ဆလပ်ရိုးကို အော်စွန်းလို့ တချို့ကခေါ်တယ်ပေါ့။ အော်စွန်းဆိုတာ တရုတ်အခေါ် Wō Sǔn (萵筍) ကလာတာဖြစ်ပါတယ်။ အော်စွန်းဆိုတဲ့အခေါ်ကို တရုတ်လူမျိုးများတဲ့မန္တလေးကစတယ်လို့ ကျွန်မထင်ပါတယ်။ ကျွန်မတို့ဖက်မှာတော့ မြန်မာဆန်ဆန်ပဲ (အရင်က)ဆလပ်ရိုးလို့ခေါ်ပါတယ်။ အခုတော့ သူတို့လည်း အော်စွန်းကုန်ပြီလား မပြောတတ်ပါဘူး။ ဆလပ်ရိုးက အရိုးရော၊ အရွက်နုပါစားလို့ရပါတယ်။ အသားနဲ့အစိမ်းကြော်ကြော်စားကြသလို သုပ်လည်းစားကြပါတယ်။ အရွက်နုကတော့ ကြက်သွန်ဖြူလေး၊ ဆားလေးနဲ့ပဲ မကျက်သကျက် ကြော်စားကြတာများတယ်။ ပူတုန်းမြန်မြန်မစားရင် အရွက်ကြော်က ကန်စွန်းရွက်ကြော်လိုပဲ မည်းသွားတတ်ပါတယ်။
ဆလပ်ရိုးသုပ်တဲ့အခါ တချို့က အသားကင်ကိုပါးပါးမျှင်မျှင်လေးလှီးပြီး ထည့်သုပ်ကြသလို အသားတောက်တောက်စင်းကို ရေနွေးနဲ့ကျက်အောင်ဖျောပြီးလည်း ထည့်သုပ်ကြပါတယ်။ ကြာဇံလည်း ထည့်သုပ်ကြပါတယ်။ ကျွန်မအခုသုပ်တာကတော့ သက်သတ်လွတ်လို့ပြောလို့ရတယ်။ ဘာအသားမှ မပါသလို ကြာဇံလည်းမပါပါဘူး။ ဆလပ်ရိုးသုပ်ထဲ ကြက်သွန်ဆီ၊ နှမ်းဆီ၊ နှင်းလှော်တွေထည့်သုပ်ရင် ပိုမွှေးပြီး စားလို့ကောင်းပါတယ်။
ဆလပ်ရိုးသုပ်တာ အခက်ကြီးလည်းမဟုတ်ပါဘူး။ ပထမဆုံး ဆလပ်ရိုးကိုမျှင်မျှင်လေးလှီးပြီး ရေအေးနဲ့စိမ်လိုက်ပါတယ်။ ရေခဲရေရှိရင် ပိုကောင်းပါတယ်။ ရေအေးအေးထဲထည့်စိမ်လိုက်ရင် မာတောင့်ပြီး ပိုကျွတ်သွားပါတယ်။ အရောင်လှအောင်ဆိုပြီး မုန်လာဥနီလည်း ထည့်သုပ်ပါတယ်။ ဒီအသုပ်စားကောင်းမကောင်းဆိုတာ အတူထည့်သုပ်မယ့် အဖျော်က အဓိကကျပါတယ်။ ကျွန်မလုပ်တဲ့အဖျော်က -- ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ၊ ဂျင်းနည်းနည်း၊ သကြား၊ ဆား၊ ငံပြာရည်၊ ရှာလကာရည်နဲ့ နံနံပင်ပါ။ အပေါ်ကပြောသလို ကြက်သွန်ဆီ၊ နှမ်းဆီ၊ နှမ်းလျော်တွေလည်း ထည့်နိုင်ပါတယ်။ အဲဒါတွေ ကျွန်မမှာမရှိလို့ မထည့်ဖြစ်ပါဘူး။
ပထမဆုံး ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ၊ ဂျင်းနည်းနည်းကို တောက်တောက်စင်းပြီး ပန်းကန်လုံးတစ်ခုထဲ ကျွန်မအရင်ထည့်ပါတယ်။ ပြီးရင် ကျန်တဲ့အရာတွေထည့်တယ်။ ဒီနေရာမှာ အရသာအစပ်အဟပ်တည့်ဖို့ ကျွန်မက ဆားတစ်ဇွန်းဆိုရင် သကြားတစ်ဇွန်းထည့်ပါတယ်။ ဆားဇွန်းတစ်ဝက်ဆိုရင် သကြားဇွန်းတစ်ဝက်ပေါ့။ ဆားနဲ့သကြားကို ဆတူထည့်ပါတယ်။ အဲဒီလိုပဲ ငံပြာရည် နှစ်ဇွန်းဆိုရင် ရှာလကာရည်လည်း နှစ်ဇွန်းပါ။ အရည်များအောင် ရေကျက်အေးရောမယ်ဆိုရင်လည်း ဆတူထည့်ပါတယ်။ သံပရာသီးဆိုလည်း ရပါတယ်။ ငရုတ်သီးစိမ်းကတော့ ကိုယ်အစပ်ကြိုက်ရင်ကြိုက်သလို လျော့ထည့် ပိုထည့်နိုင်ပါတယ်။ ပြီးမှ နံနံပင်ထည့် အားလုံးကို နှံ့နေအောင်ဖျော်ပြီး ရေစစ်ထားတဲ့ ဆလပ်ရိုးပေါ်လောင်းထည့် သုပ်လိုက်ရုံပါပဲ။ တအားနှယ်စရာမလိုပါဘူး.. တူလေးနဲ့ ဆွနှယ်ပေးရုံပါပဲ။
တောင်ကြီးမှာတော့ ဆလပ်ရိုးပေါပါတယ်။ ဈေးကတော့ သိပ်မပေါဘူးလို့ ထင်ပါတယ်။ အချောင်းအကြီးအသေးပေါ်လိုက်ပြီး တစ်ချောင်း ငါးရာ၊ ခုနစ်ရာတွေဖြစ်မယ် ထင်တာပဲ...ကျွန်မလည်း ဈေးနှုန်းတွေမသိတော့ပါဘူး။
စကားမစပ် ကျွန်မအတွေ့အကြုံ မြန်မာပြည်ကုန်ဈေးနှုန်းအကြောင်း ပြောချင်ပါသေးတယ်။ ၁၉၉၇ခုနှစ်က ကျွန်မ ထိုင်ဝမ်မှာကျောင်းတက်ဖို့ မြန်မာပြည်ကထွက်တော့ ထိုဟူးနွေးတစ်ပွဲ ၂၅ကျပ်ပါ။ အသားပါရင် ၃၅ကျပ်ပါ။ အိမဇီးယိုစုံတစ်ထုပ် ၅ကျပ်ပါ။ ၂ဝဝ၁ခုနှစ်မှာ မြန်မာပြည်ကို ကျွန်မ ခဏလောက်ပြန်သွားဖူးပါတယ်။ တခြားနိုင်ငံဝင်လျှောက်လည်ပြီးမှ ပြန်တယ်ဆိုတော့ တောင်ကြီးမှာ ၂ပတ်ပဲကြာခဲ့ပါတယ်။ ခဏလေးပဲဆိုတော့ ဈေးလည်းမသုံးတော့ မြန်မာ့ကုန်ဈေးနှုန်းတွေကို အဲဒီလောက် မသိခဲ့ဘူးပေါ့။
၂ဝဝ၈ မှာ ကျွန်မပြန်တော့ မြန်မာပြည်မှာ ၂နှစ်နေခဲ့ပါတယ်။ အဲဒီမှာ ကုန်ဈေးနှုန်းအကြောင်း တော်တော်လေးသိသွားပါတယ်။ နိုင်ငံခြားထွက်ပြီး မြန်မာပြည်ပြန်တယ်ဆိုတဲ့ ၁၁နှစ်တာကာလကို ကျွန်မက ခဏလေးလို့ပဲထင်ခဲ့ပါတယ်။ မြန်မာပြည်ကုန်ဈေးနှုန်း တရိပ်ရိပ်တက်သွားတာကိုလည်း ကိုယ်တိုင်မထိတွေ့ရတော့ ကျွန်မစိတ်ထဲမှာ အဲဒီ ၉၇ခုနှစ်ကဈေးနှုန်းတွေပဲ ရှိခဲ့ပါတယ်။ ထိုဟူးနွေးတစ်ပွဲ ၂၅ကျပ်ပေါ့။ တကယ်တမ်းသွားစားတော့ တစ်ပွဲ ၂၅ဝ၊ ၃ဝဝဆိုတာကို ချက်ချင်းလက်ခံလို့မရဘူးဖြစ်ခဲ့ပါတယ်။ ခဏလေးကို ဘာဖြစ်လို့ ဒီလောက်ဈေးကြီးသွားလည်းပေါ့။ လမ်းမှာကျနေတဲ့ ပိုက်ဆံ၂ဝကို ကျွန်မက ဝမ်းသာအားရကောက်တော့ ဒီ၂ဝ ဘာမှလုပ်လို့မရတော့ဘူးလို့ မောင်လေးကပြောတော့ ပိုက်ဆံ ၂ဝကိုကိုင်ပြီး ကျွန်မနှမြောလိုက်တာ။ တကယ်ဆို ကျွန်မကြိုက်တဲ့ အိမဇီးယိုစုံ ၄ထုပ်ရနိုင်ပါသေးတယ်။
တကယ်ပါ.. မြန်မာပြန်ရောက်စက ကျွန်မဈေးမသုံးတတ်တော့ပါဘူး။ ဈေးသွားသုံးရင် ကျွန်မက ပိုက်ဆံ၃ဝဝဝယူသွားမယ် လောက်လားလို့မေးတော့ ကျွန်မညီမကရယ်ပြီး ပိုက်ဆံ ၃ဝဝဝနဲ့ ဘာသွားဝယ်မလဲတဲ့။ တကယ်ဆို ကျွန်မအသိထဲမှာ ပိုက်ဆံ ၃ဝဝဝက ဈေးခြင်းတောင်းကြီးတစ်တောင်းအပြည့် ဟင်းသီးဟင်းရွက်တွေဝယ်နိုင်ပြီး ဈေးထဲမှာ ခေါက်ဆွဲတစ်ပွဲပါ အပိုစားနိုင်ခဲ့တယ်လေ။ အခုတော့ ဟိုဟာမေးလည်း ၁ဝဝဝ၊ ဒီဟာမေးလည်း ၂ဝဝဝနဲ့ အသားငါးတွေများမေးမိရင် ကျွန်မတကယ်ကို နှလုံးတဆတ်ဆတ်တုန်ပါတယ်။ ဘာဖြစ်လို့ ဒီလောက်ဈေးကြီးရသလဲပေါ့။ ကျွန်မညီမက ၁ဝဝဝဆိုလည်း ဟာ... တန်တယ်၊ ၂ဝဝဝဆိုလည်း ဈေးပေါတယ် ဝယ်သွားမယ်နဲ့။ ကျွန်မကတော့ ပစ္စည်းနည်းနည်းလေးရပြီး တစ်ထောင်တန်တွေ လျောခနဲလျောခနဲ လက်ထဲကနေထွက်သွားတာကိုကြည့်ပြီး လန့်လိုက်တာ၊ သွေးတက်လိုက်တာ။ နောက်တော့ ဘေးကနေ ဈေးခြင်းတောင်းပဲလိုက်ဆွဲပြီး ပါးစပ်အဟောင်းသားနဲ့ ဟင်း.. ဈေးကြီးလိုက်တာ.. ဟင်း... သူ့ဟာက ဟုတ်ရောဟုတ်လို့လား.. ဈေးလျှောက်အော်နေတယ်ထင်တယ်လို့ပဲ ရွတ်နေမိခဲ့ပါတယ်။ တကယ် ပိုက်ဆံ၁သိန်းဆို ၁လအသုံးမခံပါဘူး။ ဒါတောင် မီးဖိုချောင်စရိတ်ပဲရှိသေးတာ၊ ဒါတောင် ရွာမှာပဲရှိသေးတာ။ မြို့မှာနေသူတွေ၊ လက်လုပ်လက်စား၊ ပစ္စည်းမဲ့လူတန်းစားတွေက နေ့ရက်တွေကို ဘယ်လိုဖြတ်သန်းနေကြလဲဆိုတာ ကျွန်မ မတွေးရဲအောင်ပဲ။ တကယ်ဆို ကုန်ဈေးနှုန်းတွေကို ကျွန်မသိတဲ့၁၉၉၇ခုနှစ်မှာပဲ ရပ်တန့်ထားချင်ခဲ့တာ...
ဟုတ်ကဲ့.. ဟော်ဒီက ဆလပ်ရိုးသုပ်ပါနော်... အလုပ်က ညဆိုင်းနဲ့ နေ့ဆိုင်းပေါင်းသွားလို့ မနေ့ကစားခဲ့တာကို ဒီကနေ့မှ ရေးလိုက်ပါတယ်.. ဗိုက်ထဲက ဆလပ်ရိုးသုပ် ဘယ်ရောက်သွားပြီလဲတော့ မသိပါဘူး.. မြန်မာပြည်ကုန်ဈေးနှုန်းအကြောင်းပြောရင် ခေါင်းကိုက်တယ်.. .
Aye Chan Mon# Credit To : Nine Nine Sanay @ နိုင်းနိုင်းစနေ
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်

Post a Comment