0


No.370 Tuesday, May 6,2014
Author: ရန်မျိုးနိုင်
Location: ရန်ကုန်

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ကို အပြီးတိုင်ပြင်ဆင်နိုင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်းတို့က ပူးပေါင်းကော်မတီတစ်ရပ် ဖွဲ့စည်းလိုက်သည်။

၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်ငါးဦးနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဗဟိုအလုပ်အမှုဆောင်ငါးဦးတို့ဖြင့် ၂၀၀၈ခု နှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ကို ပြင်ဆင်ရန်အတွက် မေ လ ၅ ရက်တွင် ဗဟိုပူးပေါင်းကော်မတီ တစ်ရပ်ကို ဖွဲ့စည်းလိုက်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ပူးပေါင်းကော်မတီတွင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များဖြစ်ကြသော ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ဦးမြအေး၊ ဦးဂျင်မီ၊ ဦးပြုံးချိုတို့ ပါဝင်လာသည်။

‘‘ဒီကော်မတီက ပုဒ်မ ၄၃၆ ကို ပြင်မယ့် လုပ်ငန်းစဉ်တွေကို အဓိကထား ဆွေးနွေးပြီး ဆုံးဖြတ်ချက်ချမယ့် ဗဟိုကော်မတီပါ။ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို ချတဲ့အခါမှာ ဆွေးနွေးညှိနှိုင်းဖို့ ဖွဲ့ လိုက်တာပါ’’ဟု ပူပေါင်းကော်မတီအဖွဲ့ဝင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးထွန်းထွန်းဟိန်က ပြောသည်။

အခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ဟောပြောပွဲ နှင့် ပြည်သူလူထု လက်မှတ်ရေးထိုး ဆန္ဒဖော်ထုတ်ခြင်းကို တစ်နိုင်ငံလုံးတွင် ပြုလုပ်ရန်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်းတို့ ပူးပေါင်းလုပ်ဆောင်မည်လည်းဖြစ်သည်။

အခြေခံဥပဒေပြင်ဆင်နိုင်ရေးအတွက် ဆောင်ရွက်ရာတွင် အနယ်နယ်အရပ်ရပ်ရှိ ၈၈မျိုးဆက် ကွန်ရက်များနှင့် ချိတ်ဆက် လုပ်ဆောင်မည်ဖြစ်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်က မီဒီယာများအား ပြောကြားထားသည်။

ယခုလတတိယပတ်အတွင်း မန္တလေးတိုင်းတွင် ပြုလုပ်မည့် ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဆိုင်ရာ ဟောပြောပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များက ဟောပြောခြင်းများ ပြုလုပ်သွားရန် ရှိသည်။

ပုဒ်မ ၄၃၆သည် ဖွဲ့စည်းပုံအ ခြေခံဥပဒေတွင် ပါဝင်သော နိုင်ငံတော်သမ္မတ အရည်အချင်းသတ်မှတ်ချက်၊ တပ်မတော်၏ နိုင်ငံရေး အခန်းကဏ္ဍတွင် ဦးဆောင်မှုကို လျှော့ချရန်နှင့် ဒီမိုကရက်တစ်စံနှုန်းနှင့် မကိုက်ညီသောပုဒ်မများကို ပြင်ဆင်ရာတွင် လွှတ်တော်ထဲရှိ လွှတ်တော်အမတ်များ၏ ၇၅ ရာခိုင်နှုန်းကျော်က ထောက်ခံရမည်ဖြစ်ပြီးလူထုဆန္ဒခံယူပွဲလည်း ကျင်းပရမည်ဟု ဖော်ပြထားသော ပုဒ်မတစ်ခုဖြစ်သည်။

Aye Chan Mon# Credit To : 7Day News Journal
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်

Post a Comment

 
Top