ရန်ကုန်၊ မေ ၁၃
ယာဉ်ကြောပိတ်ဆို့မှုများ ပိုမိုဆိုးရွားလာသည့် ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နမိတ်အတွင်းတွင် အများပြည်သူကို မော်တော်ဆိုင်ကယ် စီးနင်းခွင့် မပေးသင့်ကြောင်း ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ JICA ၏ အပြီးသတ် အစီရင်ခံစာတွင် ဖော်ပြထားသည်။
ရန်ကုန် စည်ပင်နယ်နိမိတ်အတွင်း ဆိုင်ကယ်စီးနင်းခွင့် ပြုသင့် မပြုသင့်ကိစ္စနှင့် ပတ်သက်၍ မိသားစုပေါင်း တစ်သောင်းတစ်ထောင်ကို မေးမြန်းခဲ့ရာ အဆိုပါ မိသားစုများ၏ ၅၇ ရာခိုင်နှုန်းက စီးနင်းခွင့် မပေးသင့်ကြောင်း၊ ၁၆ ရာခိုင်နှုန်းက စီးနင်းခွင့် ပေးသင့်ကြောင်း၊ ၂၇ ရာခိုင်နှုန်းက မသိဟု ဖြေဆိုကြောင်း စစ်တမ်းရလဒ်ကို JICA ၏ ရန်ကုန်မြို့ပြ သယ်ယူပို့ဆောင်ရေး အစီအစဉ် ရေးဆွဲရေး အဖွဲ့ခေါင်းဆောင် Mr. TaKashi Shoyoma က ပြောကြားသည်။
မေလ ၁၂ ရက်နေ့က ရန်ကုန်မြို့ Asia Plaza တွင်ပြုလုပ်သည့် Urban Transport Master Plan အပြီးသတ် အစီရင်ခံစာ ထုတ်ပြန်ပွဲတွင် ၎င်းက မီဒီယာများသို့ ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
“မေးခွန်းက ‘လက်ရှိဆိုင်ကယ် စီးနင်းခွင့် ကန့်သတ်ထားတာကို ဘယ်လိုမြင်လဲ။ ဆက်ပြီး ပိတ်ပင်ထားသင့်လား’ အဖြေက ‘သင့်တယ်၊ မသင့်ဘူး၊ မသိဘူး’ ဖြေရုံဘဲ။ ကျွန်တော့် အမြင်ကတော့ လက်ရှိအချိန်မှာ ဆိုင်ကယ်စီးနင်းခွင့် ပေးလိုက်ရင် အခြားလမ်း အသုံးပြုသူတွေအတွက် အနှောင့်အယှက် ဖြစ်သွားနိုင်တယ်” ဟု ၎င်းကဆိုသည်။
ဆိုင်ကယ်စီးနင်းခွင့် ကန့်သတ်နယ်မြေတွင် ဖမ်းဆီးမှုများ ရှိနေသည်ဟု ဆိုသော်လည်း ကားလမ်းပေါ်တွင် ဆိုင်ကယ် စီးနင်းမှုများ တွေ့နေရကြောင်း အငှားယာဉ်မောင်းဖြစ်သူ ဦးဇော်မျိုးက ဆိုသည်။
“စီးခွင့်မရှိဘဲ ခိုးစီးတော့ လမ်းပေါ်မှာ ဖြည်းဖြည်းသက်သာ မစီးဘူး။ အရမ်းမောင်းတယ်။ ဌာနဆိုင်ရာ ဝန်ထမ်းတွေကလဲ ဆိုင်ကယ်စီးခွင့်ကို တလွဲသုံးနေကြတယ်။ ဦးချစ်မောင်လမ်းက ဘဏ်တစ်ခုမှာ အလုပ်လုပ်နေတဲ့ အမျိုးသမီး တစ်ယောက်ကို ရဲဝတ်စုံအပြည့်နဲ့ ဆိုင်ကယ်ပေါ်တင်စီးပြီး ကြိုပို့လုပ်နေတာတွေ ရှိတယ်။ မယုံရင် မနက်ပိုင်း တာမွေအဝိုင်းကနေ စောင့်ကြည့်” ဟု ၎င်းကဆိုသည်။
ဆိုင်ကယ်စီးနင်းခွင့် မရှိသည့် ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်း ယခုနှစ် ဧပြီလတွင် ဆိုင်ကယ် ဖမ်းဆီးရမိမှု စုစုပေါင်း အစီးရေ ၄၀၀ ရှိပြီး ၄၇ စီးမှာ လိုင်စင်မဲ့ ဖြစ်ကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။
Aye Chan Mon# Credit To :The Voice Weekly
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်
Post a Comment