒ ပြန်ပြောင်းသင့်တယ်။ နည်းပညာပိုင်းအနေနဲ့ ယနေ့အထိ ကျွန်တော်စပါးစိုက်လာတာ ဘာနည်းပညာမှ မရှိဘူး။ မိရိုးဖလာ စိုက်လာတာ။ နည်းပညာ ပို့ချဖို့ကျတော့လည်း ကျွန်တော်တို့ တိုက်နယ်ဘက်မှ အစိုးရက ခန့်ထားတဲ့ စိုက်ပျိုးရေး ပညာရှင်က နှစ်ယောက်ပဲ ရှိတယ်။ သူတို့အနေနဲ့ ရွာစဉ်လိုက်ပြီး မပြောနိုင်ဘူး။ အဲဒီတော့ နည်းပညာနဲ့ ပတ်သက်တဲ့ လက်ကမ်းစာစောင်တို့ ရုပ်သံအခွေတို့ပေါ့ဗျာ။ အဲဒါတွေ လိုအပ်တယ်။ အဲဒါတွေသာရရင် ကျွန်တော်တို့ လယ်ဧက အများကြီးမလိုဘူး။ ရှိတဲ့ ဧကပေါ်မှာပဲ အထွက်နှုန်းတိုးအောင် လုပ်လို့ရတယ်” ဟု ငပုတောမြို့နယ် ဟိုင်းကြီးမြို့နယ်ခွဲ သက္ကယ်သောင်ကျေးရွာမှ တောင်သူဦးလှထွေးက သုံးသပ်ပြောကြားသည်။
၎င်းအပြင် လယ်ယာသုံး စက်ပစ္စည်းများအား အတိုးမပါ အရစ်ကျစနစ်ဖြင့် ရောင်းချပေးရန်ကိုလည်း နာဂစ်မုန်တိုင်းဒဏ်ခံ ဒေသများမှ တောင်သူအများစုက တောင်းဆိုကြသည်။
နာလန်မထူသည့် ရေလုပ်ငန်း
နာဂစ်မုန်တိုင်းဒဏ်ကို အဓိက ထိခိုက်ခံစားခဲ့ရသည့် ဧရာဝတီတိုင်းဒေသကြီးမှာ လယ်ယာလုပ်ငန်း၊ ဆားလုပ်ငန်းနှင့် ရေလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြခြင်းဖြစ်ပြီး မုန်တိုင်းတိုက်ခတ်မှုတွင် ရေလုပ်ငန်းမှာ ဗုန်းဗုန်းလဲသွားခဲ့သည်။
ထိုစဉ်က နိုင်ငံတကာ အထောက်အပံ့များ အပါအ၀င် သက်ဆိုင်ရာ အစိုးရက ရေလုပ်ငန်းနှင့် ပတ်သက်၍ ငါး၊ ပုစွန်ဖမ်းပိုက်များ၊ လှေများထောက်ပံ့ ပေးခဲ့သော်လည်း ပကတိမြေပြင်တွင် အသုံးမ၀င်ဘဲ လွဲချော်မှုများ ရှိခဲ့သည်။
“ကျွန်တော်တို့ရတဲ့ပိုက်က တခြားအမျိုးအစား ကျွန်တော်တို့ဘက်က ကျားပိုက်ထောင်ရတာ။ ဒီတော့ အဆင်မပြေရင် ပြန်ရောင်းစားရတယ်။ ပြီးတော့ ချက်ချင်းပြန်မလုပ်နိုင်ဘူး။ ပုစွန်ကန် သွားလုပ်တယ်။ အခုရလာတဲ့ အရင်းအနှီးလေးနဲ့ လိုအပ်တဲ့ပိုက် ပြန်ဝယ်ပြီး လုပ်ငန်းပြန်လုပ်တာ နှစ်နှစ်လောက်ပဲ ရှိသေးတယ်” ဟု သင်္ဃန်းကလေး ကျေးရွာမှ ရေလုပ်ငန်းလုပ်ကိုင်နေသည့် ဦးမြင့်လှိုင်က ပြောကြားသည်။
ထို့အပြင် ရေလုပ်ငန်း၏ သဘာဝအရ ငါး၊ ပုစွန်ဖမ်းသည့် ပိုက်များ၊ ဂဏန်းထောင်သည့် ကိရိယာ ပျက်စီးသွားပါက ပြန်လည်ဖြည့်တင်း ၀ယ်ယူခြင်းနှင့် အခြားဆက်စပ် ကိရိယာ တန်ဆာပလာများ ဖြည့်တင်းဝယ်ယူခြင်းများ လုပ်ဆောင်ရပြီး အခြေခံရေလုပ်ငန်း လုပ်ကိုင်နေကြသူများ အနေဖြင့် တစ်နေ့စာငွေအား စားလောက်ရုံသာ ရှာဖွေနေရသောကြောင့် အဆိုပါကဲ့သို့ လိုအပ်သည့်ပစ္စည်းများ ၀ယ်ယူရန် ငါးဒိုင်ကဲ့သို့ လုပ်ငန်းရှင်များထံမှ ငွေကြိုယူခြင်းများ လုပ်ဆောင်ကြရကြောင်း သိရသည်။
သို့ရာတွင် နာဂစ်မုန်တိုင်းအတွင်း ငါးဒိုင်လုပ်ငန်းလုပ်ကိုင်သည့် ရေလုပ်ငန်းရှင် အများအပြား သေဆုံးသွားခြင်း၊ ကျန်ရှိသောရေလုပ်ငန်းရှင် အချို့မှာလည်း ရင်းနှီးထည့်ဝင်ငွေ စိုက်ထုတ်နိုင်မှု မပြုနိုင်ခြင်းတို့ကြောင့် ကြိုတင်ငွေရယူသည့် အခြေခံရေလုပ်သားများအား ငွေကြေးများ လိုအပ်သလောက် စိုက်ထုတ်ပေးနိုင်ခြင်း မရှိသောကြောင့် ငါး၊ ပုစွန် ရှာဖွေရာတွင် လိုအပ်ချက်များစွာ ရှိနေပြီး နာဂစ်မတိုင်မီ ကာလက ရှာဖွေရရှိသည့် အခြေအနေများ၊ ပိုင်ဆိုင်မှုများသို့ ပြန်ရောက်နိုင်ရန် အခက်အခဲများစွာ ရှိနေကြောင်း သိရသည်။ “အဓိက,ကတော့ ပိုက်တို့ အခြားလိုအပ်တဲ့ ပစ္စည်းလေးတွေ ထပ်ဖြည့်ဝယ်ဖို့ အရင်းအနှီး လိုချင်တာပါ။ အစိုးရက ငွေချေးပေးမယ်ဆိုရင် အတိုးမဲ့ ဒါမှမဟုတ် အတိုးနှုန်းသက်သာနဲ့ ချေးပေးစေချင်ပါတယ်” ဟု သင်္ဃန်းကလေးကျေးရွာမှ ရေလုပ်ငန်းလုပ်ကိုင်သည့် ဒေါ်ယဉ်သိန်းက ပြောပြသည်။
ယင်းအပြင် ရေလုပ်ငန်းလုပ်ကိုင်မှု လုပ်ငန်းချင်းတူသော်လည်း ကမ်းဝေးငါးဖမ်း လုပ်ကိုင်သူများမှ ရေနယ်နိမိတ်ကျော်လွန် ဖမ်းဆီးမှုများ ရှိလာသဖြင့် အဆိုပါ ကိစ္စရပ်သည် ကမ်းနီးငါးဖမ်းသူများအတွက် အခက်အခဲ ပြဿနာတစ်ရပ်ဖြစ်ကြောင်း ကမ်းနီးငါးဖမ်း လုပ်ကိုင်သူများ၏ ပြောကြားချက်အရ သိရသည်။
ကမ်းဝေးငါးဖမ်းသူများ အနေဖြင့် ကမ်းခြေအနီးသို့ ချဉ်းကပ်ရာတွင် ရေမိုင် ၁၀ မိုင်အထိသာ ချဉ်းကပ်ဖမ်းဆီးခွင့် မရှိသော်လည်း ယခုအခါ တရားမ၀င် ရေမိုင်နှစ်မိုင်၊ သုံးမိုင်ခန့်ထိ ၀င်ရောက်ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် ကမ်းနီးတွင် ဖမ်းဆီး၍ရသော ငါး၊ ပုစွန်များ ရှားပါးလာကြောင်း လပွတ္တာမြို့ ပြင်စလူမြို့နယ်ခွဲ လေယာဉ်ကွင်းကျေးရွာမှ ရေလုပ်ငန်းရှင် ဦးနေ၀င်းက ပြောကြားသည်။
“ကျွန်တော်က ဒေသအခေါ် တစ်စီးထောင် (ပင်လယ်ထွက်တဲ့ စက်လှေတစ်စင်း) ပိုင်တယ်။ ကျွန်တော်တို့ အများဆုံးသွားမှ ကမ်းခြေကနေ နှစ်မိုင်၊ သုံးမိုင်ပဲ သွားဖမ်းတာ။ အခုသူတို့က တရားမ၀င် ၀င်ဖမ်းနေတော့ အဆင်မပြေဘူး။ ပြီးတော့ သူတို့ရဲ့ပိုက်တွေက စက်အားနဲ့ ရေအောက်ကြမ်းပြင်ကို တိုက်ပြီးဆွဲတာ အကုန်လုံး စားကျက်တွေပါ ပျက်ကုန်တော့ မျိုးတုံးတာတွေ ဖြစ်လာတာပေါ့။ ကျွန်တော်တို့က ပုစွန်ခြောက်လုပ်တာဆိုတာ အခုဆို ပုစွန်ဖမ်းတာ တော်တော်ကို ရှားလာတယ်” ဟု ဦးနေ၀င်းက ဆိုသည်။
ရေလုပ်ငန်းရှင်များ အနေဖြင့်လည်း အခြေခံ၊ အသေးစား၊ အလတ်စား မည်သို့အခြေအနေပင် ဖြစ်စေကာမူ ဆင့်ကဲငွေကြေးစီးဆင်းမှုအရ လုပ်ငန်းများ ချဲ့ထွင်နိုင်ရန် အရင်းအနှီး ငွေကြေးပိုင်ဆိုင်ရာများမှာ ၎င်းတို့အတွက် အထူးလိုအပ်ချက်တစ်ရပ် ဖြစ်နေကြောင်း သိရသည်။
မကြာမီ ကွယ်ပျောက်သွားနိုင်သည့် ဆားကြမ်းထုတ်လုပ်ငန်း
တစ်ချိန်က မြန်မာ့ဆားတောင်သူ ဆားဖိုသူကြီးများသည် အဆင့်အတန်းတစ်ခုအဖြစ် နေနိုင်ခဲ့သော်လည်း ယခုအခါ ဆားတောင်သူများ အကြွေးပတ်လည်ဝိုင်း၍ လုပ်ငန်းရပ်ဆိုင်းသူက ရပ်ဆိုင်း၊ ဆားကွင်းများအား အကြွေးဖြင့် ထိုးအပ်သူက ထိုးအပ်ဖြင့် ဆားလုပ်ငန်းမှာ ပျောက်ကွယ်လုနီးပါး အခြေအနေသို့ ရောက်ရှိနေကြောင်း သိရသည်။
မုန်တိုင်းတိုက်ခတ်ချိန်တွင် ဆားဖိုသူကြီးများဖြစ်သော ဆားကွင်းတောင်သူ လုပ်ငန်းရှင်များမှာ ရေလုပ်ငန်းရှင်များလောက် အသေအပျောက်မရှိဘဲ ဆားကွင်းလုပ်သားများသာ အဓိကသေဆုံးခဲ့ပြီး အဓိကထိခိုက်မှုမှာ နာဂစ်မုန်တိုင်း တိုက်ခတ်ချိန်သည် ဆားထုတ်ရာသီ ဖြစ်သောကြောင့် ရင်းနှီးမြှုပ်နှံမှုများ အလုပ်စုံပြုလုပ်ပြီးချိန် ဖြစ်သဖြင့် ထိခိုက်နစ်နာမှုများမှာ ငွေကြေးပိုင်းအရ ရေလုပ်ငန်းကဲ့သို့ပင် ဆုံးရှုံးမှုများစွာ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
နာဂစ်ပြီးနောက်ပိုင်း ဆားတောင်သူများအား အစိုးရမှ တစ်ဧကလျှင် သုံးသိန်းနှုန်းဖြင့် ချေးငွေထုတ်ပေးခဲ့သော်လည်း ဆားတောင်သူများမှာ ပြန်လည်ပေးဆပ်နိုင်ခြင်း မရှိသဖြင့် အစိုးရက ဆားတောင်သူများအား ထောက်ပံ့ငွေဖြင့် ချေးငွေများအား ချေပပေးခဲ့ပြီး လိုအပ်ငွေများကို ဆားတောင်သူတစ်ဦးလျှင် ခုနှစ်သိန်းရှစ်သောင်းနှုန်း ပေးဆပ်ခိုင်းသော်လည်း ယနေ့အချိန်ထိ ဧရာဝတီတိုင်းဒေသကြီး တစ်ခုလုံးရှိ ဆားတောင်သူ ဦးရေ ၈၀၀ တွင် ဦးရေတစ်ရာကျော်မှာ ပြန်လည်ပေးဆပ်နိုင်ခြင်း မရှိကြောင်း သိရသည်။
“ဘယ်လွယ်ပါ့မလဲ။ အမျိုးသားက နာဂစ်နဲ့ပါသွားတယ်။ အခု ကိုယ်က မိန်းမသားတစ်ယောက်တည်း လုပ်ရတာ။ ကြောက်တာပေါ့။ ချေးငွေအကုန်လုံး သိန်း ၃၀၀ ကျော်မယ် ပြန်ဆပ်ပြီးပြီ။ ဆပ်ပြီး ဘယ်သူတွေကို အစိုးရက တစ်ခုခုထပ်ပြီး လုပ်ပေးသင့်တယ်။ မဆပ်တဲ့သူကြတော့ ဘာမှမဖြစ်။ ဆပ်တဲ့သူကြတော့ ထောက်ပံ့မှု မလာတော့ဘူး။ ဆားဈေးကွက်က ပျက်နေပြီ။ အရှုံးတွေလည်း ပေါ်နေကြပြီ။ ကိုယ့်လည်း တစ်သက်လုံး ဒါပဲလုပ်လာလို့ ဆက်လုပ်တာ။ နောက်နှစ်ရပ်တည်ဖို့ လွယ်ပါ့မလား မသိဘူး။ ပြောရင်ယုံမှာ မဟုတ်ဘူး။ တချို့ ဆားဖိုသူကြီးတွေ အကြွေးနဲ့ ဆားကွင်းတွေထိုးအပ်ပြီး ချောင်းထဲမှာ ကဏန်းထောင်၊ ငါးရှာ၊ ဖားရှာစားနေရတယ်” ဟု လပွတ္တာမြို့နယ် ရေကျော်ကြီးကျေးရွာမှ ဆားတောင်သူ ဒေါ်ကျင်ဋ္ဌေးက ဆိုသည်။
ယခုကဲ့သို့ ဆားလုပ်ငန်းများ ပျောက်ပျက်လာရခြင်းမှာ ရင်းနှီးမြှုပ်နှံရန် ငွေမလုံလောက်ခြင်း၊ ဆားဈေးကွက်ပျောက်နေခြင်း၊ ပြည်ပဆားများ ၀င်ရောက်လာခြင်း၊ ဆားကြမ်းတစ်ပိဿာဈေးနှုန်းနှင့် လက်လီဆားချောဈေးနှုန်းမှာ များစွာကွာဟနေပြီး သက်ဆိုင်ရာမှ ဈေးကွက်ထိန်းညှိပေးမှု မရှိခြင်းတို့ကြောင့် ဖြစ်ကြောင်းနှင့် ပြည်ပဆားများ ၀င်ရောက်မှုများအား ထိန်းချုပ်ပေးမှုတို့အား သက်ဆိုင်ရာက လုပ်ဆောင်ပေးရန်လိုအပ်ပြီး ဈေးကွက်ကစားနေသူများအား ထိရောက်စွာ အရေးယူသင့်ကြောင်း လပွတ္တာမြို့နယ် ဆားလုပ်ငန်းရှင်များအသင်း တွဲဖက်အတွင်းရေးမှူး ဦးသိန်းဇော်ဦးက သုံးသပ်ပြောကြားသည်။
သူတို့တွေ ဘယ်ရောက်ဘယ်ပေါက်နေကြပြီလဲ
လယ်ယာလုပ်ငန်းခွင်တစ်ခုသာ တိုးတက်သည့် အရိပ်အယောင် ပြနေပြီး ဆားလုပ်ငန်း အခြေအနေမှာလည်း အခက်အခဲများစွာဖြင့် ရင်ဆိုင်နေရကာ ပျောက်ကွယ်မသွားရန် နည်းလမ်းပေါင်းစုံသုံး၍ ပြုလုပ်နေရချိန်တွင် ရေလုပ်ငန်းမှာလည်း စားဝတ်နေရေးနှင့် အလုပ်အကိုင်များ ဖန်တီးထားနိုင်ရန်အတွက် လုပ်ငန်းရှင်အနည်းငယ်မှ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေကြရသဖြင့် အလုပ်အကိုင် အခွင့်အလမ်း နည်းပါးသောကြောင့် လူငယ်အများစုမှာ ရန်ကုန်ကဲ့သို့ မြို့ကြီးများသို့ ထွက်ခွာနေကြကြောင်း ပြင်စလူမြို့နယ်ခွဲ လေယာဉ်ကွင်းကျေးရွာမှ ဒေသခံဦးအောင်လွင်က ပြောပြသည်။
“အရင်ဆို မိုးတွင်းဆိုရင် လယ်ဝင်လုပ်ကြတယ်။ ပြီးရင် စက်လှေလိုက်တယ်။ ငါးဖမ်းလှေပေါ့။ အခုဟာက ရေလုပ်ငန်းက အလုပ်အကိုင် မပေးနိုင်တော့ဘူး။ လယ်တစ်ခုလောက်ပဲဆိုတော့ လယ်ပြီးရင် လူငယ်တွေ အလုပ်မရှိတော့ဘူး။ အဲဒီတော့ နေရပ်စွန့်တယ်။ ရန်ကုန်သွားတယ်။ တစ်နှစ်တစ်ခေါက်လောက်ပဲ ပြန်လာကြတယ်” ဟု ဦးအောင်လွင်က ဆိုသည်။
ထို့အပြင် တက္ကသိုလ်ဘွဲ့ရပြီးသည့် လူငယ်များရှိသော်လည်း ၎င်းတို့နှင့်အပ်စပ်သည့် လုပ်ငန်းခွင်များသို့ ၀င်ရောက်ရန် မိမိဒေသ၌ အလုပ်အကိုင် မပေးနိုင်သဖြင့် မြို့ရွာများအား စွန့်ခွာနေခြင်းဖြစ်ကြောင်း သိရသည်။
“နာဂစ်ပြီးတော့ မိစုံ၊ ဖစုံရှိတဲ့သူက နည်းတယ်လေ။ သူတို့ကြိုးစားကြတော့ ဘွဲ့လေးတွေ ရသွားကြတော့ ဒီမှာ အလုပ်အကိုင်ကမရှိ ယောင်လည်လည်ဖြစ်လာတော့ ရရာအလုပ် လုပ်ဖို့ဒီလိုပဲ တစ်ယောက်ပြီးတစ်ယောက် ထွက်နေကြတာ။ အရင်က မိဘတွေရှိတော့ မိဘလုပ်ငန်းတွေမှာ လုပ်ကြကိုင်ကြပေါ့။ ဘယ်သူက နေရပ်စွန့်ချင်ပါမလဲ” ဟု ပြင်စလူမြို့နယ်ခွဲမှ ဒေသခံတစ်ဦးဖြစ်သူ ဦးတင်အုန်းက ပြောပြသည်။
ထိုင်းမှာယာဉ်တိုက်မှုဖြစ်လို့ ကောင်မလေးတစ်ယောက် သတိလစ်နေတာ သူ့အပေါင်းအသင်း မိတ်ဆွေတွေက သူ့မိဘနေရပ်ရယ်၊ နာမည်ရယ်ကို အင်တာနက်မှာ တင်ထားတွေ့လို့ကြည့်တော့ ဒီလပွတ္တာဘက်က ဖြစ်နေတယ်။ ကျွန်တော်တို့လည်း သူ့မိဘတွေဆီကို ဆက်သွယ်မှုတွေတော့ လုပ်ပေးနေတာ အခုထိ အဆက်အသွယ် မရသေးဘူး။ သူမိဘတွေက သက်ရှိထင်ရှား ရှိသေးလား။ မရှိဘူးလား ဆိုတာလည်း မသိရဘူး . . . . .
ထို့အပြင် အလုပ်အကိုင် ရှားပါးမှုအား ဖြေရှင်းနိုင်ရန် ရေလုပ်ငန်းနှင့်ပတ်သက်၍ ရင်းနှီးမြှုပ်နှံနိုင်သော လုပ်ငန်းရှင်များ မိမိတို့ဒေသများတွင် လုပ်ငန်းများ လာရောက်လုပ်ကိုင်စေလိုကြောင်း ဦးတင်အုန်းက ဆက်လက်ပြောကြားသည်။
အလုပ်အကိုင် ရှားပါးသည့်ကြားမှ အခက်အခဲဖြင့် ရင်ဆိုင်နေရသည့် ဆားလုပ်ငန်းများတွင် လုပ်သားရှားပါးမှုနှင့် ရင်ဆိုင်တွေ့ကြုံ နေရကြောင်း သိရသည်။
စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့်အပြိုင် လုပ်ငန်းအားလုံးမှာလည်း လုပ်ခလစာများ တိုးမြှင့်ပေးခြင်းများ လုပ်ဆောင်လျက်ရှိပြီး ယင်းတို့ထဲတွင် ဆားကြမ်းထုတ်လုပ်သည့် လုပ်ငန်းမှာ အရှုံးပေါ်နေသဖြင့် လုပ်အားခများအား တိုးပေးနိုင်ခြင်း မရှိသောကြောင့် လုပ်သားများအား လုပ်ငန်းခွင်အတွင်း တည်ရှိရန် ထိန်းထားနိုင်မှု မရှိခြင်းတော့သဖြင့် ဒေသအား စွန့်ခွာနေကြခြင်းဖြစ်ကြောင်း သက္ကယ်သောင်ကျေးရွာမှ ဆားတောင်သူဦးဟန်အေးက ဆိုသည်။
ဆားလုပ်ငန်းများတွင် ၀င်ရောက်လုပ်ကိုင်နေသည့် လုပ်သားများတွင် ပုသိမ်ကဲ့သို့ အထက်ပိုင်းမှ လာရောက်လုပ်ကိုင်သူများလည်းရှိပြီး ဆားလုပ်ငန်းအခြေအနေ ယိုင်နဲ့လာမှုကြောင့် နေရပ်စွန့်ခွာသူများတွင် နာဂစ်မုန်တိုင်းဒဏ်ခံ ဒေသခံများအပြင် အဆိုပါအထက်ပိုင်းမှ လုပ်သားများလည်း ပါဝင်ကြောင်း သိရသည်။
“ဒီကလူတွေလည်း အဆက်အသွယ်တွေနဲ့ အကုန်ရန်ကုန်တက်ကုန်ပြီ။ ဟိုမှာက ဆောက်လုပ်ရေးတွေမှာလုပ်ရင် တစ်ရက်လေးငါးထောင်က ပြေးမလွတ်ဘူး။ ဒီမှာကြတော့ အဲဒီလောက် မရဘူးလေ။ ကျွန်တော်တို့လည်း တိုးမပေးနိုင်ဘူး။ အထက်ပိုင်းက ဒီကိုလာမလုပ်ကြတော့ဘူး” ဟု ဆားတောင်သူ ဦးစံဝင်းကဆိုသည်။
လက်ရှိတွင် မိသားစုကြောင့် နေရပ်အား စွန့်ခွာခြင်းမရှိသေးသူများ ရှိကြောင်း၊ ရေလုပ်ငန်းလုပ်သားချင်း တူညီစေကာမူ အများစုမှာ မိမိဒေသတွင် လုပ်ကိုင်လိုခြင်း မရှိကြတော့ကြောင်းနှင့် ရန်ကုန်၊ တနင်္သာရီ စသည့်ဒေသများရှိ ငါးဖမ်းစက်လှေကြီးများတွင် သွားရောက်လုပ်ကိုင်ခြင်းများ ရှိလာကြောင်း လပွတ္တာပြင်စလူ လေယာဉ်ကွင်းကျေးရွာမှ ရေလုပ်ငန်းရှင် ဦးနေ၀င်းက သုံးသပ်ပြောကြားသည်။
“ကျွန်တော်တို့လည်း အလုပ်အကိုင် အများကြီး မပေးနိုင်ဘူး။ ပိုက်ဆံက အများကြီး တိုးမပေးနိုင်ဘူး။ အများအားဖြင့် လူငယ်တွေကတော့ မပျော်ဘူးပေါ့ဗျာ။ အားလုံး နေရပ်စွန့်တယ်။ ဒါပါပဲ” ဟု ဦးနေ၀င်းက ပြောပြသည်။
နာဂစ်မုန်တိုင်း မတိုက်ခတ်မီ ကာလများကပင် ဧရာဝတီတိုင်းဒေသကြီးမှ လူငယ်အများစုမှာ ရန်ကုန်မြို့ရှိ လှိုင်သာယာစက်မှုဇုန်ကဲ့သို့ နေရာများတွင် စက်ရုံကြီးများ၌ ၀င်ရောက်လုပ်ကိုင်နေကြကြောင်း သိရသည်။
ယခုလက်ရှိ နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက်ပိုင်းတွင် ရန်ကုန်မြို့သို့ သွားရောက်သူများမှာ ပိုမိုများပြားလာပြီး အခြေခံအလုပ်ကြမ်း လုပ်ကိုင်သူများ အနေဖြင့် ဆောက်လုပ်ရေးနှင့် သက်ဆိုင်သည့် လုပ်ငန်းခွင်များတွင် အများဆုံးဝင်ရောက် လုပ်ကိုင်နေကြကာ အခြေခံအလယ်တန်း၊ တက္ကသိုလ်ဝင်တန်းနှင့် ဘွဲ့ရအောင်မြင်ပြီးသူ လူငယ်အများစု အနေဖြင့် အထည်ချုပ်စက်ရုံများတွင် အများဆုံးဝင်ရောက် လုပ်ကိုင်နေကြကြောင်း သိရသည်။
“အန်တီတို့ ဘိုကလေးဘက်က နာဂစ်ပြီးတည်းက နေပြည်တော်ရောက်နေတာ သမီးလေးက နေပြည်တော်က စူပါမားကတ်တစ်ခုမှာ ၀င်လုပ်နေတယ်။ နေရပ်ပြန်ဖို့ ကြတော့လည်း အလုပ်အကိုင် ရှားတယ်လေ။ အခုအန်တီက တစ်ဖက်တစ်လှမ်းက ၀င်ငွေရအောင် ရာသီပေါ်စာလေးတွေ လိုက်ရောင်းနေတာ” ဟု နေပြည်တော် သပြေကုန်းရပ်ကွက်တွင် သရက်သီး လိုက်လံရောင်းချနေသော (အမည်လွဲ) ဒေါ်သန်းမေက ပြောပြသည်။
ရန်ကုန်မြို့ကဲ့သို့ မြို့ကြီးများတွင် လာရောက်လုပ်ကိုင်နေကြသူများသည် ယခုနောက်ပိုင်း ကာလများတွင် နယ်စပ်ထွက်ပေါက်များမှတစ်ဆင့် အိမ်နီးချင်းနိုင်ငံများသို့ သွားရောက်လုပ်ကိုင်မှုများ ရှိလာကြောင်း သိရသည်။
“တစ်လောကပဲ ထိုင်းမှာယာဉ်တိုက်မှုဖြစ်လို့ ကောင်မလေးတစ်ယောက် သတိလစ်နေတာ သူ့အပေါင်းအသင်း မိတ်ဆွေတွေက သူ့မိဘနေရပ်ရယ်၊ နာမည်ရယ်ကို အင်တာနက်မှာ တင်ထားတွေ့လို့ကြည့်တော့ ဒီလပွတ္တာဘက်က ဖြစ်နေတယ်။ ကျွန်တော်တို့လည်း သူ့မိဘတွေဆီကို ဆက်သွယ်မှုတွေတော့ လုပ်ပေးနေတာ အခုထိ အဆက်အသွယ် မရသေးဘူး။ သူမိဘတွေက သက်ရှိထင်ရှား ရှိသေးလား။ မရှိဘူးလား ဆိုတာလည်း မသိရဘူးလေ။ ပြည်ပထွက်သွားတဲ့ သူတွေက အခက်အခဲတွေကတော့ တော်တော်များတယ်။ အလုပ်အကိုင် မရှိတော့ ဒီလိုပဲ သွားလုပ်ကြရတာပေါ့” ဟု လပွတ္တာမြို့နယ်တွင် တောင်သူလယ်သမားအရေးနှင့် အလုပ်သမားအရေးများ ဆောင်ရွက်ပေးနေသူ ဦးသန်းမြင့်က ပြောကြားသည်။
ထိုသို့ သွားရောက်ရာတွင် တရားဝင်ဖြစ်စေ၊ မိတ်ဆွေအပေါင်းအသင်းများ အဆက်အသွယ်ဖြင့်ဖြစ်စေ သွားရောက်သူများ ရှိသကဲ့သို့ တရားမ၀င် သွားရောက်သူများရှိကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူများက ပြောကြားသည်။
“နာဂစ်ဖြစ်ပြီး တော်တော်လေး ဒုက္ခရောက်ကြတယ်လေ။ တချို့လည်း လက်ရှိအလုပ်တွေ မလုပ်နိုင်တဲ့ အခါကြတော့ အဆင်ပြေသလိုပေါ့လေ။ နီးစပ်ရာတွေ သွားကြတဲ့အခါမှာ ထိုင်းဘက်ကို သွားကြတယ်။ တချို့ကြတော့လည်း ပွဲစား၊ ဒါမှမဟုတ် ဆွေမျိုးရှိတော့ အဆင်ပြေတယ်။ တချို့ကြတော့လည်း ရောင်းစားခံရတာတွေ ရှိတယ်။ အဓိကအားဖြင့် ငါးဖမ်းလှေတွေမှာ ရောင်းစားခံရတယ်။ ကျွန်တော်တို့ နှစ်ဦးလောက် ကြုံဖူးတယ်။ ကျွန်တော်တို့ကိုယ်တိုင် ကူညီပေးခဲ့လို့သိတာ။ အမျိုးသမီးတွေ ဘယ်လိုပုံစံ လူကုန်ကူးခံရလဲတော့ ကျွန်တော်တို့ မကြုံဘူးတော့ အတိအကျ မပြောနိုင်ဘူး။ ကျွန်တော်တို့ ကယ်ခဲ့ရတဲ့ နှစ်ယောက်ဆို လပွတ္တာဘက်ကလို့ ပြောတယ်။ နေရပ်အတိအကျ မသိရဘူး” ဟု ထိုင်းနိုင်ငံအခြေစိုက် ရွေ့ပြောင်းအလုပ်သမားအခွင့်အရေး ကွန်ရက်မှ ဦးစိန်ဋ္ဌေးက ပြောကြားသည်။
နာဂစ်တိုက်ခတ်ခဲ့သည့်မှာ ခြောက်နှစ်ပြည့်ခဲ့ပြီ ဖြစ်သော်လည်း သေသူကသေ ရှင်ကျန်ခဲ့သူများကလည်း နဂိုမူလဘ၀ အခြေအနေသို့ ပြန်လည်ရောက်ရှိရန် အခြေခံကစကာ ရုန်းကန်နေရသည့်အတွက် အနာဂတ်ကာလ အခြေအနေများမှာ တစ်ထစ်ချ အသေအချာ မပြောနိုင်သေးသည့်အပြင် နာကြည်းချက်များဖြင့် နေရပ်စွန့်ခွာ၍ ရေကြည်ရာမြက်နုရာ ဒေသများသို့ သွားရောက်လုပ်ကိုင် နေထိုင်ကြသူများလည်း အခက်အခဲများစွာဖြင့် ရုန်းကန်နေရဆဲဖြစ်ကာ ဆက်လက်၍လည်း နေရပ်စွန့်ခွာမှုများမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာနေကာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရန် လိုအပ်လျက်ရှိကြောင်း သိရသည်။
-
ဧရာဝတီတိုင်းအတွင်းမှ ရေလုပ်သားတစ်ဦးအား လုပ်ငန်းခွင်မှ ပြန်လာသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဝင်း)
လပွတ္တာမြို့နယ် လေယာဉ်ကွင်းကျေးရွာ ကမ်းခြေတွင် ပုစွန်သားပေါက်များ ရှာဖွေနေစဉ်
လပွတ္တာမှ နာဂစ်ဒုက္ခသည်မိသားစုများ ရေလုပ်ငန်းသုံးပစ္စည်းများ ပြုလုပ်နေကြစဉ်
Aye Chan Mon# Credit To :Eleven Media Group
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ မမေ့နဲ့နော် (4 photos)
Post a Comment